CNI News

၂၀၂၂ ခုနှစ်၊ မတ် ၂၂

ဧပြီလ ၁ ရက်နေ့မှာ စတင်မည့် ကုန်သွယ်ရေးဦးစီးဌာန၏ ပို့ကုန်လိုင်စင် လျှောက်ထားရမည့် မူဝါဒအသစ်ကြောင့် တောင်သူ များရရှိမည့် ပြောင်းဈေးနှုန်းများ ကျဆင်းသွားနိုင်ကြောင်း ပြောင်းကုန်သည်များက ပြောသည်။

ယခင်က ပြောင်း အပါအဝင် လယ်ယာထွက်ကုန်များကို အခွန် ၂ ရာခိုင်နှုန်းဖြင့် ကုန်သွယ်ခွင့် ပြုထားသော်လည်း လက်ရှိတွင် လိုင်စင်လျှောက်ထားရမည်ဟု ကုန်သွယ်ရေးဦးစီးဌာနက ထုတ်ပြန်ခဲ့သည်။

ထိုကြောင့် လိုင်စင်ကုန်ကျစရိတ်များ ထည့်ပေါင်း တွက်ချက်ပြီးမှသာ ကုန်သည်များက ဝယ်ယူကြမည်ဖြစ်ရာ တောင်သူများ အတွက် ပြောင်းဈေးနှုန်းများ လျော့နည်း၍ ရရှိမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်း အတွင်းရေးမှူး ဦးသန့်ဇင်ထွန်းက CNI သတင်းဌာနသို့ ပြောသည်။

ဦးသန့်ဇင်ထွန်းက “သက်ရောက်မှု ရှိတာပေါ့။ ကုန်ကျစရိတ် များသွားလေ ဝယ်ယူမှုဈေးနှုန်း လျှော့ချလေပဲလေ။ တောင်သူ တွေဆီမှာ ဝယ်တဲ့အချိန်မှာ ကျသွားလိမ့်မယ်။ နိုင်ငံခြားကို ရောင်းတဲ့ဈေးကတော့ နိုင်ငံခြားဖွင့်တဲ့အတိုင်းပဲ ရောင်းရမှာကို။ တက်လိုက်ကျလိုက် ပြောလို့မရဘူး။ သူက တစ်ကျပ်ပေးလိုက်ရင် ကုန်ကျစရိတ်နှုတ်ပြီး ကျန်တဲ့အထဲကနေ တောင်သူကို ပေးဝယ်ရမှာပေါ့။ တောင်သူရောင်းရတဲ့ဈေး အနည်းငယ် ကျသွားလိမ့်မယ် ဒီလောက်ပါပဲ” ဟု ပြောသည်။
ကုန်သွယ်ရေးဦးစီးဌာန၏ မတ်လ ၉ ရက်နေ့ ထုတ်ပြန်ချက်အရ ပြောင်း၊ နှံစားပြောင်း၊ ပြောင်းစေ့၊ ပြောင်းမှုန့် အပါအဝင် ပြောင်းကို တဆင့်ကြိတ်ခွဲ ထုတ်လုပ်ထားသည့် ထုတ်ကုန်များကို ပို့ကုန်လိုင်စင် လျှောက်ထားရန် လိုအပ်သည့် ကုန်စည်လိုင်း အဖြစ် ထပ်တိုး သတ်မှတ်ထားကြောင်း သိရသည်။
လက်ရှိ ပြောင်းဈေးနှုန်းသည် တောင်သူများအတွက် အမြတ်များ ထိုက်သင့်သလောက် ရရှိနေသည့် ဈေးနှုန်းပေါက်နေသော် လည်း ပို့ကုန်လိုင်စင် မူဝါဒအသစ်ကြောင့် တောင်သူများ အမြတ်ရရှိမှု လျော့နည်းသွားမည်ဟု ဧရာဝတီတိုင်းဒေသကြီးမှ ပြောင်းစိုက်တောင်သူတစ်ဦးဖြစ်သူ ကိုမင်းခိုင်က CNI သတင်းဌာနသို့ ပြောသည်။

ပြောင်းများကိုတွေ့ရစဉ်

ကိုမင်းခိုင်က “အခုလောလောဆယ် တောင်သူတွေရဲ့ အပိုင်းမှာတော့ လောလောလတ်လတ်ကတော့ ပေါက်ဈေးနဲ့ ရောင်းကြ တယ်။ အဲဒါမျိုးပုံစံ ဖြစ်လာရင်တော့ ကျနော်တို့ ဝယ်လက်တွေ ပြောတဲ့ပုံစံကတော့ ဈေးနှုန်းကတော့ နည်းနည်း အီသွားမယ် ပုံစံ ရှိတယ်။ ပြီးတော့ အခွန်တွေက ပါလာပြီဆိုတော့လေ။ ပထမတော့ အခွန်နည်းနည်းနဲ့ သွားရတဲ့ဟာ။ အခုက အခွန်လိုင် စင် လုပ်ရမယ်ဆိုတော့ တောင်သူတွေအပေါ်မှာတော့ အကျိုးသက်ရောက်မှုက ဈေးနှုန်းက နည်းနည်း ပြန်ပြီးတော့ လျှော့ရ မယ့် သဘောရှိတယ်၊ ကျနော်တို့အထင်ကတော့လေ။ လောလောဆယ်ကတော့ ပြောင်းဈေးက တောင်သူတွေလည်း အကျိုး အမြတ် ထိုက်သင့်သလောက်တော့ ရတယ်။ ဒါပေမယ့် အခွန်ကင်းလွတ်ခွင့် နည်းနည်းပါးပါး ပထမလို ပုံစံမျိုးနဲ့ သွားရမယ်ဆို ရင် တောင်သူတွေအဖို့ဟာ အမြတ်က ပိုပြီးတော့ အမြတ်များများ ရမှာပေါ့” ဟု ပြောသည်။

ယခင်က မြန်မာနိုင်ငံမှ ထွက်ရှိသည့် လယ်ယာထွက်ကုန်များကို ပြည်ပသို့ တင်ပို့ရာတွင် လိုင်စင်လျှောက်ထားစရာ မလို သည့်အပြင် ပြောင်းထွက်ကုန်များအတွက် ကုန်သွယ်လုပ်ငန်းခွန် ၂ ရာခိုင်နှုန်းသာ ပေးဆောင်ရကြောင်း ကုန်သည်များထံမှ သိရသည်။

ထို့နောက် ယခုအခါမှာတော့ ပို့ကုန်လိုင်စင် လျှောက်ထားရမည့် မူဝါဒကြောင့် လိုင်စင်ရရှိမည့် သူမှသာ တင်ပို့ခွင့် ရရှိမည် ဖြစ်ကြောင်း၊ လိုင်စင်ချပေးသည့် မူဝါဒအပေါ် မူတည်၍ ပြောင်းဈေးကွက် အပြောင်းအလဲ သက်ရောက်မှု ရှိနိုင်ကြောင်း မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်း အတွင်းရေးမှူး ဦးသန့်ဇင်ထွန်းက ပြောသည်။

၎င်းက “တစ်မျိုးတော့ ဖြစ်တာပေါ့။ ကောင်းတဲ့ဘက်က တွေးရင်တော့ လိုင်စင်နဲ့ လျှောက်ပြီးတော့ လိုင်စင်နဲ့ သွားရတဲ့ အတွက်ကြောင့် ကုန်ဘယ်လောက် ထွက်သွားတယ်ဆိုတဲ့ အရေအတွက်ကတော့ အတိအကျ သိနိုင်တာပေါ့နော်။ ဒါပေမယ့် လိုင်စင် လျှောက်လိုက်တဲ့ အတွက်ကြောင့် လူတိုင်း လျှောက်လို့ မရနိုင်တော့တဲ့ အတွက်ကြောင့် လိုင်စင်ရတဲ့ ကုမ္ပဏီကြီး တွေ ဘာတွေ လက်ဝါးကြီးအုပ်တဲ့ ဟာမျိုးတွေလည်း ဖြစ်နိုင်တာကိုလည်း ကြောက်ရတယ်ပေါ့နော်။ ဒါကြောင့်မို့လို့ လိုင်စင် ပေးတဲ့ မူဝါဒအပေါ် မူတည်ပြီးတော့ အပြောင်းအလဲ ဖြစ်နိုင်တယ်လို့ ပြောတာ”ဟု CNI သငတ်းဌာနသို့ ပြောသည်။

လက်ရှိ တောင်သူများ ရရှိသည့် ပြောင်းဈေးနှုန်းမှာ ပြောင်းတစ်တင်းလျှင် ၁၉၀၀၀ ကျပ်ရှိသည်။
မြန်မာနိုင်ငံမှ ထွက်ရှိသည့် ပြောင်းနှင့် ပြောင်းကုန်ကြမ်းများကို ထိုင်းနိုင်ငံသို့ အများဆုံး တင်ပို့လျှက်ရှိကြောင်း၊ တရုတ်နိုင်ငံ နှင့် ဗီယက်နမ်နိုင်ငံတို့ကလည်း ဝယ်ယူမှုများရှိကြောင်း သိရသည်။