CNI News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၆

ငွေကျပ် နှစ်သောင်းတန် ထုတ်ဝေမည့်ကိစ္စနှင့်ပတ်သက်၍ နိုင်ငံခြားငွေဈေးနှုန်းများ မတည်ငြိမ်သည့်အပြင် ယခင်ထက် ပိုမိုမြင့်တက်သွားသောကြောင့် ပြည်ပနိုင်ငံသို့ သွားရောက်လုပ်ကိုင်မည့် လုပ်သားများအတွက် ကုန်ကျစရိတ်ပိုလာနိုင်ကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီများမှ CNI သတင်းဌာနသို့ ပြောသည်။

ဆင်ဖြူတော်မွေးဖွားမှု တစ်နှစ်ပြည့်မြောက်သည့် အထိမ်းအမှတ်အနေဖြင့် ငွေကျပ်နှစ်သောင်းတန်အား ထုတ်ဝေ မည့်အကြောင်း ဇူလိုင် ၂၃ ရက်နေ့က ကြေညာခဲ့ပြီးနောက် အမေရိကန်ဒေါ်လာ၊ ထိုင်းဘတ်ငွေနှင့် တရုတ်ယွမ်ငွေ အပါအဝင် အခြားနိုင်ငံခြားငွေဈေးနှုန်းများမှာ ဇူလိုင် ၂၂ ရက်နေ့ထက် ပို၍ မြင့်တက်သွားခဲ့သည်။

ပွင့်ဖူးအောင်အေဂျင်စီမှ မန်နေးဂျင်းဒါရိုက်တာ ဒေါ်မြတ်ဟေမာန်လင်းက “လုပ်သားတွေအတွက်ကတော့ ခက်ခဲနေတယ်နော် အခုက။ နှစ်သောင်းတန် ဂယက်နဲ့ ဘတ်ဈေးတွေ တက်သွားတဲ့အခါကြတော့ လုပ်သား ဈေးကွက်တွေတောင် ပျက်မလိုဖြစ်နေတယ်။ ဘာလို့တုန်းဆိုတော့ အမတို့က နိုင်ငံခြားငွေနဲ့ လုပ်ရတာကို။ ဂျပန်ဆိုလည်း ဒေါ်လာနဲ့အလုပ်လုပ်ရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့။ အမတို့ကြတော့လည်း ထိုင်းဆိုတော့ ဘတ်နဲ့အလုပ်လုပ်ရတာဆိုတော့ ဘတ်ဈေးတွေက ဒီအတိုင်း တအားတွေလည်း အပြောင်းအလဲများနေတဲ့ အခါကြတော့ အလုပ်တွေလုပ်ရတဲ့ လူတွေအတွက် ကမောက်ကမတွေ ဖြစ်တာပေါ့။ အဲဒီအပြင်ကို လုပ်သား တွေအတွက်က ငွေကြေးတွေကို အဆမတန်တွေ ကုန်တာပေါ့” ဟု ပြောသည်။

တောင်ကိုရီးယားသို့ သွားရောက်လုပ်ကိုင်မည့် မြန်မာများ 

သက်ဆိုင်ရာ ပြည်ပနိုင်ငံများသို့ အေဂျင်စီများဖြင့် သွားရောက်ကြရာတွင် လုပ်သားတစ်ဦး၏ သတ်မှတ်နှုန်းထား နိုင်ငံခြားငွေကြေးပမာဏမှာ မပြောင်းလဲသော်လည်း နိုင်ငံခြားငွေဈေးနှုန်း များလာသောကြောင့် ကုန်ကျစရိတ် မှာ ပိုမိုများလာမည့်အလားအလာဖြစ်ကြောင်း ပြည်ပအလုပ်အကိုင် အေဂျင်စီများမှ ပြောသည်။

ထိုသို့ နိုင်ငံခြားငွေဈေးနှုန်းများ မတည်ငြိမ်ခြင်းသည် ပြည်ပသို့ ထွက်ခွာမည့်လုပ်သားများအပေါ်တွင်သာမက ပြည်ပအလုပ်အကိုင်အေဂျင်စီများအပေါ်တွင်လည်း ရိုက်ခတ်မှုများရှိကြောင်း ပြည်ပအလုပ်အကိုင် အေဂျင်စီ များထံက သိရသည်။

လပ်ကီးအေဂျင်စီမှ မန်နေးဂျင်းဒါရိုက်တာ ဦးဝင်းမြင့်က “ငွေဈေးမတည်ငြိမ်တာက အခု ဒီဈေးဖြစ်သွားရင် ဒီဈေးနဲ့ပဲ ရှေ့ဆက်အလုပ်လုပ်ရမှာလေ။ ကျရင်လည်း ကျပေါ့။ နောက်ထပ်တက်ရင်လည်း နောက်တစ်ခေါက် အဆင်မပြေမှုတွေနဲ့ ထပ်ရင်ဆိုင်ရမှာပဲ။ ဒီဈေးနဲ့ ဒီဟာရပ်တန့်မယ်ဆိုရင်တော့ ရှုံးသည်ဖြစ်စေ မြတ်ဖို့တော့ မရှိဘူး။ အရင်းရမယ်။ ရှုံးမယ် အဲဒီနှစ်ခုပဲရှိတယ်။ အရင်းလောက်ရှိနေရင်တော့ အလုပ်က ဆက်လုပ်ရမှာပဲ။ ဘာလို့ဆို က‌လေးတွေကို ဒုက္ခမရောက်စေချင်ဘူး။ အခုတင် ငွေဈေးမတည်ငြိမ်မှုကြောင့်မို့လို့ အလုပ်လုပ်ရတာ အခက်အခဲတွေအများကြီးဖြစ်သွားတယ်။ အန်ကယ်တို့တင်မဟုတ်ဘူး အကုန်လုံးဖြစ်တာ။ ဒီ နိုင်ငံခြားနဲ့ ဆက်သွယ်ဆောင်ရွက်တဲ့လုပ်ငန်းတွေက အရှုံးတွေဖြစ်ကုန်တာပေါ့။ အခက်အခဲကတော့ ဖြစ်တယ်။ ဖြစ်ပျက် လာတဲ့ကိစ္စတွေကို ဝိုင်းမထိန်းဘဲနဲ့ ရှို့ပေးလိုက်သလို ဖြစ်သွားတာပေါ့။ အရောင်းတွေရပ် ဘာတွေရပ် ဘာမှ မသိဘူး။ သိပ်တော့မူမမှန်ဘူး။ ဒီဘက်က ဝိသမလောဘတွေက ဝိုင်းဝန်းပြီးတော့ မထိန်းသိမ်းဘဲနဲ့ လွှတ်ပေးထားတော့ပိုဆိုး ကုန်တာပေါ့” ဟု ပြောသည်။

ထိုသို့ နိုင်ငံခြားငွေဈေးနှုန်းမတည်ငြိမ်သည့်အတွက် နိုင်ငံတော်မှ သက်ဆိုင်ရာ တာဝန်ရှိလူကြီးများအနေဖြင့် ထိန်းချုပ်ပေးမှသာလျှင် ပြည်ပထွက်ခွာမည့် လုပ်သားများအတွက် ကုန်ကျစရိတ်နှုန်းထား သက်သာမည် ဖြစ်ကြောင်း မြန်မာနိုင်ငံပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများအဖွဲ့ချုပ်(MOEAF) မှ ဒုတိယဥက္ကဋ္ဌ(၂) ဦးကျော်ထင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

MOU လုပ်သားများကို တွေ့ရစဉ်

“ဈေးတက်ရင် အလုပ်သမားပိုထိခိုက်တာပေါ့။ ဈေးတက်ရင်ထုံးစံပဲပေါ့။ ဆိုကြပါစို့ တစ်ဒေါ်လာကို ၁၀ ပေးရာ ကနေ တစ်ဒေါ်လာကို ၁၅ ကျပ်ပေးရရင် ၅ ကျပ်ပိုတိုးသွားတာပေါ့။ ဒါကိုပဲ စိတ်ပူနေရတာ။ အခုက ဒေါ်လာဈေး က ဈေးကစားနေတာကို။ အခုက ဘာမှတောင်မလုပ်ရသေးဘူး ဈေးက စတက်နေပြီ။ အသံထွက်တာနဲ့ ဈေးက တက်နေပြီ ဒါကအဓိပ္ပါယ်မှမရှိတာ။ အခုက ဘာမှလည်း မလုပ်ရသေးဘူး။ ဆိုကြပါစို့ အခုက သတင်းလေး တစ်ခုထွက်လာတယ် အဲဒါကလည်း အကောင်အထည်မဖော်ရသေးဘူး။ ဈေးက ဒီမှာလိုက်ပြီးတော့ ဒေါ်လာဈေး က ပါးစပ်ဈေးတွေဖြစ်နေပြီ။ ဒါတွေက ကောင်းတဲ့အလားအလာမှ မဟုတ်တာ။ ဒါတွေက ဈေးကစားနေတာ ထိန်းချုပ်ပေးဖို့လိုတာပေါ့။ တစ်ခုပဲရှိတာပေါ့ အေဂျင်စီတွေနဲ့ ဟိုဘက်ကခေါ်တဲ့ အလုပ်ရှင်တွေ ညှိနှိုင်းပြီးတော့ အလုပ်သမားကို ဘယ်လိုသက်သာအောင် ကူညီနိုင်မလဲ သူတို့ဆောင်ရွက်။ နိုင်ငံခြားဘက်ကအလုပ်ရှင်ကနေပြီးတော့ ငွေရေး ကြေးရေးကို သတ်မှတ်တာထက်လျှော့ချပေးမယ်လို့ ဟိုဘက်ကအေဂျင်စီက လျှော့ချပေးမယ်ဆိုရင်တော့ အလုပ်သမားသက်သာမှာပေါ့။ ဒီဘက်ကတော့ များသောအားဖြင့် service ခ ပဲ ယူရတာကို” ဟု ၎င်းက ပြောသည်။

ဗဟိုဘဏ်မှ ၎င်း နှစ်သောင်းကျပ်တန် ထုတ်ဝေခြင်းသည် အကန့်အသတ်ဖြင့်သာ ငွေစက္ကူအဟောင်းများနှင့် အစားထိုးလဲပေးခြင်းဖြစ်သည့်အတွက် ငွေကြေးဖောင်းပွမှုမဖြစ်နိုင်ကြောင်း ပြောဆိုထားသည်။

သို့သော် ဇူလိုင် ၂၃ ရက်နေ့၌ ငွေကျပ် နှစ်သောင်းတန်ထုတ်ဝေမည့်အကြောင်း မကြေညာမီ ဇူလိုင် ၂၂ ရက်နေ့ နိုင်ငံခြားငွေ ဈေးနှုန်းထားသည် အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၃၁၀၀ ဝန်းကျင်သာရှိခဲ့ရာမှ ငွေကျပ် နှစ်သောင်းတန်ထုတ်ဝေမည့်အကြောင်းကြေညာပြီးနောက် ယနေ့ ဇူလိုင် ၂၆ ရက်နေ့၏ နိုင်ငံခြားငွေ ဈေးနှုန်း ထားမှာ အမေရိကန်တစ်ဒေါ်လာလျှင် ၃၄၀၀ ကျပ်သို့ ရောက်ရှိသွားခဲ့သည်။