NI International News

ဆန်ဖရန်စစ္စကို၊ ဇူလိုင် ၂၉

အီလွန်မာ့စ် (Elon Musk) သည် မကြာသေးမီက X ဟု အမည်ပြောင်းလဲခဲ့သည့် Twitter ကုမ္ပဏီကို သူ့အကျင့် စရိုက်အတိုင်း အုပ်ချုပ်နေသည်ဟု ရာထူးမှ ထုတ်ပယ်ခံခဲ့ရသည့် Twitter ၏ ထုတ်ကုန် မန်နေဂျာ အက်စ်သာ ခရောဖို့ဒ် (Esther Crawford) က ပြောကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

အီလွန်မာ့စ်သည် စိတ်အပြောင်းအလဲ မြန်သူဖြစ်ပြီး ကုမ္ပဏီတွင် သူ့ကို မြှောက်ပင့် ထောက်ခံသူများကိုသာ ထားရှိခဲ့သည်ဟုလည်း ခရောဖို့ဒ်က ပြောကြားခဲ့သည်။ 

ပြီးခဲ့သည့််နှစ်က Twitter ရုံးခန်းထဲတွင် အိပ်ပျော်နေသည့် ဓာတ်ပုံကြောင့် လူမှုကွန်ရက်တွင် လူသိများခဲ့သော ခရောဖို့ဒ်သည် ဇူလိုင် ၂၆ ရက်က ၎င်း၏ အတွေးအမြင်များကို Twitter တွင် ရေးသားဖော်ပြခဲ့သည်။

"သူ့ဆုံးဖြတ်ချက် အများစုကို ကျမ သဘောမတူပါဘူး။ ပြီးတော့ သူ့ သဘောဆန္ဒအတိုင်း လုပ်ချင်တာတွေ လုပ်နေတာကလည်း အံ့သြစရာပါပဲ။ ဒါပေမယ့် အချိန်နဲ့ ငွေကြေး လုံလုံလောက်လောက် ရှိနေတာကြောင့် ဆန်းသစ်တီထွင်မှု တစ်ခုခုကတော့ ရှိလာပါလိမ့်မယ်"ဟု ခရောဖို့ဒ်က ပြောသည်။

Twitter ကုမ္ပဏီကို ဒေါ်လာ ၄၄ ဘီလျံဖြင့် အီလွန်မာ့စ် မဝယ်ယူမီ ခရောဖို့ဒ်သည် ၂၀၂၀ ပြည့်နှစ်က Twitter သို့ ရောက်ရှိခဲ့သူ ဖြစ်သည်။

"အီလွန်မာ့စ်ဟာ ညှို့ဓာတ်ရှိပြီး ထူးဆန်းတဲ့လူ ဖြစ်ပါတယ်။ သူ့ရဲ့ ပင်ကိုယ်စရိုက်နဲ့ ပြောပုံဆိုပုံတွေက ချက်ချင်း ဆိုသလို ပြောင်းလဲသွားနိုင်တာက ပြဿနာတစ်ခု ဖြစ်ပါတယ်"ဟု ခရောဖို့ဒ်က ပြောသည်။

Twitter ၏ ထုတ်ကုန် မန်နေဂျာ အက်စ်သာ ခရောဖို့ဒ်ကို တွေ့ရစဉ်

Twitter ကုမ္ပဏီ ဝန်ထမ်းများသည် အီလွန်မာ့စ်နှင့် အစည်းအဝေး ပြုလုပ်ရန် သို့မဟုတ် မကောင်းသည့် သတင်း ကိုပြောရန် ကြောက်ရွံ့နေကြသည်ဟုလည်း ၎င်းက ဆိုသည်။

"တစ်ခါတစ်လေမှာ သူ့ရဲ့ အတွင်းစည်းက လူတွေဟာ သူ ပြောသမျှ အကုန်လုံးကို အားတက်သရော ထောက်ခံနေ တယ်လို့ ခံစားရပါတယ်။ ထုတ်လုပ်ရေးနဲ့ စီးပွားရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေကို သူ့ရဲ့ ပင်ကိုယ် အကျင့်စရိုက် အတိုင်း ချမှတ်လေ့ရှိပါတယ်။ လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတွေ ဒါမှမဟုတ် အဲဒါနဲ့ပတ်သက်တဲ့ အချက် အလက်တွေကို ထည့်တွက်တာမျိုး မရှိပါဘူး"ဟု ခရောဖို့ဒ်က ပြောသည်။ 

ထို့ပြင် အီလွန်မာ့စ်သည် ကုမ္ပဏီတွင် ပြဿနာများကို ဖြေရှင်းရန် ကုမ္ပဏီလုပ်နေသည့် ဝန်ထမ်းများထက် သုံးစွဲသူ များ၏ ကြုံရာကျပန်း တုံ့ပြန်ချက်များ၊ Twitter ပေါ်မှ စစ်တမ်းများကို ပိုပြီး ယုံကြည်သည်ဟု ထင်မြင်ရကြောင်း ခရောဖို့ဒ်က ဆိုသည်။ 

အီလွန်မာ့စ် ပြောင်းလဲလိုက်တဲ့ X ကိုတွေ့ရစဉ်

"သူ့ရဲ့ လုပ်ရဲကိုင်ရဲတဲ့ သတ္တိ၊ ပြင်းပြတဲ့ စိတ်ဆန္ဒနဲ့ ဟောပြောပို့ချမှုတွေဟာ စိတ်ခွန်အား တက်စေပေမယ့် လုပ်ငန်းပိုင်းဆိုင်ရာ စီမံမှုအပိုင်းနဲ့ ကိုယ်ချင်းစာမှု နည်းပါးတာက စိတ်ညစ်ဖို့ ကောင်းပါတယ်"ဟု ၎င်းက ပြောသည်။

အီလွန်မာ့စ်သည် Twitter ကို ပြီးခဲ့သည့်နှစ် အောက်တိုဘာလက ဝယ်ယူခဲ့ပြီးနောက် တရုတ်၏ လူသုံးအများဆုံး WeChat ကဲ့သို့ စူပါအက်ပလီကေးရှင်းတစ်ခု ဖန်တီးရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။ 

Twitter ကို အီလွန်မာ့စ် ဝယ်ယူပြီးကတည်းက ၎င်း၏ အုပ်ချုပ်ပုံစနစ်နှင့် ဝန်ထမ်း အများအပြားကို ထုတ်ပယ်မှု တို့ကြောင့် ကုမ္ပဏီ၏ ကြော်ငြာ စီးပွားရေးလုပ်ငန်း ကျဆင်းခဲ့သည်။ 

Source: ဘန်ကောက်ပို့စ်