CNI News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၄

တောင်ကိုရီးယားနိုင်ငံတွင် စက်တင်ဘာလမှ စတင်ကာ မြန်မာအပါအဝင် နိုင်ငံခြားသားလုပ်သားများအား ဒေသ ကျော်လွန် လုပ်ကိုင်ခွင့် ကန့်သတ်သည့် မူဝါဒအား ကျင့်သုံးမည်ဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံတွင် ရွှေ့ပြောင်းလုပ်သားအရေး ဆောင်ရွက်ပေးနေသူများထံက သိရသည်။

ယခင်က တောင်ကိုရီးယားနိုင်ငံရှိ နိုင်ငံခြားသားလုပ်သားများအနေဖြင့် အချက်အလက်များ ကိုက်ညီပါက ဒေသမရွေး အလုပ်အကိုင်နှင့် လုပ်ငန်းခွင်ပြောင်းရွှေ့လုပ်ကိုင်ခွင့် ရရှိကြခြင်းဖြစ်သည်။

သို့သော် လုပ်သားအများစုသည် မြို့ကြီးများတွင်သာ အလုပ်ထပ်မံရှာဖွေလုပ်ကိုင်ကြပြီး ဝေးလံခေါင်ဖျားသည့် ဒေသမှ အလုပ်ရုံများတွင် လုပ်သားမလုံလောက်မှုအခက်အခဲများ ကြုံတွေ့ရသောကြောင့် ယခုကဲ့သို့ ကန့်သတ် လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ စက်တင်ဘာလတွင် စတင်မည့် ဒေသကျော်လွန် လုပ်ကိုင်ခွင့် ကန့်သတ်ခြင်းသည် မြန်မာအပါ နိုင်ငံခြား သားလုပ်သားများအတွက် အခက်အခဲဖြစ်စေကြောင်း ဘူဆန်မြို့ရှိ အလုပ်သမား ရွှေ့ပြောင်းနေထိုင်သူများ ကူညီထောက်ပံ့ရေးစင်တာမှ တာဝန်ခံ ကိုခန့်နေကြည်က CNI သတင်းဌာနသို့ ပြောသည်။

ဆိုးလ်မြို့က လူစည်ကားတဲ့ မြေအောက်ဘူတာရုံတစ်ရုံ

“အလုပ်ပြောင်းရွှေ့တဲ့အခါမှာ အရင်တုန်းကဆိုရင်တော့ စက်ရုံပြောင်းရွှေ့တဲ့ကိစ္စ ကန့်သတ်ထားတယ် ဆိုပေမယ့် အချက်အလက်နဲ့ကိုက်ညီရင် ပြောင်းရွှေ့ခွင့်ရှိတယ်။နောက် အလုပ်ရှင်က ခွင့်ပြုရင် အလုပ်ပြောင်းခွင့်ရှိတယ် ၃ နှစ်အတွင်းမှာ ၃ ကြိမ်။ ဒီလိုမျိုး ဥပဒေကနေ အခုကြတော့ အလုပ်ပြောင်းခွင့်ရလို့ ပြောင်းမယ်ဆိုရင်တောင်မှ မိမိတို့လုပ်နေတဲ့ ကုမ္ပဏီရှိတဲ့ဒေသရဲ့ အပြင်ဘက်ကို ထွက်လို့မရဘူးဆိုတဲ့ ဥပဒေ။ ဗမာပြည်မှာဆို ဥပမာ ရန်ကုန် ဆို ရန်ကုန်ပဲပေါ့။ ပဲခူးဆို ပဲခူးမှာပဲပေါ့ အဲဒီသဘောမျိုးပေါ့။ ရွေးချယ်ခွင့်တွေ အရမ်းနည်းသွားတာပေါ့နော်။ ထွက်ဖို့တွေလည်း မလွယ်တော့ဘူးပေါ့။ ရနေတဲ့ နေရာလေးမှာပဲ အဆင်ပြေသည်ဖြစ်စေ၊ မပြေသည်ဖြစ်စေ သည်းခံပြီးတော့ လုပ်ရတော့မယ်ဆိုတဲ့ အခွင့်အရေးချိုးဖောက်မှုတွေ ပိုပြီး ဖြစ်လာနိုင်တာပေါ့။ ယခင် ကတည်း ကပဲ အခွင့်အရေးချိုးဖောက်လို့ပဲ ပြောင်းကြရွှေ့ကြ ပြောင်းချင်ကြတဲ့ သဘောမျိုးပေါ့။ ဒီကြားထဲမှာ လောဘ ကြောင့်ပေါ့ လစာပိုကောင်းချင်လို့ ပိုကောင်းတဲ့နေရာမှာ လုပ်ချင်လို့ ထွက်တဲ့သူတွေ ရှိသလို တကယ်ကို နစ်နာ နေလို့ တကယ်ကို အခက်အခဲရှိလို့ ထွက်ရတဲ့လူတွေအတွက်ကြတော့ ပိုပြီးတော့ နစ်နာသွားတာပေါ့” ဟု ၎င်းက ပြောသည်။ 

တောင်ကိုရီးယားနိုင်ငံသို့ ထွက်ခွာမည့် မြန်မာရွှေ့ပြောင်းလုပ်သားများ

ယခင်က အလုပ်ခွင်ပြောင်းရသည့် အကြောင်းပြချက်အား တစ်ဖက် အလုပ်ရှင်သူဋ္ဌေးအသစ်ထံသို့ လျှို့ဝှက် ပေးထားသော်လည်း ယခုဒေသကျော်လွန် လုပ်ကိုင်ခွင့် ကန့်သတ်မည့်အထဲ၌ မိမိလုပ်ကိုင်သည့်ဒေသ၌ပင် လုပ်ငန်းခွင်ပြောင်းရွှေ့ပါက အကြောင်းပြချက်အား အလုပ်ရှင်သူဋ္ဌေးအသစ်ထံသို့ အသိပေးမည် ဖြစ်ကြောင်း လည်း သိရသည်။

၂၀၂၁ ခုနှစ် မြန်မာ့နိုင်ငံရေး မတည်မငြိမ်ဖြစ်ပွားမှုကြောင့် ပြည်သူများအနေဖြင့် ပြည်ပသို့ထွက်ခွာကာ ကျောင်းတက်ရောက်ခြင်း၊ အလုပ်လုပ်ကိုင်ခြင်းများ ပိုမိုပြုလုပ်လာကြပြီး ၎င်းထဲတွင် ကိုရီးယားသို့ သွားရောက် လိုသည့် မြန်မာနိုင်ငံသား အရေအတွက်မှာလည်း များပြားလျက်ရှိကြောင်း သိရသည်။

လက်ရှိ မြန်မာနိုင်ငံသားများ ကိုရီးယားစာသင်ကြားမှုသည် ကိုဗစ်မတိုင်ခင်ကာလများထက် ပိုမိုများပြားလာသလို အလုပ်သွားရောက်လုပ်ကိုင်မည့် လုပ်သားနှင့် ကျောင်းတက်ရောက်ရင်း အလုပ်လုပ်ကိုင်ကြမည့်သူများလည်း များပြားလာကြောင်း သိရသည်။

Royal Korea Language Center မှ တာဝန်ရှိသူတစ်ဦးက “လက်ရှိမှာတော့ ဒီမှာ ကျောင်းတက်မယ့်ဘက်ကို အရင်ကထက်ပိုပြီး တော်တော်လေး စိတ်ဝင်စားလာတာတွေရှိတယ်။ ပြီးရင် EPS ကလည်း ပြန်ပြီး လူခေါ်များ လာတော့ တက်ကြတာတွေတော့ များပါတယ်။ အရင်ကထက် ပိုများလာတယ်လို့တော့ ပြောရမှာပေါ့။ အဓိက ကတော့ ဒီမှာ ကျောင်းမတက်တဲ့ ကလေးတွေကရော၊ ပြီးတော့ အစကတည်းက နိုင်ငံခြားမှာ ကျောင်းတက်ဖို့ အစီအစဉ်ရှိတဲ့ကလေးတွေရော အဲဒီမှာ တက်ဖို့အတွက် အဓိက အဲဒါတွေပဲပေါ့။ အရင်တုန်းကလိုသာဆိုရင် ဒီမှာ တက္ကသိုလ်တွေ ကောင်းကောင်းမွန်မွန်တက်ရမယ်ဆိုရင် လူတွေ သွားဖြစ်ချင်မှ သွားဖြစ်မှာပေါ့။ အခုကျတော့ နိုင်ငံရေးအခြေအနေတွေရှိတော့ အဲဒီလိုပိုပြီးတော့ သွားချင်တဲ့လူတွေ  များလာတယ်။ ကိုဗစ်မတိုင်ခင်ကနဲ့ နှိုင်းယှဉ်ရင် အခု ၂၀၂၁ နောက်ပိုင်းလောက်မှာ ပိုများလာတာပေါ့” ဟု ပြောသည်။

တောင်ကိုရီးယားနိုင်ငံတွင် မြန်မာနိုင်ငံသားများ အလုပ်လုပ်ကိုင်မှုသည် အေဂျင်စီများဖြင့်သော်လည်းကောင်း၊ မိမိ အစီအစဉ်ဖြင့်သော်လည်းကောင်း လာရောက် လုပ်ကိုင်နေကြခြင်းဖြစ်ပြီး ဆိုးလ်၊ အင်ချွန်း၊ ဘူဆန် အစရှိသည့် ဒေသများတွင် မြန်မာအများဆုံးဖြစ်ကြောင်းလည်း သိရသည်။