CNI International News

ဘန်ကောက်၊ စက်တင်ဘာ ၂၄

ထိုင်းနိုင်ငံတွင် အောက်တိုဘာ ၁ ရက်မှစပြီး တစ်နေ့လျှင် အနိမ့်ဆုံးလုပ်ခအဖြစ် ဘတ် ၄၀၀ (၁၂ ဒသမ ၁၅ ဒေါ်လာ) အထိ တိုးမြှင့်ပေးမည့် အစီအစဉ်ကို သီတင်း ၂ ပတ်ကြာ ရွှေ့ဆိုင်းမည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

ထိုအစီအစဉ်နှင့်ပတ်သက်ပြီး ဖွဲ့စည်းထားသည့် ကော်မတီအစည်းအဝေးတွင် လိုအပ်သည့် ထောက်ခံမှု မရရှိခဲ့ သဖြင့် ထိုကဲ့သို့ ရွှေ့ဆိုင်းရခြင်းဖြစ်ကြောင်း ထိပ်သီး အလုပ်သမားရေးရာ အရာရှိတစ်ဦးက စက်တင်ဘာ ၂၃ ရက် ၌ ပြောကြားခဲ့သည်။

အလုပ်ရှင်များ၊ အလုပ်သမားများနှင့် အစိုးရအဖွဲ့၏ ကိုယ်စားလှယ်များ ပါဝင်သည့် ထိုကော်မတီသည် တစ်နေ့ လျှင် အနိမ့်ဆုံးလုပ်ခ မြှင့်တင်ရေးနှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့သည့် ယခင်အစည်းအဝေး နှစ်ကြိမ်တွင်လည်း လိုအပ်သည့် ထောက်ခံမှုမရခဲ့ကြောင်း အလုပ်သမားရေးရာဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန် ပိုင်ရော့ချ် ချိုတီကာဆာသီယမ် (Pairoj Chotikasathien) က ပြောကြားခဲ့သည်။

"ကျနော်တို့ ဒီအစဉ်အစဉ်ကို တတ်နိုင်သမျှအမြန်ဆုံး ဆက်လက် ဆောင်ရွက်သွားမှာပါ" ဟု ၎င်းက ပြောကြားခဲ့ သည်။

ထိုအစီအစဉ်ကို အလုပ်သမားအင်အား ၂၀၀ ကျော်ရှိသည့် စီးပွားရေး လုပ်ငန်းများအတွက်သာ ပြဋ္ဌာန်းသွားမည်ဟု ပိုင်ရော့ချ်က ပြောသည်။

ထိုင်းအလုပ်သမားရေးရာဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန် ပိုင်ရော့ချ် ချိုတီကာဆာသီယမ်ကို တွေ့ရစဉ်

ဖြူထိုင်းပါတီ၏ မဲဆွယ်စည်းရုံးချိန်ကာလက ကတိကဝတ်ကြောင့် လက်ရှိတွင် တစ်နေ့ အနိမ့်ဆုံးလုပ်ခကို ဘတ် ၃၃၀ မှ ၃၇၀ အထိ တိုးမြှင့်ပေးထားပြီး ၂၀၂၇ ခုနှစ်လျှင် တစ်နေ့ အနိမ့်ဆုံးလုပ်ခကို ဘတ် ၆၀၀ အထိ တိုးမြှင့် ပေးမည်ဟု ဖြူးထိုင်းပါတီက ကတိပြုခဲ့သည်။

အနိမ့်ဆုံး လုပ်ခလစာ မြှင့်တင်ရေး အစီအစဉ်သည် အရှေ့တောင်အာရှ၏ ဒုတိယ စီးပွားရေး အင်အားအကြီးဆုံး နိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံတွင် ဖွံ့ဖြိုးတိုးတက်မှုများကို မြင့်တက်စေရန် အစိုးရ၏ ရည်မှန်းချက်များထဲမှ တစ်စိတ် တစ်ပိုင်းဖြစ်သည်။

အစိုးရသည် ထိုင်းလူမျိုးများကို တစ်ဦးလျှင် ဘတ် ၁၀,၀၀၀ စီ ထောက်ပံ့ပေးမည့် ဘတ် ၄၅၀ ဘီလျံ တန်ကြေးရှိ ဒစ်ဂျစ်တယ်ငွေကြေး ထောက်ပံ့မှု အစီအစဉ်လည်းရှိနေသည်။

ထိုအစီအစဉ်၏ ပထမအဆင့်ကို ယခုလ မကုန်မီ စတင်ဖော်ဆောင်သွားမည်ဖြစ်သည်။

ထိုင်းဗဟိုဘဏ်ကမူ ယခုနှစ်အတွင်း ထိုင်း၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုသည် ၂ ဒသမ ၉ ရာခိုင်နှုန်း ရှိလိမ့်မည်ဟု မျှော်မှန်းထားသည်။

အဆိုပါ နှုန်းထားသည် ၂၀၂၃ ခုနှစ်က စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်း ၁ ဒသမ ၉ ရာခိုင်နှုန်းမှ မြင့်တက်လာခြင်း ဖြစ်သည်။

Source: ရိုက်တာ