CNI News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၆

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ကျပ်ငွေ ၂၀၀၀၀ တန် ငွေစက္ကူကို ထုတ်ဝေမည်ဟု ထုတ်ပြန်ခဲ့ပြီးနောက် လူထုကြား စိုးရိမ်စိတ်များ မြင့်တက်ကာ ကုန်ဈေးနှုန်းနှင့် ရွှေ-ဒေါ်လာ ဈေးနှုန်းများပါ မြင့်တက်လာခြင်းကြောင့် သက်ဆိုင်ရာက လူထုစိုးရိမ်စိတ်ကို ပြန်လည်ထိန်းသိမ်းပေးနိုင်မည့် နည်းလမ်းကို ချပြသင့်ကြောင်း ထောက်ပြလာ ကြသည်။

မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ပြီးစီးမှု အထိမ်းအမှတ်နှင့် ရဋ္ဌနန္ဒက ဆင်ဖြူရှင်လေး မွေးဖွားမှု တစ်နှစ် မြောက် အထိမ်းအမှတ်အနေဖြင့် ၂၀၀၀၀ တန် ငွေစက္ကူကို ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၃၁ ရက်နေ့တွင် ထုတ်ဝေသွား မည်ဟု ဇူလိုင် ၂၃ ရက်၌ ထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက် ထုတ်ပေါ်လာပြီးနောက် ပြည်သူလူထုကြား စိုးရိမ်မှုများ မြင့်တက်ကာ စားသောက်ကုန်၊ လူသုံးကုန်၊ စက်သုံးဆီဈေး၊ အိမ်ဆောက်ပစ္စည်း၊ ရွှေဈေး၊ ဒေါ်လာဈေးများ မြင့်တက်လာခဲ့သည်။

ဘဏ်ရေးရာနှင့် စီးပွားရေးပညာရှင် ဦးဋ္ဌေးအောင်ကြည်က “ သာမန် အရပ်သားတွေက စဥ်းစားမှာပေါ့။ မြန်မာ ပြည်ရဲ့ လက်ရှိ အနေအထားမှာ ၂၀၀၀၀ တန် မလုပ်ခင်ကာလမှာ အကြီးဆုံး note က ၁၀၀၀၀ တန်ရှိတာကို အကြီးဆုံး note ရဲ့ နှစ်ဆဆိုတော့ သာမန်အရပ်သားတွေက စဥ်စားမှာပေါ့၊ အရွက်တွေကြီးလာလေ ဖောင်းပွလေ ဆိုတဲ့ အဓိပ္ပာယ်ကိုပြတာပေါ့။ အဲ့တော့ အမှတ်သား အနေနဲ့ ထုတ်ချင်ရင်တောင်မှ ၁၀၀၀၀ တန်ပဲ ထုတ်လိုက်ရင် တော့ ပြည်သူတွေရဲ့ ဘာသာပြန်မှုက တစ်မျိုးဖြစ်သွားမှာပေါ့။ ၂၀၀၀၀ တန်ဖြစ်တဲ့ အခါကျတော့ သာမန်စီးပွား ရေးပညာ နားလည်တဲ့လူဖြစ်စေ နားမလည်တဲ့လူဖြစ်စေ shock ဝင်သွားတာပေါ့။ အဲ့တော့ ဘာကို ဖြစ်စေလဲဆို ရင် လူတွေက ဈေးတွေ တက်လာတော့မယ် ဆိုလို့ရှိရင် ထင်လို့၊ မြင်လို့၊ စဥ်းစားလို့၊ ခံယူလို့ ပစ္စည်းတွေ ဝယ်ကြ တာပေါ့။ ဈေးတက်မယ်ထင်လို့ ဈေးတက်မယ် ယုံလာလို့။ မြန်မာပြည်ရဲ့ ယေဘုယျ သဘောတရားက စီးပွားရေး knowledge က အများစုက အိမ်နီးနားချင်း တိုင်းပြည်တွေနဲ့ယှဉ်ရင်တောင်မှ စီးပွားရေး knowledge က အတော် လေး လိုတာကို”ဟု CNI သတင်းဌာနသို့ ပြောသည်။

၂၀၀၀၀ တန် ကျပ်ငွေဒီဇိုင်းကိုတွေ့ရစဉ်

၂၀၀၀၀ တန် ငွေစက္ကူထုတ်မည်ဆိုသည့် သတင်းများကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရက်ပိုင်း အတွင်း ကုန်ဈေးနှုန်းများ နဂိုထက် ပိုတက်သွားကြောင်း ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ကျောက်တန်းချေ ကျေးရွာမှ အိမ်ထောင်ရှင်မ မမချေက CNI သတင်းဌာနသို့ ပြောသည်။

မမချေက “စားဝတ်နေရေးကတော့ အဆင်မပြေဘူး။ ကုန်ဈေးနှုန်းတွေကလည်း တအားတက်နေတယ်။ အရင် တစ်လောက လက်ဖက်ရည် တစ်ထုပ်ကိုတောင် ၆၀၀၀-၆၂၀၀ ပဲရှိတာ အခု ၇၀၀၀-၈၀၀၀ ဖြစ်နေပြီ။ နောက် ထက် အများကြီးတက်မှာကိုလည်း စိုးရိမ်တယ်။ နောက်ပြီးတော့ ဒီထက်မက ဈေးနှုန်းတွေ တက်ပြီး ပိုက်ဆံတွေ ကလည်း ၂၀၀၀၀ တန် ထုတ်မယ်ဆိုလို့ရှိရင် အခက်အခဲတွေ အများကြီးရှိမယ်လို့ ကြိုပြီးတော့ ထင်နေကြတယ်” ဟု ပြောသည်။

ကုန်ဈေးနှုန်း တက်မှုသည် ပြည်သူများ၏ စိုးရိမ်မှု လွန်ကဲခြင်းကြောင့်ဖြစ်ပြီး  စီးပွားရေးသမားများ၏ အမြတ် ထုတ်မှုကြောင့်လည်း ဖြစ်နိုင်ကြောင်း သေနင်္ဂမဟာဗျူဟာ လေ့လာစောင့်ကြည့်ရေးအဖွဲ့ ဒါရိုက်တာ ဦးသိန်းထွန်း ဦးက CNI သတင်းဌာနသို့ ပြောသည်။

ကုန်စိမ်းသည်ကို တွေ့ရစဉ်

ဦးသိန်းထွန်းဦးက “ကျနော်တို့နိုင်ငံမှာ ဖြစ်နေကြတဲ့ ကုန်ဈေးနှုန်းကြီးမြင့်မှုတို့ တစ်ခုခုကျရင် ပစ္စည်းဈေးနှုန်း၊ ကုန် ဈေးနှုန်း အတက်ကြမ်းတာတို့ဆိုတာ ကျနော်တို့ လူမျိုးတွေရဲ့ emotional ပိုင်းနဲ့လည်း တော်တော်လေးကို ဆိုင် တယ်။ လူတွေက တစ်ခုခုဖြစ်ပြီဆိုရင်လည်း ကိုယ့်ဘက်က ကိုယ့်ပိုင်ဆိုင်မှု ဆုံးရှုံးမှာကို ကြောက်ပြီးတော့ ပစ္စည်း တွေ အတင်းပြေးဝယ်တာတို့၊ စုဆောင်းတာတို့ လုပ်တဲ့အခါကျတော့ အဲ့ဒီကြောက်ရွံ့မှုကြောင့် ဖြစ်လာတဲ့ pannish ပိုင်းပေါ့နော်။ အဲ့ဒီကြောက်ရွံ့မှုကြောင့် သွားဝယ် ကားဖြစ်ဖြစ်၊ အိမ်ဖြစ်ဖြစ်၊ ခြံဖြစ်ဖြစ်၊ ရွှေပဲဖြစ်ဖြစ် ဘယ်လိုပဲဖြစ်ဖြစ်ပေါ့ လူတွေက ကြောက်လန့်ပြီး ကိုယ်ပိုင်ဆိုင်မှုကို ဆုံးရှုံးရမှာကြောက်တဲ့ စိတ်ကြောင့် သွား လုပ်တော့ အခုကျတော့ ကုန်ဈေးနှုန်းတက်တဲ့ဟာကို အရင်ဆုံး ဦးတည်သွားတာ။ တစ်ခုတော့ ပြောစရာရှိတာပေါ့ လေ၊ ဒီ ၂၀၀၀၀ တန် စထွက်မယ့်အချိန်မှာ အဲ့လိုမျိုး အသေးစိတ် ရှင်းပြချက် တစ်ပြိုင်နက်ထဲ ထွက်ရင်တော့ လူတွေရဲ့ စိုးရိမ်ပူပန်မှု နည်းနည်းလေး လျှော့ချနိုင်မှု ဖြစ်တာပေါ့”ဟု ပြောသည်။

လက်ရှိတွင် ငွေစက္ကူ အသစ်ထွက်လာပြီး ယခင်အသုံးပြုသည့် ငွေစက္ကူအဟောင်းများကို ဖျက်သိမ်းမည်ဆိုသည့် ကောလာဟလ သတင်းအမှားများ ထွက်ပေါ်လာခြင်းကြောင့် ဒေါ်လာဈေးများ၊ ရွှေဈေးနှုန်းများ၊ ဆီဈေးများ တက်ရိပ်ပြလာကြောင်း၊ ၂၀၀၀၀ တန်သည် အလုံးအရင်းဖြင့် ထုတ်ခြင်းမဟုတ်၍ မစိုးရိမ်ကြရန်နှင့် နိုင်ငံတော်က ထုတ်ထားသည် ငွေစက္ကူများကို ဖျက်သိမ်းမည်မဟုတ်ကြောင်း  ဇူလိုင် ၂၅ ရက်နေ့တွင် နစက၏ သတင်းထုတ် ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၆ (င)တွင် နိုင်ငံတော်သည် တရားဝင်ထုတ်ဝေထားသော ငွေကြေးကို တရားမဝင် ငွေကြေးအဖြစ် သတ်မှတ်ခြင်းမပြုဟု ပြဋ္ဌာန်းထားသည်။