CNI News

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၄

ထိုင်းနိုင်ငံအတွင်းရှိ မြန်မာရွှေ့ပြောင်းများ ထွက်သွားကြရန် ထိုင်းနိုင်ငံသားအချို့သည် ပြီးခဲ့သည့် စက်တင်ဘာ ၂၃ ရက်နေ့က ဘန်ကောက်ရှိ မြန်မာသံရုံးရှေ့တွင် ဆန္ဒပြခဲ့ကြသည်။

ထိုင်းနိုင်ငံအတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမားများ အလုံးအရင်းနှင့် ဝင်ရောက်လာမှုကို ကိုင်တွယ်ဖြေရှင်းပေး ရန်အတွက် ဆန္ဒပြခဲ့ကြခြင်းဖြစ်ပြီး ယခုကဲ့သို့ ဖြစ်စဉ်မျိုးသည် ထိုင်းနိုင်ငံအတွင်း ပထမဆုံးအကြိမ်ဖြစ်ကြောင်း ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်။

ထိုပြဿနာများ ဖြစ်ပေါ်လာခြင်းသည် ထိုင်းနိုင်ငံသားများကိုသာ လုပ်ကိုင်ခွင့်ပေးထားသည့် အလုပ်များကို လုပ်ပိုင်ခွင့်မရှိသော မြန်မာနိုင်ငံသားများမှ ဝင်ရောက်လုပ်ကိုင်လာခြင်း ပိုမိုများပြားလာခြင်းကြောင့်ဖြစ်ကြောင်း ၎င်းက ပြောသည်။

မြန်မာသံရုံးရှေ့မှာ ထိုင်းနိုင်ငံသားများ ဆန္ဒပြနေကြစဉ်

ဦးမင်းဦးက “အဓိကကတော့ စာပေးတယ်ပေါ့။ သူတို့တောင်းဆိုချက်တွေပေါ့။ သံရုံးကို လာပေးတာပေါ့။ အဲဒီ အထဲမှာ ဘာတွေ အတိအကျ ရေးထားလဲဆိုတာကတော့ မဖော်ပြထားတော့ မသိရဘူး။ အဓိကကတော့ ဗမာတွေ ပြန်သွားတို့ဘာတို့ ဒါတွေ အဓိကပါတာပေါ့။ သူတို့အလုပ်တွေကို ဗမာတွေက လုတယ်ဆိုတဲ့ ဟာမျိုးတွေပေါ့။ ဟိုးလွန်ခဲ့တဲ့ ၂ ပတ်လောက်ကတည်းက ကြေညာချက် ထုတ်ထားတယ်။ အဲဒီလို ဆန္ဒထုတ်ဖော်တာ လုပ်မယ်ဆို ပြီး။ ပြောရမယ်ဆိုရင် သူတို့သတ်မှတ်ထားတဲ့ ကန့်သတ်ထားတဲ့ အလုပ်တွေကို လုပ်ကိုင်တယ်ဆိုပေမယ့် ဥပမာ ဈေးလေးဘာလေးရောင်းတယ် အဲဒီလိုလူတွေအတွက်တော့ ထိခိုက်မှုရှိတာပေါ့။ အထူးသဖြင့် သူတို့က အဓိကက အဲဒါကိုထောက်ပြပြီးတော့ ထိုင်းတွေလုပ်ရမယ့် အလုပ်ကို ဗမာတွေ ဝင်လုပ်နေတာတွေကို ထောက်ပြပြီး ဖြစ် တာ။ ဘာလို့ဆို အွန်လိုင်းတွေမှာလည်း ကျယ်ကျယ်ပြန့်ပြန့် တကယ့်တရားဝင်တွေလို ကြော်ငြာ၊ ကြော်ငြာပြီး တော့ ဘာဝန်ဆောင်မှုပေးတယ်၊ ညာဝန်ဆောင်မှုပေးတယ် အဲဒါတွေက လုပ်ခွင့်မှမရှိတာ” ဟု ပြောသည်။

ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်းအလုပ်သမားအဖြစ် ရောက်ရှိလာသူများသာမက အခြားအထောက်အထားများဖြင့် လာရောက်နေထိုင်သူများက တားမြစ်ထားသည့် အလုပ်အကိုင်များကို လုပ်ကိုင်ကာ ဝင်ငွေရှာနေကြခြင်း ဖြစ်သည်။

မြန်မာနိုင်ငံသားများအနေဖြင့် လုပ်ကိုင်ခွင့်မရှိသည့် အလုပ်များကို လုပ်ကိုင်ကြခြင်းသည် ပြီးခဲ့သည့် နှစ်မှစတင် ကာ လက်ရှိအထိ ပိုမိုများပြားလာကြောင်း၊ ၎င်းအား မကျေနပ်သဖြင့် ထိုင်းနိုင်ငံသားများမှ တိုင်ကြားခြင်းများရှိ ကြောင်း သိရသည်။

ယခုကဲ့သို့ ပြဿနာများ ဖြစ်ပေါ်လာရခြင်းမှာ မြန်မာနိုင်ငံသားများ၏ စည်းကမ်းမရှိမှုများကြောင့် ဖြစ်သည်ဟု အလုပ်သမားအခွင့်အရေးဖောင်ဒေးရှင်း LRF မှ ဦးအောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

ထိုင်းရှိ မြန်မာသံရုံးကို တွေ့ရစဉ်

၎င်းက “အဓိကစခဲ့ပြဿနာက ကျနော်တို့လူတွေ ကျနော်တို့ နိုင်ငံသားတွေက စခဲ့တဲ့ပြဿနာ၊ နေတာထိုင်တာ သွားတာလာတာ အားလုံးက အစစအရာရာ ဆင်ခြင်နေထိုင် သွားလာပြောဆိုရမယ်။ နောက်တစ်ခါ ထိုင်းအစိုးရ က လုပ်သင့်သော အလုပ်များ၊ မလုပ်သင့်သော အလုပ်များပြီးမှ ဥပဒေမှာ တိတိကျကျ ပြဋ္ဌာန်းထားတာရှိပါတယ်။ ကျနော်တို့နိုင်ငံသားတွေ ကလည်း စီးပွားဥစ္စာ အမြန်ဖွံ့ဖြိုးတိုးတက်လိုတဲ့ဆန္ဒနဲ့ ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းအရ ဥပဒေအရ ခွင့်ပြု ထားတဲ့ လုပ်ငန်းအမျိုးအစားအပြင် ကျော်လွန်ပြီးမှ တားမြစ်ထားတဲ့ အလုပ်တွေကို လိုက်လုပ်တာကအစ တချို့ ဆယ်စုနှစ်လောက်ရှိပြီ မသိကျေးကျွန် ပြုထားတာတွေ။ တားမြစ်ထားတဲ့ အလုပ်လည်း မလုပ်နဲ့ဆို လုပ်နေတာ တွေရှိတယ် သိုသိုသိပ်သိပ် နေတဲ့အခါမှာ သူတို့က ပြဿနာ မရှာဘူး။ အခုက ကျနော်တို့ လူမျိုးတွေဘက်က လည်း အကြွားအဝါသန်တာတို့ ဘာတို့ကိစ္စတွေလည်း ပါတယ်” ဟု ပြောသည်။

ထိုင်းရှိ မြန်မာသံရုံးကို လာရောက် ဆန္ဒပြကြသူဦးရေမှာ အနည်းငယ်သာရှိသဖြင့် နိုင်ငံရေးအရ အတိုက်အခံပါတီ များမှ လုပ်ဆောင်ခြင်း မဖြစ်နိုင်ကြောင်း၊ အစွန်းရောက် အမျိုးသားအရေး အဖွဲ့အစည်းများမှ လုပ်ကိုင်ခြင်းဖြစ် ကြောင်းလည်း ၎င်းတို့က သုံးသပ်သည်။

ထို့ကြောင့် ထိုင်းရှိ မြန်မာရွှေ့ပြောင်းများ အနေဖြင့် ယခုကာလအတွင်း ယခင်ထက် ပိုမိုသတိပြုနေထိုင် သွားလာ အလုပ်လုပ်ကိုင်ကြရန်လည်း အလုပ်သမားအရေး ဆောင်ရွက်သူများက အကြံပြုသည်။