CNI News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၉

လက်ရှိ မြန်မာနိုင်ငံတွင် ရွှေဈေးနှင့် ဒေါ်လာဈေးနှုန်းများမြင့်တက်မှုကို အခြေခံ၍ နေ့စဉ် စားသောက်နေရသည့် အခြေခံ စားသောက်ကုန် ဈေးနှုန်းများကို ဈေးနှုန်းမြှင့်တင် ရောင်းချနေမှုများ ရှိနေခြင်းကြောင့် ကုန်ဈေးနှုန်း မြင့်တက်အောင် လုပ်နေသူများအား ထိရောက်စွာ အရေးယူသင့်သည်ဟု လုပ်ငန်းရှင်များနှင့် စီးပွားရေး လေ့လာ သုံးသပ်သူများက ပြောသည်။

လက်ရှိတွင် ရွှေနှင့် ဒေါ်လာဈေးနှုန်း ကစားသူတချို့ကို ဖမ်းဆီးနေမှုများ ရှိသော်လည်း အသေးစား လုပ်ကိုင်နေ ကြသည့် သူများကိုသာ ဖမ်းဆီး အရေးယူနေခြင်းကြောင့် ထိရောက်မှု မရှိကြောင်း၊ အကြီးစား ချုပ်ကိုင်နေကြ သည့် လုပ်ငန်းရှင်များကို ထိရောက်စွာ ဖမ်းဆီးအရေးယူ ဆောင်ရွက်သင့်သည်ဟု စီးပွားရေး လေ့လာသုံးသပ်သူ ဦးသက်ဇော်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဝိသမလောဘသားတွေ ရှိတယ်။ အဲဒီကောင်တွေကို အရေးယူရမှာ။ ဘယ်သူလုပ်တယ် လုပ်တဲ့သူကို အရေးယူရမှာ။ အရေးမယူရဲဘူးလားလို့ မေးချင်တယ်။ ဘာတွေ ပတ်သက်မှုရှိလို့ အရေးမယူရဲတာလဲ။ ဒေါ်လာ ဈေးပေါ် မူတည်ပြီးတော့ ကျန်တာတွေ အကုန်လိုက်တက်မယ် ဖြစ်နေတာ။ စက်သုံးဆီတင် မဟုတ်ဘူး သောက် တဲ့ ဆေးတွေကအစ၊ စားအုန်းဆီတွေ၊ အခု စားအုန်းဆီ အပြင်မှာ ၁၀၀၀၀ ဖြစ်နေပြီ ၁ ပိဿာကို။ ဒါကို ဒီအတိုင်းပဲ ထိုင်ကြည့်နေမှာလား။ ထိုင်ကြည့်နေရင် ပြည်သူတွေက သည်းခံနိုင်စွမ်း ကုန်သွားရင် စိတ်ဓာတ်ရေးရာအရ အား နည်းမှုတွေ ဖြစ်လာရင် ဘာတွေဖြစ်လာနိုင်မလဲဆိုတာ အကျိုးဆက်ကို နည်းနည်း စဉ်းစားကြည့်ပေါ့လေ။ အခု ဖမ်းဆီးတဲ့ပုံစံက ထိရောက်တဲ့ အရေးယူ ဆောင်ရွက်မှုတွေ မဖြစ်သေးဘူး။ ရွှေကလည်း တကယ် လက်ကြီးတွေကို မိသလားဆို လက်ကြီးတွေ မမိပါဘူး။ အခု လက်သေးသမားတွေ ကောက်ဖမ်းတာ။ နောက်ဆုံး စားသုံးသူ ရေးရာ ရှိတယ် ဈေးတွေမှာ။ ဈေးတင်ရောင်း ရောင်းတဲ့ကောင်ဖမ်း၊ ၁၄/၁၅ ယောက် မဖမ်းရဘူး အကုန်ကျသွားလိမ့်မယ်။ ဘာလို့ဆို မြန်မာလူမျိုးက အကြောက်တရားလည်းရှိတယ် ဖမ်းပြီဟေ့ဆို ကျသွားမှာပဲ” ဟု ပြောသည်။

စက်သုံးဆီဆိုင်ကိုတွေ့ရစဉ်

ပိုက်ဆံချမ်းသာသည့် မြန်မာနိုင်ငံသားများသည် ကျပ်ငွေထက် အိမ်ခြံမြေ၊ ဒေါ်လာ၊ ရွှေတို့ကို ဝယ်၍ ကိုင်ထားမှု များလာကြောင်း၊ ထို့နောက် ကုန်ဈေးနှုန်းများလည်း မြင့်တက်လာကြောင်း၊ ထိုအခြေအနေကို ထိန်းနိုင်ရန်အတွက် နိုင်ငံတော်မှ အရန်ရွှေနှင့် မြေကွက်များကို ထုတ်ရောင်းခြင်းများ လုပ်ဆောင်သင့်ကြောင်း မြန်မာ့စီးပွားရေး လေ့ လာနေသူများက ပြောသည်။ 

ကုန်ဈေးနှုန်း မြင့်တက်စေရန် လုပ်ဆောင်နေသည့် ရွှေ၊ ဒေါ်လာနှင့် စက်သုံးဆီ ရောင်းဝယ်သော အကြီးစား လုပ်ငန်းရှင်တချို့ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်မည်ဆိုပါက တိုင်းပြည်၏ ကုန်ထုတ်လုပ်မှု စွမ်းအားကို ထိခိုက် သွားနိုင်ခြင်းကြောင့် ပြန်လည်စဉ်းစားရမည်ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင် ဦးအောင်ပြည့်စုံက ပြောသည်။

၎င်းက “လက်ကြီးသမားတွေ ၁၀ ယောက်၊ ၁၀ ယောက်စီ ရွှေက ၁၀ ယောက်၊ ဒေါ်လာက ၁၀ ယောက်၊ စက်သုံး ဆီက ၁၀ ယောက် စသည်အားဖြင့် ၁၀ ယောက်၊ ၁၀ ယောက်စီကို ဖမ်းပြီးတော့ အထဲထည့်ထားပြီဆိုတာနဲ့ တိုင်းပြည် GDP က ထက်ဝက်လောက် ကျသွားမယ့်အကြောင်းကိုလည်း ပြန်စဉ်းစားရမှာကိုး။ ပုံမှန်ကတော့ ငွေကြေးဖောင်းပွမှုက နိုင်ငံတိုင်းမှာ ဖြစ်နေတာ။ အစ်ကိုတို့လို့ ပဋိပက္ခဖြစ်တဲ့နိုင်ငံမျိုးမှာ အင်မတန်ဖြစ်တဲ့ အခြေ အနေရှိတယ်။ အစ်ကိုတို့နိုင်ငံရဲ့ ငွေကြေးကျဆင်းတဲ့ ဒဏ်ကလေ အရမ်းမြန်လွန်းတယ်ပေါ့နော်။ အောက်ကို မြှား က တအားစိုက်တာ မြန်လွန်းတဲ့အခါမှာ ဘာသွားတွေ့လဲဆိုတော့ မြန်မာငွေ ကိုင်တာထက် လူတွေက ဒေါ်လာ ကိုင်တယ်၊ ရွှေကိုင်တယ်၊ အဲဒီလိုကိုင်လေ ရွှေဈေး၊ ဒေါ်လာဈေးက တက်လေပဲ။ လူတွေရဲ့ လက်ထဲမှာ ပိုက်ဆံ မကိုင်ချင်တော့တဲ့ အချိန်မှာ ဒီလိုကုန်ဈေးနှုန်းတွေ တက်လာတာ။ လူတွေရဲ့ လက်ထဲမှာ ငွေတွေ ပြန်ကိုင်လာ အောင် အစိုးရက ပေါ်လစီတွေ ပြန်ချပေးဖို့ လိုတာပေါ့” ဟု CNI သတင်းဌာနသို့ ပြောသည်။

ဆန်ဆိုင် တစ်ဆိုင်ကိုတွေ့ရစဉ်

ထို့နောက် ပြည်တွင်းတွင် ကုန်ထုတ်လုပ်ငန်းများ ပိုမိုထုတ်လုပ်ရန်အတွက် အစိုးရမှ ကိုဗစ်ကာလ၌ ထုတ်ချေး ပေးသည့် ချေးငွေမျိုး ကုန်ထုတ်လုပ်မှု ကဏ္ဍအလိုက် ချေးငွေများ ထုတ်ချေးပေးရန် လိုအပ်ကြောင်း၊ သို့မှသာ ပြည်တွင်းတွင် ကုန်ထုတ်စွမ်းအားများ မြင့်တက်ပြီး ပြည်သူများ၏ အခြေခံလုပ်ခလစာများလည်း မြင့်တက်လာ မည်ဖြစ်ကြောင်း လုပ်ငန်းရှင်များက ပြောသည်။

ပြည်တွင်းရှိ အခြေခံလုပ်ခလစာသည် တစ်ရက်လျှင် မြန်မာကျပ်ငွေ ၄၈၀၀ နှုန်း သတ်မှတ်ထားသော်လည်း လက်ရှိတွင် ဆန်တစ်ပြည်၏ ဈေးနှုန်းနှင့် ညီမျှနေကြောင်း သိရသည်။