CNI News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၃၁

မြန်မာနိုင်ငံတွင် ငွေကြေးဖောင်းပွမှုအပြင် အခြေခံကုန်ဈေးနှုန်း ပိုမိုကြီးမြင့်သည့် အကျပ်အတည်းများအား လာမည့် ၂၀၂၄ ခုနှစ်အထိ ရင်ဆိုင်နေရဦးမည်ဆိုပါက ပြည်ပထွက်ခွာမှုနှုန်း ပိုမိုများပြား လာနိုင်ကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်သူများက CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိတွင် ငွေကြေးဖောင်းပွမှုကြောင့် နိုင်ငံခြားငွေဈေးနှုန်း တိုးမြင့်လာကာ အခြေခံ ကုန်ဈေးနှုန်းများမှာလည်း ကျသွားခြင်းမရှိဘဲ မြင့်တက်သည့် အနေအထားသာ ဖြစ်နေသောကြောင့် လာမည့် ၂၀၂၄ ခုနှစ်တွင် စားဝတ်နေ ရေးအတွက် တရားဝင်သာမက တရားမဝင် လမ်းကြောင်းဖြင့်ပါ ပြည်ပထွက်ခွာမှုနှုန်းထား ပိုမို များလာနိုင်သည်ဟု ၎င်းတို့က သုံးသပ်ကြသည်။

 ရန်ကုန်မြို့တွင်း တစ်နေရာကို တွေ့ရစဉ်

ရွှေ့ပြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ ကိုသားကြီးက “ထိုင်းနိုင်ငံ အပါအဝင် တခြားနိုင်ငံ တွေဆိုတဲ့နေရာမှာ ထိုင်းနိုင်ငံမှာကြတော့ ပညာအရည်အချင်း မလိုအပ်ဘဲနဲ့ တစ်စုံတစ်ရာ သင်တန်းမတက်ရင် လည်း ခိုးဝင်လာပြီးတော့ ထိုင်းမှာ မှီခိုပြီးတော့ အလုပ်လုပ်လို့ရတာ ဖြစ်တဲ့အတွက် တခြားနိုင်ငံတွေကို သွားတဲ့ နေရာမှာတော့ တစ်စုံတစ်ရာ ဘာသာစကားကို သင်တန်းတက်တာမျိုးတွေ၊ လုပ်ငန်းပိုင်းဆိုင်ရာတွေ သင်တန်း တက်တာမျိုးတွေ ဒါမျိုးတွေလုပ်ပြီးတော့မှ နိုင်ငံကူးလက်မှတ်ရှိမှ သွားလို့ ရတာမျိုးတွေရှိတယ်။ ဥပမာ ဂျပန်တို့၊ ကိုရီးယားတို့၊ ဒူဘိုင်းတို့ ဆိုလို့ရှိရင် ခိုးဝင်လို့ မလွယ်ဘူး။ ထိုင်းနဲ့ မလေးရှားဆိုရင် ခိုးဝင်လို့ရတယ်။ မလေးရှား ဆိုရင်တော့ ခိုးဝင်ရတာ ခက်သေးတယ်။ အဲဒီတော့ အိမ်နီးချင်း နိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံထဲမှာကြ ခိုးဝင်လို့ကလည်း ရတာဖြစ်တဲ့အတွက် အများစုကတော့ ဒီ ၂၀၂၃ နှစ်ကုန်ခါစနဲ့ ၂၀၂၄ အထိကိုတော့ ထိုင်းနိုင်ငံထဲမှာ ဆက်လက်ပြီး တော့ ပိုမိုခိုးဝင်လာနိုင်စရာ အကြောင်းရှိတယ်” ဟု ပြောသည်။
ပြည်တွင်း၌ အခြေခံ ကုန်ဈေးနှုန်းကြီးမြင့်မှုအပြင် အလုပ်အကိုင်ရှားပါးခြင်း၊ လုပ်ခလစာဝင်ငွေ နည်းပါးခြင်းတို့ ကြောင့် ပြည်ပထွက်ခွာသူဦးရေ များပြားလာသည်နှင့်အမျှ ပြည်တွင်း၌လည်း လုပ်သားရှားပါးမှု ပြဿနာအား တစ်ချိန်ချိန်တွင် ကြုံတွေ့လာနိုင်ကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်သူများက သုံးသပ်ကြ သည်။

လက်ရှိတွင် ထိုင်းနိုင်ငံ အပါအဝင် အခြားသော ပြည်ပနိုင်ငံများ၌ မြန်မာလုပ်သားများအား တရားဝင် ခေါ်ယူလျက် ရှိသော်လည်း မလေးရှားနိုင်ငံအနေဖြင့် မြန်မာလုပ်သားအသစ် ခေါ်ယူမှုများမရှိသေးကြောင်း သိရသည်။

ထိုသို့ တရားဝင်လုပ်သား ခေါ်ယူမှုမရှိသည့် ပြဿနာအား လက်ရှိအုပ်ချုပ်နေသော သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများအနေဖြင့် သွားရောက်ညှိနှိုင်း ဆွေးနွေးခြင်းမျိုး တစ်စုံတစ်ရာ မတွေ့ရကြောင်း သိရသည်။

 ထိုင်းမှာ တွေ့ရသည့် ရွှေ့ပြောင်းလုပ်သားများ

ထို့ကြောင့် တရားမဝင် ခိုးဝင်မှုများသည် ယခုကာလတွင်လည်း အများအပြားရှိနေပြီး နောင်တွင်လည်း ပို၍ များပြားလာနိုင်ကြောင်း မလေးရှားတွင် မြန်မာနိုင်ငံသားများ အရေးကူညီပေးနေသူ ဦးဘာဘူကြီးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “လက်ရှိ အခြေအနေ အရဆိုရင်တော့ ကျနော်တို့ မြန်မာပြည်ကြီးက ကျနော့်အမြင်မှာဆို ပိုပြီးခက်ခဲသွားဖို့ ပဲ ရှိတယ်။ ခက်ခဲလာမှုနဲ့အတူ လုပ်စားကိုင်စားလို့ မရတာတွေ၊ နေထိုင်လို့ မရတော့တာတွေကြောင့် လာကြမှာပဲ။ သူတို့ကတော့ နောက်ဆုံး တရားဝင် သွားလို့မရတော့ မဖြစ်မနေ ဒီအောက်လမ်းကနေပဲ အနီးစပ်ဆုံး ထိုင်း၊ မလေးရှား ဒါတွေပဲ သူတို့လာကြမှာပဲ။ ဒီအခြေအနေမျိုးမှာ ပြောင်းလဲမှု မရှိလို့ရှိရင်တော့ ဆက်ရှိနေဦးမှာပဲ။ အစိုးရလား မစိုးရလားတော့မသိဘူး သူတို့အုပ်ချုပ်နေသရွေ့ကတော့ ၂ နှစ်ကျော်ခဲ့ပြီ။ သူတို့ထိန်းချုပ်မှု ဆိုတာ လည်း ဘာမှ လုပ်မနေ(ပေး)နိုင်တဲ့ အနေအထားမျိုးမှာ ဘယ်လိုလုပ်ပြီးတော့ လျော့ကျမှာလဲ။ ပြောင်းလဲမှုတစ်ခု ကတော့ ရှိရမှာပဲ။ မရှိလို့ကတော့ အခုဆိုရင် ကျနော်အမြင်ပေါ့နော် တချို့နေရာဒေသတွေမှာ ကြားနေရတာပဲ။ တောင်ယာတို့၊ လယ်တို့ လုပ်စားဖို့တောင် အဆင်မပြေတဲ့ အနေအထားမျိုးမှာ မကြာပါဘူး ကျနော်တို့နိုင်ငံ။ စိတ်ထဲတော့ မကောင်းပါဘူး ပြောရတာ။ ဒါပေမယ့် မဖြစ်ချင်ပေမယ့် ဖြစ်လာမှာကိုတော့ ကြိုမြင်နေရတယ် ငတ်မွတ်ခေါင်းပါးမှုတွေ ဖြစ်လာမှာပဲ” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်မှ စတင်ကာ အခြေခံကုန်ဈေးနှုန်း အပါအဝင် အရာအားလုံးမှာ ဈေးမြင့်တက်လျက်ရှိ နေရာမှ ယနေ့ (ဇူလိုင် ၃၁ ရက်)တွင် ငွေစက္ကူ နှစ်သောင်းကျပ်တန် ထုတ်ဝေမည့် ကိစ္စကြောင့် အခြေခံကုန် ဈေးနှုန်းများပါ ပိုမိုဈေးမြင့်တက် သွားခြင်းအား မြင်တွေ့ရသည်။

ထို့ကြောင့် အခြေခံကုန်ဈေးနှုန်း ကြီးမြင့်ခြင်းအား သက်ဆိုင်ရာ အုပ်ချုပ်သူများမှ မထိန်းချုပ်နိုင်ပါက ပြည်ပ ထွက်ခွာမှု များပြားလာခြင်းသာမက ပြည်တွင်း၌ ခိုးဆိုးလုယက်မှုများလည်း ပေါများလာနိုင်ကြောင်း ရွှေ့ပြောင်း အလုပ်သမားအရေး ကူညီ ဆောင်ရွက်သူများက ပြောသည်။