CNI News

၂၀၂၂ ခုနှစ်၊ မတ်လ ၂၃

ဗဟိုဘဏ်၏ ညွှန်ကြားချက်အရ ရွှေဈေးနှုန်းတည်ငြိမ်စေရေးနှင့် ဈေးကွက်ကစားသူများအား အရေးယူနိုင်ရန် ရည်ရွယ်ကာ ပြည်တွင်း‌ရွှေဈေးကွက်အတွင်း ရွှေအရောင်းအဝယ်ပြုလုပ်နေသည့် စာရင်းများအား စတင် ကောက်ခံနေပြီဖြစ်ကြောင်း ရန်ကုန်တိုင်း‌ရွှေလုပ်ငန်းရှင်များအသင်း (YGEA)မှ သိရသည်။

YGEAမှ ဥက္ကဋ္ဌ ဦးမျိုးမြင့်က “အဲဒါကတော့ မြို့တော်စည်ပင်က လုပ်နေပါပြီ။ အားလုံးအဆင်တော့ပြေပါတယ်။ ရွှေဆိုင်တွေလည်းကောက်ပါတယ်။ ကျနော်တို့ အသင်းရုံးမှာလည်း ရောင်းတာ ဝယ်တာတွေကို စာရင်း ကောက်ပါ တယ်။ တစ်ပြည်လုံးမှာ အရောင်းအဝယ်လုပ်နေတဲ့ ရွှေပမာဏအင်အားကို သိချင်တယ်ပေါ့။ နောက်တစ်ခါ နိုင်ငံခြားကို ဘယ်လောက်ထွက်တယ်၊ နိုင်ငံခြားကနေ ဘယ်လောက်ဝင်တယ်။ အဲဒါတွေကို ဒေတာ အသေးစိတ် အချက်အလက်တွေလိုချင်တယ်ပေါ့။ ပြီးတော့ မြန်မာ့ရွှေဈေးကွက်ကို ကမ္ဘာ့ရွှေဈေးကွက်အတိုင်း ဖော်ဆောင် ချင်တယ်။ စာရင်းဇယားတွေ တိတိကျကျသွားမယ်။ ကျနော်တို့ ဘဏ်တွေထဲကနေ အဝင်အထွက်လုပ်မယ်။ နောက် Gold exchange တွေ ဘာတွေလုပ်မယ်။ အဲဒီလိုအစီအစဉ်နဲ့ ကျနော်တို့ စာရင်းပြုစုခိုင်းပါတယ်” ဟု ပြောသည်။

ထို့အပြင် ရွှေနှင့်ပတ်သက်၍ အရောင်းအဝယ်လုပ်သည့် ပမာဏအားလည်း ကောက်ခံမည်ဖြစ်ကြောင်းနှင့် ပြည် တွင်းတွင် ကမ္ဘာ့စံချိန်မီ ဈေးကွက်တစ်ခုဖော်ဆောင်မည်ဟုလည်း ဗဟိုဘဏ် ဒုဥက္ကဋ္ဌမှ ပြောကြားသည်။

YGEA မှ ဥက္ကဋ္ဌ ဦးမျိုးမြင့်က “ကမ္ဘာ့ဈေးတက်လို့ တက်တာလည်း သူတို့လက်ခံတယ်။ ကမ္ဘာ့ဈေးကျလို့ ကျတာ လည်း လက်ခံတယ်။ ဒါပေမယ့် အဲဒီမှာ ကမ္ဘာ့ဈေးကျတဲ့အချိန်မှာ ပြည်တွင်းရွှေဈေးမကျအောင် ကျနော်တို့ ဒေါ်လာကို ဆွဲပြီးတော့ မ တယ်ခေါ်တာပေါ့။ ဒေါ်လာဈေးကို မြှင့်ဝယ်ပြီးတော့ ဒေါ်လာဈေးနဲ့ ရွှေဈေးက ချိတ်ထားတဲ့အခါကျတော့ ဒေါ်လာကို ဆွဲ မ ပြီးတော့ အရောင်းဝယ်လုပ်တာမျိုးဆိုလို့ရှိရင် အရေးယူ ဆောင်ရွက် မယ်လို့ ကျနော်တို့ကို ပြောပါတယ်။ အဓိကကတော့ ကမ္ဘာ့ရွှေဈေးနဲ့ ပြည်တွင်းရွှေဈေးကြားမှာ ကျနော်တို့ အမြတ် တစ်ခုတည်းကို ကြည့်ပြီးတော့ အကျိုးဆောင်ရွက်တဲ့ပုဂ္ဂိုလ်တွေကို အရေးယူဆောင်ရွက်မယ်လို့ အဲဒါသူတို့ ပြောပါတယ်”ဟု ပြောသည်။
လက်ရှိတွင် ဈေးကွက်ထဲ၌ ရွှေလုံလုံလောက်လောက်ရှိကြောင်းနှင့် ကမ္ဘာ့ရွှေဈေးတက်သည့်အတွက်ကြောင့်သာ ပြည်တွင်းရွှေဈေးတက်သည့်သဘောဖြစ်ကြောင်း သိရသည်။

ထို့အပြင် ပေါက်ဈေးမှာ သိန်း ၂၀ ကျော်သို့ ရောက်နေသည့်အတွက် ရောင်းသူများကာ ဝယ်ယူသူ နည်းကြောင်း လည်း သိရသည်။
ယနေ့ မတ်လ ၂၃ ရက်နေ့အတွက် ကမ္ဘာ့ရွှေဈေးတစ်အောင်စလျှင် ဒေါ်လာ ၁၉၂၀.၉၆ ရှိပြီး ပြည်တွင်း အခေါက် ရွှေဈေးမှာ ကျပ်ငွေ ၂၀၂၇၀၀၀ (သိန်းနှစ်ဆယ် ၊ နှစ်သောင်းခုနှစ်ထောင်) ရှိကြောင်းသိရသည်။