CNI News

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အိမ်ခြံမြေ ဈေးကွက်အတွင်းမှာ ယခုကာလတွင် တိုက်ခန်းများထက် မြေကွက်များကို ပို၍ ဝယ်ယူလာကြသည်ဟု အိမ်ခြံမြေ ဝန်ဆာင်မှု လုပ်ငန်းများထံမှ သိရသည်။

ပြီးခဲ့သည့် ၆ လတာ ကာလနှင့် နှိုင်းယှဉ်ပါက မြေကွက်များသည် သိန်း ၂၀၀ နီးပါး မြင့်တက်လာသည်ဟု သာကေတမြို့နယ်မှ အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ကျနော်တို့ကတော့ လမ်းမတန်းကတော့ အဝယ်လိုက်တာပေါ့နော် ပိုပြီးတော့။ သာကေတ ဘက်ကတော့ လမ်းမတန်းတွေ ပိုပြီးတော့ အဝယ်လိုက်တယ်။ နောက်ပြီးတော့ ၄၀ - ၆၀ တွေပေါ့နော် အဲဒါတွေ အဝယ် ပိုလိုက်တယ်ပေါ့နော်။ ဈေးကတော့ ဒီ ၆ လအတွင်း နည်းနည်းလေး ဈေးပိုတက်လာ တယ်လို့ ပြောလို့ရတယ်။ တိုက်ခန်းဆိုလို့ရှိရင် အနည်းဆုံး ၆၀/၇၀ လောက် တက်တယ်ဗျာ၊ အရင်က ပေါက်ဈေးထက် ပုံမှန်ထက်ကို ၆၀/၇၀ လောက် တက်တယ်။ ပြီးတော့ ကျနော်တို့ မြေကွက်တွေဆိုရင် တော့ ၂၀၀ လောက် တက်သွားတယ်။ အခု လွန်ခဲ့တဲ့ ၆ လက ၂၅၀၀ နဲ့ ဝယ်ထားတဲ့လူက ၂၇၀၀/၂၈၀၀ လောက် ရတယ်ပေါ့နော်။ တိုက်ခန်းတွေထက်စာရင် မြေကွက်တွေက ပိုပြီးတော့ အဝယ်လိုက်လာတယ်။ တိုက်ခန်းက အဝယ်မလိုက်ဘူးလားဆိုတော့ လိုက်တယ်။ ဒါပေမယ့် မြေကွက်တွေက မကြားစဖူး ဈေး တွေနဲ့ ဖြစ်ပြီးတော့ အဝယ်လိုက်နေတာ အဲလိုမျိုး” ဟု ပြောသည်။

မြေကွက်များ

ကုန်ဈေးနှုန်းနှင့် ဒေါ်လာငွေ လဲလှယ်သည့် ဈေးနှုန်းများ မြင့်တက်မှုနှင့်အတူ အိမ်ခြံမြေဈေးနှုန်းများလည်း လိုက်ပါမြင့်တက်လာကြောင်း၊ မြန်မာကျပ်ငွေ ဖောင်းပွမှုကြောင့် ရွှေနှင့် အိမ်ခြံမြေများကို ပို၍ ဝယ်ယူလာကြခြင်းဖြစ်နိုင်ကြောင်း အိမ်ခြံမြေဝန်ဆောင်မှု လုပ်ကိုင်သူများက ပြောသည်။

ပြီးခဲ့သည့် ၆ လနှင့် နှိုင်းယှဉ်သည့်အခါ အိမ်ခြံမြေဈေးနှုန်းသည် ၃၅ ရာခိုင်နှုန်းခန့် မြင့်တက်နေသည့် အခြေအနေ ရှိသော်လည်း လာမည့် ၆ လတွင် ထက်ဝက်ခန့် မြင့်တက်နိုင်သည်ဟု ရတနာဂီရိ အိမ်ခြံမြေ ဝန်ဆောင်မှုမှ CEO ကိုဇေယျက CNI သို့ ပြောသည်။

ကိုဇေယျက “၃၅ ရာခိုင်နှုန်း ပတ်ချာလည်လောက် တက်သွားတယ်ဗျ။ ဒေါ်လာဈေးက ၁ ဆကျော် တက် တယ်။ ကုန်ဈေးနှုန်းကလည်း ၁ ဆကျော် တက်တယ်။ ဆီဈေးနှုန်းကလည်း ၁ ဆကျော် တက်တယ်။ ဒါပေမယ့် မြေဈေးနှုန်းက ၃၅ ရာခိုင်နှုန်း တက်သွားတယ်။ အဲတော့ ကျနော်ထင်တယ်ဗျ၊ မြေဈေးနှုန်းနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင်တော့ မြောက်ဒဂုံကတော့ ၅၀ ရာခိုင်နှုန်း တက်သွားတယ်။ ကျန်တဲ့ ရပ်ကွက်တွေ တော်တော်များများကတော့ ၃၅ ရာခိုင်နှုန်းနဲ့ ၄၀ ရာခိုင်နှုန်းကြားပေါ့။ အဲလောက်တက် တယ်။ ပြီးခဲ့တဲ့ ၆ လထက်စာရင် မြေဈေးနှုန်းက ပိုပြီးတော့ တက်လိမ့်မယ်လို့ ကျနော်ပြောချင်တာ။ ပို တက်ရင် နောက်ဆုံးကျရင် အမြင့်ဆုံးရောက်ရင် ပြန်ပြုတ်ကျလိမ့်မယ်။ အဲတော့ ဒီတက်နေတဲ့ ဈေးနှုန်း တွေထက် တစ်ဝက်လောက်ကို ထပ်တက်ဖို့ များတယ်လို့ ကောက်ချက်ချတယ်” ဟု ပြောသည်။

မြေကွက်များ

မြန်မာနိုင်ငံ၌ နိုင်ငံရေး အပြောင်းအလဲ စတင်ဖြစ်ပွားသည့် အချိန်တွင် ပြည်တွင်း ဒေါ်လာ ဈေးနှုန်းသည် အမေရိကန် ၁ ဒေါ်လာလျှင် ၁၄၀၀ ကျပ် ဝန်းကျင်သာ ရှိခဲ့သော်လည်း လက်ရှိတွင် ၂၉၀၀ ကျပ်ဖြင့်  ရောင်းဝယ်မှုများ ပြုလုပ်နေကြသည်။

ထို့ကြောင့် အိမ်ခြံမြေ ဈေးကွက်သည်လည်း ဒေါ်လာဈေးနှုန်း အပြောင်းအလဲအပေါ် မူတည်၍ ဈေးနှုန်း ပြောင်းလဲမှု ဖြစ်သွားမည်ဟု အိမ်ခြံမြေဈေးကွက် လေ့လာသူများက ပြောသည်။

လက်ရှိတွင် မြောက်ဒဂုံ၊ တောင်ဒဂုံနှင့် သာကေတမြို့နယ်များတွင် မြေကွက်များ လာရောက်ဝယ်ယူမှု များပြားလျက်ရှိပြီး လမ်းမတန်းနှင့် နီးသည့် မြေနေရာများကို ပို၍ ဝယ်ယူကြသည်ဟု သိရသည်။