CNI News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၃၁

ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ရွှေဆိုင်များသည် ဆိုင်တွင်ရှိသည့် ရွှေများကို ရောင်းချမပေးဘဲ ဆိုင်သို့ ပြန်လည်ရောင်းချထားသည့် ရွှေထည်များကိုသာ ရောင်းချပေးသည့်ပုံစံဖြင့် အရောင်းအဝယ် လုပ်ဆောင် နေကြသည်ဟု ရွှေဈေးကွက်အတွင်းမှ သိရသည်။

ရွှေဆိုင်များသည် အရောင်းကို ပိတ်ထားသည်မှာ ကြာမြင့်နေပြီဖြစ်ကြောင်း၊ ရွှေရောင်းချသူတချို့ကို ဖမ်းဆီး အရေးယူမှုများ ရှိနေခြင်းနှင့် လက်ရှိ ရွှေဈေးနှုန်းသည် ပြီးခဲ့သည့်နှစ်၏ အမြင့်ဆုံးဈေးနှုန်းကို ရောက်ရှိနေခြင်း ကြောင့် ထိန်း၍ ရောင်းချနေကြသည်ဟု ရွှေဈေးကွက် လေ့လာသုံးသပ်သူ ကိုနေလင်းခန့်က CNI သတင်းဌာနသို့ ပြောသည်။

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၃၁ ရက်နေ့ ထုတ်မည့် ၂၀၀၀၀ တန် ဒီဇိုင်းကိုတွေ့ရစဉ်

၎င်းက “သူတို့က အရောင်းပိတ်ထားတာ ကြာပြီ။ နောက်တစ်ခုကကျတော့ အရောင်းအဝယ်လုပ်ရတာ အခု တလော တော်တော် မလွယ်ဘူး။ အရင်ကတည်းက လုပ်တာပါ ပစ္စည်းမရှိဘူး လာရောင်းပေးတဲ့သူရှိရင် အဲဒါကိုပဲ ပြန်ရောင်းပေးတဲ့ပုံစံ။ သူတို့ဆီ လာရောင်းရင်တော့ လက်ခံတယ်။ သူတို့က ရောင်းမပေးဘူး။ ရွှေဈေးက အခု ၃၆ သိန်းလောက် ဖြစ်သွားပြီလေ။ မနှစ်က အမြင့်ဆုံးဈေးဆိုတော့ အမြင့်ဆုံးဈေးကို နောက်တစ်ခေါက် ပြန်ရောက် လာမှာလို့ ပြောကြတယ် အခုတကယ်လည်း ရောက်လာတယ်။ ရောက်လာတဲ့အလျှောက် သူတို့ကလည်း လိုက် ထိန်းမှာပဲလေ။ အခုက အရောင်းအဝယ်က တော်တော်မလွယ်ပါဘူး။ ဆိုင်တွေလည်း မတင်ရဲဘူး။ လိုင်းပေါ်မှာ လည်း ဈေးတွေက မရမ်းပတာတွေ ပွစိထနေတာ” ဟု ပြောသည်။ 

ရန်ကုန်ရွှေစျေးကွက်အတွင်းရှိ ရွှေဆိုင်အချို့သည် လက်ခနှင့် အလျော့တွက်ကို ပို၍ တောင်းယူမှုများ ရှိနေခြင်း ကြောင့် တင့်သင့်မျှတသည့် နှုန်းထားဖြင့်သာ ရောင်းချကြရန် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA)က မေတ္တာရပ်ခံထားသည်ကို တွေ့ရသည်။

ရွှေဆိုင်တစ်ဆိုင်ကိုတွေ့ရစဉ်

ဈေးမြှင့်တင် ရောင်းချနေမှုများကို ဖမ်းဆီးအရေးယူမှုများ ရှိနေခြင်းကြောင့် ရွှေရောင်းချသူများက ရောင်းဝယ်မှု များ ရပ်နားထားခြင်း ဖြစ်ကြောင်း၊ ရွှေဈေးကွက်ကို ထိန်းချုပ်မှု မပြုဘဲ ရောင်းလိုအားနှင့် ဝယ်လိုအား ညီမျှသွား သည့်အချိန် ရွှေဈေးနှုန်း ပြန်လည်ကျဆင်းလာမည်ဟု ရွှေလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ပုံမှန်အားဖြင့် ပြောရရင်တော့ သူ့ဟာနဲ့သူ လွှတ်ပေးထားရင် ပိုကောင်းတယ်။ အရမ်းကြီး ထိန်းစရာ မလို ဘူး။ ဘာနဲ့တူလဲဆိုတော့ ဖိလေ ဖိလေ သူက ဖိအားများရင် ကွဲတဲ့အခါမှာ ပိုပြီးတော့ ကွဲတယ်။ ပေါက်ကွဲအား ပိုပြင်းတာပေါ့။ သူ့ရဲ့ ဈေးကွက်အတိုင်း ရောင်းအားနဲ့ ဝယ်အားအတိုင်း လွှတ်ပေးထားရင် တချိန်မဟုတ် တချိန်က တော့ ပြန်ကျလာမှာပဲ။ ဘာလို့ဆို ရောင်းလိုအားနဲ့ ဝယ်လိုအားက သူ့ဟာနဲ့သူ ဈေးကွက်က ထိန်းသွားမှာ။ အရမ်း ကြီး လိုက်ထိန်းစရာ မလိုဘူး” ဟု ပြောသည်။

လက်ရှိတွင် ရွှေဆိုင်များ အမှန်တကယ် အရောင်းအဝယ် ပြုလုပ်နေသည့် ဈေးနှုန်းသည် အကယ်ဒမီ မီးလင်းရွှေ တစ်ကျပ်သားလျှင် သိန်း ၃၀ ဝန်းကျင်သာရှိကြောင်း YGEA က ပြောဆိုထားသော်လည်း ပြင်ပတွင် ရွှေဈေးနှုန်း သည် တစ်ကျပ်သား ၃၆ သိန်းအထိ ဖြစ်ပေါ်နေသည်ကို တွေ့ရသည်။

ထို့နောက် ရွှေဈေးနှုန်းကို တစ်ကျပ်သားလျှင် သိန်း ၄၀ အထိ ဖြစ်သွားနိုင်သည်ဟု ခန့်မှန်းနေမှုများ ရှိနေကြောင်း၊ သို့သော် ငွေစက္ကူ ၂၀၀၀၀ တန် ထုတ်ဝေသည့် ပမာဏနှင့် အရေအတွက်ပေါ် မူတည်၍လည်း ရွှေဈေးနှုန်းများ အပြောင်းအလဲ ထပ်မံဖြစ်သွားနိုင်ကြောင်း ရွှေဈေးကွက် လေ့လာသူများက ပြောသည်။