CNI News

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁

မြန်မာနိုင်ငံရှိ အိမ်ခြံမြေ ဈေးကွက်သည် ရန်ကုန်၊ နေပြည်တော်၊ မန္တလေး တို့တွင် ပိုမို အရောင်းအဝယ် ဖြစ်နေပြီး ဈေးနှုန်း အနေဖြင့် ၃၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိ မြင့်တက်နေကြောင်း သိရသည်။

လက်ရှိတွင် ရန်ကုန်၊ နေပြည်တော်၊ မန္တလေး စသည့် မြို့ကြီးများသည် အိမ်ခြံမြေ ဝယ်ယူမှု များပြားလျက်ရှိပြီး ဈေးနှုန်း များလည်း မြင့်တက်နေခြင်း ဖြစ်ကြောင်း ဝါရင့် အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဟော့နေတဲ့ နေရာဒေသတွေပေါ့နော်၊ အပြောင်းအရွှေ့များတဲ့ နေရာဒေသတွေကတော့ တက်ပါတယ်။ အနည်းဆုံး ၅၀ Percent လောက် တက်တယ်။ ၃၀ ကနေ ၅၀ အထိ တက်နေတာပေါ့။ ဆိုလိုတာက ၁၀၀ တန် ၁၅၀ လောက် ဖြစ်သွား တာပေါ့” ဟု ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အိမ်ခြံမြေ ဈေးကွက်တွင် တိုက်ခန်း၊ ကွန်ဒိုများထက် မြေကွက်များကို ပိုမိုဝယ်ယူလာ ခဲ့သည်ဟု အိမ်ခြံမြေ လုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။

ရန်ကုန်မြို့တွင် အိမ်ခြံမြေများကို ဝယ်ယူပြီး ပြန်လည်ရောင်းချခြင်း မဟုတ်ဘဲ သိမ်းထားသည့် အခြေအနေ များလာသည်ဟု ရတနာသီရိ အိမ်ခြံမြေ အထွေထွေဝန်ဆောင်မှု ကုမ္ပဏီလီမိတက်မှ CEO ကိုဇေယျက ပြောသည်။

ရန်ကုန်မြို့တွင်း အခြေအနေ

ကိုဇေယျာ“အဖြစ်များတာတော့ အသေးလေးတွေ အဖြစ်များတယ်ဗျ။ ဒဂုံတောင်ပိုင်း၊ ဒဂုံဆိပ်ကမ်း၊ ဒဂုံမြောက်ပိုင်း၊ ဒဂုံ အရှေ့ပိုင်းပေါ့၊ အဲဒါလေးတွေက အဖြစ်များတယ်။ လာဝယ်ကြတယ် ပြန်ရင်းကြတယ်။ သိမ်းထားကြတယ်ပေါ့နော်။ အဲလိုမျိုး လေးဆိုတော့ သိမ်းတဲ့လူလည်း ပိုများလာတဲ့ အနေအထား ရှိတာပေါ့နော်” ဟု CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိ မြန်မာ့အိမ်ခြံမြေ ဈေးကွက်တွင် မြေကွက်များကို ပိုမိုဝယ်ယူမှုများကြောင်း၊ တိုက်ခန်းများကို ဝယ်ယူမှု နည်းပါး ကြောင်း၊ တိုက်ခန်း ဝယ်ယူမှု နည်းပါးခြင်းက ဒေါ်လာဈေးနှုန်း အပြောင်းအလဲနှင့် ဈေးနှုန်း ကွာဟချက်များကြောင့် ဖြစ် ကြောင်း ၎င်းက ပြောသည်။

ကိုဇေယျာက “လက်ရှိ ဒေါ်လာဈေးနဲ့တွက်ပြီး ဝယ်ရတဲ့ နှုန်းထားတွေမှာ လိုက်ဝယ်ပြီးတော့ ပြန်ရောင်းတဲ့အခါမှာ အဲဒီ နှုန်းထားတွေ မရတာတွေ ရှိတယ်ဗျ။ အခန်း တော်တော်များများက ဖြစ်တဲ့ ပြဿနာလေးတွေပေါ့။ အဲဒါလေးတွေမှာတော့ သိပ်ပြီးတော့ အရင်းအနှီး သိပ်မရင်းကြတာ တွေ့တယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

မြန်မာ့ အိမ်ခြံမြေ ဈေးနှုန်းများသည် ပြည်တွင်း ဒေါ်လာဈေးနှုန်း အပြောင်းအလဲနှင့် မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းမှု၊ ငွေကြေး ဖောင်းပွမှုများ အပေါ်တွင် သက်ရောက်မှုရှိကြောင်း၊ လတ်တလော အခြေအနေများအရ လာမည့် ၃ လအထိ အတက်ပိုင်းတွင်သာ ဆက်လက် တည်ရှိနေမည်ဖြစ်ကြောင်း အိမ်ခြံမြေ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူများက ခန့်မှန်းထားကြသည်။

ထို့အပြင် ဒေါ်လာဈေးနှုန်း မြင့်တက်ခြင်း၊ ဘဏ်အပ်နှံငွေများ ထုတ်ယူရန် ခက်ခဲနေခြင်းများကြောင့်လည်း အိမ်ခြံမြေ အရောင်းအဝယ်တွင် အရင်းအနှီးအဖြစ် ဝယ်ယူလာကြခြင်း ဖြစ်ကြောင်း သိရသည်။