CNI News

၂၀၂၃ ခုနှစ်၊ ဩဂုတ် ၂

မလေးရှားရှိ မြန်မာနိုင်ငံသားများသည် ပတ်စပို့နှင့် Work Permit များအား ပွဲစားများဖြင့် လျှောက်ထားရာ၌ အလိမ်ခံရမှုများ လတ်တလောတွင် များပြားလာကြောင်း မလေးရှားရောက် မြန်မာနိုင်ငံသားများက CNI သတင်း ဌာနသို့ ပြောသည်။

ထိုသို့ အလိမ်ခံရစဉ် ငွေကြေးလိမ်လည် ခံရခြင်းသာမက နိုင်ငံသားစိစစ်ရေး မှတ်ပုံတင်ကဒ်များပါ ဆုံးရှုံးသွားကြ ကြောင်း မလေးရှားတွင် မြန်မာနိုင်ငံသားများအရေး ကူညီဆောင်ရွက်ပေးနေသူ ဦးဘာဘူကြီး က CNI သတင်း ဌာနသို့ ပြောသည်။

၎င်းက “ဒီရက်ပိုင်းအတွင်းမှာတင် ပြောပြရမယ်ဆိုရင် အားလုံးသိအောင်ပေါ့နော်။ ဒီရက်ပိုင်း အတောအတွင်းမှာ ပါမစ်လုပ်ဖို့ ပွဲစားတွေနဲ့ အပ်တယ်။ နောက်ဆုံး ငွေလဲဆုံး၊ မှတ်ပုံတင်ပါ ပြန်မရတဲ့ ကလေးတွေလည်း အများကြီး ရှိပါတယ်။ အဲဒီတော့ အမှန်မှန်ကတော့ ဒီစာအုပ်ထုတ်ပေးတဲ့ ဌာနက ကောင်းကောင်း မွန်မွန်နဲ့ စည်းကမ်းတကျ လုပ်မယ်ဆိုရင် မဖြေရှင်းနိုင်စရာ အကြောင်းမရှိဘူးလို့ ကျနော်ထင်တယ်။ အထက်ကလည်း မထူးမခြားနားဆို တော့ ကျနော်တို့လည်း ဘာမှလုပ်လို့ မရဘူးပေါ့၊ တင်ပြလည်း အလကားပဲဆိုတော့။ အခုလက်ရှိ ဒီမှာရှိနေတဲ့ မြန်မာနိုင်ငံသားတွေက သူတို့က အမှန်လိုချင်ကြလို့ သူတို့မှာ တရားမဝင် ဖြစ်နေတော့ အမှန်ဖြစ်ချင်လို့ အဲဒီလို ပွဲစားတွေ ကိုယ့်မြန်မာနိုင်ငံသား ပွဲစားတွေကို အားကိုးပြီးတော့ ပါမစ်တွေလုပ်ကြ ဘာလုပ်ကြနဲ့ ပိုက်ဆံငွေကြေး လေး၊ ငါး၊ ခြောက်ထောင် (ရင်းဂစ်ငွေ) အဲဒီလိုမျိုး ပေးပြီးတော့ လုပ်ကြတယ်။ သို့ပေမယ့်လည်း လိမ်တဲ့ကောင် ကတော့ လိမ်သွားတာပဲ။ ဘာကြောင့်လိမ်ရလဲဆိုတော့ အခုအလိမ်ခံရတဲ့ ကလေးတွေက သူတို့တိုင်စရာ နေရာ မရှိဘူး။ သူတို့သွားတိုင်ရင် သူတို့အရင်ဆုံး ဒုက္ခရောက်မယ်။ ရဲစခန်းမှာသွား ဖွင့်မယ်ဆိုရင် သူတို့မှာ ဘာ အထောက်အထားမှ မရှိဘဲနဲ့ Overstay အမှုနဲ့ သူတို့အဖမ်းခံရပါလိမ့်မယ်။ အဲဒီတော့ ဒီပွဲစား မြန်မာ ပွဲစားတွေက ဒီအားနည်းချက်တွေကို သူတို့သိနေလို့ သူတို့လုပ်နေကြတာ။ ပြီးတော့သူတို့ ဒီပိုက်ဆံတွေနဲ့ပဲ ပိုင်ရာဆိုင်ရာတွေနဲ့ ပေါင်းပြီးတော့ လူမိုက်လိုလို၊ သူဋ္ဌေးလိုလို၊ ဂိုဏ်းစတားလိုလို အဲဒီလိုလုပ်နေကြတာပါ” ဟု ပြောသည်။

မလေးရှားနိုင်ငံကိုတွေ့ရစဉ်

အလုပ်လုပ်ခွင့်ပါမစ် အထောက်အထားများ ပြုလုပ်ရာတွင် သက်ဆိုင်ရာ အလုပ်ရှင် သူဋ္ဌေးရှိရန်လိုအပ်ကြောင်း၊ ၎င်း(သူဋ္ဌေး)၏ အာမခံ၊ လိုင်စင်၊ ဘဏ်အကောင့်၊ ငွေအဝင်/အထွက် စသည့် အထောက်အထား ပြည့်စုံမှသာ ရရှိခြင်းဖြစ်ကြောင်း သိရသည်။

သို့သော် အချို့အလုပ်ရှင်များသည် ၎င်းတို့အတွက် အလုပ်ပိုစေသောကြောင့် လိုက်လံ၍ လုပ်ဆောင်ပေးခြင်း မရှိ သဖြင့် မြန်မာနိုင်ငံသားများမှာ ပွဲစားများကိုသာ အပ်နှံပြီး လုပ်ဆောင်ကြခြင်းဖြစ်ကြောင်း သိရသည်။
ထို့အပြင် အထောက်အထားများ ပြုလုပ်ရာတွင်လည်း နိုင်ငံသားစိစစ်ရေး မှတ်ပုံတင်ကဒ် အပါအဝင် အခြား စာရွက်စာတမ်းများအား မူရင်းသာ အသုံးပြုရသောကြောင့် ပွဲစားများဖြင့် အပ်မည်ဆိုပါက သေချာ စုံစမ်းပြီးမှ အပ်သင့်ကြောင်း မလေးရှားတွင် မြန်မာများအရေး ကူညီဆောင်ရွက်ပေးနေသူ မွှားမိုက်ကယ်က CNI သတင်း ဌာနသို့ ပြောသည်။

 ပတ်စပို့ လျှောက်နေတဲ့ မြန်မာများကိုတွေ့ရစဉ်

“ဘာဖြစ်လို့လဲဆိုတော့ အများကြီး။ အခုကနည်းနည်းလေး စကားတတ်တယ်၊ နည်းနည်းလေး လည်ဝယ်လာရင် အေးဂျင့်လုပ်ဖို့ များနေတာလေ ကိုယ့်မြန်မာတွေက။ ကိုယ့်မြန်မာတွေကလည်း အေဂျင်စီ မပါဘဲနဲ့ ဘာအလုပ် တစ်ခုကိုမှ ပြီးမြောက်အောင် လုပ်နိုင်တယ်ဆိုတာ မရှိတဲ့အတွက် အဲဒီအေးဂျင့်တွေအတွက် အခွင့်အရေးတစ်ခု ရသလို ဖြစ်နေတာပေါ့။ အဲဒီအတွက် ကိုယ့်မြန်မာတွေကို အထူးသတိပေးချင်တာက ပါမစ်တို့၊ ပတ်စပို့တို့ လုပ် တော့မယ်ဆိုရင် ဒီအေဂျင်စီရဲ့ သမိုင်းကြောင်းပေါ့။ ပြီးသွားရင် သူကရော တကယ်လုပ်ပေးတာလား၊ ဈေး ပေါ ပေါနဲ့ လုပ်ပေးတာလား။ တိတိကျကျ မှန်မှန်ကန်ကန်နဲ့ ကျသင့်ငွေယူပြီး လုပ်ပေးတာလား သေချာလေး စုံစမ်းပြီး တော့မှ လုပ်စေချင်တယ်ပေါ့။ ပွဲစား မသုံးချင်ဘူးဆိုရင် မိမိကိုယ်တိုင် လက်ရှိလုပ်နေတဲ့ သူဋ္ဌေးကိုယ်တိုင် တာဝန် ယူမှု တာဝန်ခံမှု ရှိရှိနဲ့ လ.ဝ.ကအထိ လိုက်လုပ်ပေးမယ်ဆိုရင် ပွဲစား၊ အေးဂျင့်မလိုဘူး။ သူဋ္ဌေးနဲ့ အလုပ်သမားနဲ့ နှစ်ဦးနှစ်ဖက် အဆင်ပြေရင် ဒီပါမစ်က ထွက်လာတာ။ အခုက ကြားထဲက သူဋ္ဌေးတွေကလည်း အဲဒီလောက်ထိ အောင် ခေါင်းရှုပ်မခံဘဲနဲ့ လ.ဝ.က ကို မသွားချင်တာမျိုးတို့ အဲဒီလိုမျိုး ကြရင်သာ အေးဂျင့်၊ ပွဲစားတို့က ကြားခံဝင် ရတာ” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် မလေးရှားနိုင်ငံ၌ အထောက်အထားမရှိသည့် သူများအား အလုပ်ခန့်အပ်ခြင်း မပြုကြတော့သဖြင့် အလုပ်အကိုင် ရှားပါးမှုနှင့် ကြုံတွေ့နေရကြောင်း သိရသည်။

အလုပ်လုပ်ခွင့်ပါမစ် မရှိသော်လည်း နိုင်ငံကူးလက်မှတ်စာအုပ် ရှိမှသာလျှင် စက်ရုံ၊ အလုပ်ရုံများမှ အလုပ်ပေး ကြသည့်အတွက်ကြောင့် အထောက်အထား စာရွက်စာတမ်းများအား မဖြစ်မနေ ပြုလုပ်နေရခြင်း ဖြစ်ကြောင်း လည်း သိရသည်။