CNI News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈

ထိုင်းနိုင်ငံရှိ မြန်မာသံရုံးမှ နိုင်ငံကူးလက်မှတ် အသစ်ပြုလုပ်ပါက စာအုပ်ကြေးအဖြစ် ဘတ်ငွေ ၁၂၅၀ သို့ တိုးမြှင့် လိုက်ခြင်းကြောင့် မြန်မာလုပ်သားများအတွက် ပွဲစားများ၏ ဈေးနှုန်းပါ ပို၍ တိုးလာနိုင်ကြောင်း ထိုင်းရှိ အလုပ် သမားအရေး ဆောင်ရွက်သူများက CNI သတင်းဌာနသို့ ပြောသည်။

မတ်လ ၁ ရက်နေ့မှ စတင်ကာ နိုင်ငံကူးလက်မှတ် စာအုပ်အသစ် ပြုလုပ်မည့် မြန်မာနိုင်ငံသားများအနေဖြင့် စာအုပ်ကြေး ယခင် ဘတ်ငွေ ၈၀၀ အစား ဘတ်ငွေ ၁၂၅၀ သို့ ပြောင်းလဲ သတ်မှတ်လိုက်ခြင်းဖြစ်ပြီး OWIC ကဒ်ဖိုး ဘတ်ငွေ ၂၅၀ အပါအဝင် စုစုပေါင်း ဘတ်ငွေ ၁၅၀၀ အား သက်ဆိုင်ရာ ဘဏ်စာရင်းသို့ ပေးသွင်းရမည် ဖြစ် ကြောင်း ဘန်ကောက်ရှိ မြန်မာသံရုံးက ထုတ်ပြန်ထားခြင်းဖြစ်သည်။

သံရုံးမှ တိုးမြှင့်လိုက်သည့် နှုန်းထားမှာ ဘတ်ငွေ ၄၀၀ ကျော်သာ ရှိသော်လည်း ပွဲစားများမှ တိုးသွားမည့် ဈေးနှုန်း ထားမှာ ထိုပမာဏထက် များပြားနိုင်ကြောင်း FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်။

မြန်မာအလုပ်သမားများကိုတွေ့ရစဉ်

၎င်းက “တကယ့်တကယ် ကြည့်လိုက်ရင် ပိုက်ဆံက ၄၀၀ ကျော်လောက်တောင် တင်တယ်ဆိုတာကတော့ နည်း နည်း များတာပေါ့။ ဒါပေမယ့် အလုပ်သမားတွေ အနေနဲ့ကတော့ ၄၀၀ ကျော်တင်လည်း မဖြစ်မနေ ရမယ်ဆိုရင် လုပ်ရမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ပွဲစားခကြီးပဲ သူတို့က ကြားထဲမှာ ပေးထားတာ ဒီထက် အဆပေါင်းများစွာ ပေးထားတာလေ။ ၄၀၀ တိုးတောင်းတယ်ဆိုရင် ဒီဘက်က ပွဲစားက ဒီဘက်ကိုတခါ ထပ်ပြီးတော့ တိုးတောင်း လိမ့်မယ်။ အဲဒါမှာ ၄၀၀ ထက်ပိုပြီး တိုးတောင်းရင် တောင်းမှာ အလုပ်သမားတွေ ဆီကနေလေ။ ပြောရမယ် ဆိုရင် အလုပ်သမားတွေအတွက် နည်းနည်းဝန်ထပ်ပြီးတော့ ပိမှာပေါ့လေ။ အလုပ်သမားတွေအနေနဲ့ ၁၅၀၀ ဆိုလည်း ပစ်လုပ်လိုက်မှာပဲ။ လုပ်နိုင်တယ်။ လုပ်နိုင်တယ်ဆိုတာ ပိုက်ဆံရှိလို့တော့ မဟုတ်ဘူး။ ရှာပြီးတော့ လုပ်ရတာပေါ့။ ဒါပေမယ့် တကယ်ပေးရတဲ့ နှုန်းက နည်းတာ မဟုတ်ဘူး။ ဥပမာ ကျနော်တို့ နယ်စပ်ကနေပြီး စာအုပ်သွားလုပ်တဲ့ လူတွေဆိုရင် သူတို့ကိုယ်တိုင်လည်း သွားလုပ်လို့မရဘူး။ အလုပ်ရှင်တွေကလည်း မလုပ်ပေးဘူး။ အဲဒီအခါကျ တော့ ပွဲစားနဲ့ပဲ သွားရတယ်။ သွားတဲ့အခါမှာ ပွဲစားကနေ ရက်ချိန်းယူမယ်။ သူတို့ သတ်မှတ်တဲ့ရက် ရောက်ရင် ကားနဲ့ခေါ်ပြီး သွားတယ်။ ကျန်တဲ့ OWIC လုပ်ရမယ်ဆိုလည်း အဲဒါအပါ ဈေးနှုန်းတော့ သူတို့ကွဲမှာပေါ့။ ဒါပေမယ့် အဲဒါကိုပဲ ပေးရတာက ၈၀၀၀၊ ၉၀၀၀ (ဘတ်ငွေ)။ တချို့ ဝေးတဲ့ နေရာတွေဆို သောင်းနဲ့ချီပြီး ပေးရတယ်။ ဒါ စာအုပ်ရရုံ သက်သက်ပဲနော်” ဟု ပြောသည်။

ယခုကဲ့သို့ နိုင်ငံကူးလက်မှတ် စာအုပ်ကြေးအား တိုးမြှင့်ကောက်ခံလိုက်ပါက တစ်ရက်လျှင် စာအုပ်ထုတ်ပေး သည့် နှုန်းထားအားလည်း တိုးမြှင့်၍ ထုတ်ပေးသင့်ကြောင်း၊ ထိုသို့ တိုးမြှင့်ထုတ်ပေးပါက မြန်မာရွှေ့ပြောင်း လုပ်သားများအတွက် ပို၍ အဆင်ပြေမည်ဖြစ်ကြောင်း ထိုင်းရှိ အလုပ်သမားအရေး ဆောင်ရွက်သူများက အကြံပြုသည်။

ထို့အပြင် နိုင်ငံကူးလက်မှတ် စာအုပ်အသစ် ပြုလုပ်ရာတွင် OWIC ကဒ်ဖိုးပါ တစ်ပါတည်း ပေးရခြင်း ဖြစ်သော် လည်း ကဒ်အား ချက်ချင်း မပေးသည့်အပြင် အခြားနေရာတွင် ထိုကဒ်အား သွားရောက် ထုတ်ယူရသည့် အခက်အခဲများကို မြန်မာရွှေ့ပြောင်းလုပ်သားများမှာ ကြုံတွေ့နေကြရကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ ကိုသားကြီးက CNI သတင်းဌာနသို့ ပြောသည်။

ထိုင်းရှိ မြန်မာသံရုံးရှေ့မှာ ပတ်စပို့ထုတ်နေကြသူများကိုတွေ့ရစဉ်

၎င်းက “တစ်နေရာ ပိုက်ဆံရှင်း၊ နောက်တစ်နေရာ ကဒ်ပြားသွားထုတ်၊ ရက်ချိန်းတွေ ပေးလိုက်တယ်ဆိုတာ ဒါဟာ တစ်နည်းအားဖြင့် လုပ်စားတာပေါ့။ ဘာကြောင့်လဲဆိုတော့ OWIC ကဒ်က စမတ်ကဒ်က သူတို့ စက်တွေ ယူလာ ပြီးသား ဖြစ်တဲ့အတွက် အခုရိုက်ရင် အခုထုတ်ပေးလို့ ရတယ်။ ကုန်ကျစရိတ် ယူပြီးတော့မှ ချက်ချင်း ထုတ်ပေးရင် ရွှေ့ပြောင်း အလုပ်သမားတစ်ယောက်က သူ့ရဲ့ ခံစားမှု တစ်မျိုးသွားတာပေါ့။ အခုဟာက ဒီမှာ ပိုက်ဆံသွင်းလိုက် ပြီးတော့မှ သူတို့သတ်မှတ်ထားတဲ့ မဟာချိုင်ရုံးမှာ သွားထုတ်ရမယ်ဆိုတာကြီးက ကုန်ကျ စရိတ်တွေနဲ့ နောက် သွားထုတ်မယ့်ရက်မှာ အလုပ်နားလို့မရရင် ကြုံတွေ့ရမယ့် အခက်အခဲတွေ အများကြီးပဲ။ အလုပ်အကြောင်းမဲ့ နားလိုက်တယ်ဆိုရင်လည်း လုပ်အားခတွေ ဖြတ်ခံရတယ်။ အလုပ်သမား အများစုအတွက် ဒုက္ခရောက်တာပေါ့။ ဒါတွေဟာလည်း မဖြစ်သင့်တဲ့ ကိစ္စပေါ့။ လုပ်ထုံးလုပ်နည်းကိုက ပြောင်းပြန်တွေ ဖြစ်နေတာ သံရုံးကလေ” ဟု ပြောသည်။

စက်ရုံ၊ အလုပ်ရုံများနှင့် ဆောက်လုပ်ရေးကုမ္ပဏီကြီးများသို့ Mobile Team ဖြင့် လာရောက် အချက်အလက် ကောက်ယူထားသူများ အားလုံးသည် ၁၅၀၀ ဘတ် ပေးသွင်းရမည်ဖြစ်ကာ မတ်လ ဒုတိယအပတ်တွင် နိုင်ငံကူး လက်မှတ် စာအုပ်များအား ထုတ်ပေးသွားမည်ဖြစ်ကြောင်း သံရုံး၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

လက်ရှိတွင် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်နေ့၌ နိုင်ငံကူးလက်မှတ် သက်တမ်းကုန်မည့် မြန်မာနိုင်ငံသားများ အနေဖြင့် ဘန်ကောက်ရှိ မြန်မာသံရုံး၌ စနေနေ့တိုင်း ရက်ချိန်း လာရောက် ရယူနိုင်ကြောင်းလည်း သံရုံးမှ ထုတ်ပြန်ထားသည်။