CNI News

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၂၂

သြဂုတ်လ ၁ ရက်နေ့မှ စတင်၍ သွားလာခွင့် ကန့်သတ်ထားသည့် ကျောက်တော် - ပလက်ဝ ပြေးဆွဲနေသော ဇတ်ရေယာဉ်ကို ကုန်စည်သယ်ဆောင်ခွင့် အကန့်အသတ်ဖြင့် ပြန်လည် ပြေးဆွဲပေးနေကြောင်း ပလက်ဝ ဒေသခံများထံမှ သိရသည်။

ကုန်စည်များကို သယ်ဆောင်သည့် အခါတွင် သက်ဆိုင်ရာ တာဝန်ရှိသူများထံမှ ထောက်ခံစာ ယူဆောင်ရမည့် အပြင် ကုန်စည်များအား ခွဲတမ်းဖြင့်သာ သယ်ဆောင်ကြရမည်ဟု ချင်းပြည်နယ် ကုန်သည်ကြီးများအသင်းမှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “စက်လှေတော့ သွားလို့ မရသေးဘူး။ သင်္ဘောသာ အရင်လို ပြန်ဆွဲပေးတယ်။ အဲဒါ ပစ္စည်းတင်တဲ့အခါ မျှောစာ ယူရမယ်။ သင်္ဘောပေါ်မှာ တင်ရမယ်။ ဒီတစ်ပတ်မှာ သူရရင် နောက်တစ်ပတ်မှာ ကျနော်တင် မှာပေါ့။ အဲလို ခွဲတမ်းအလိုက်နဲ့ မျှောစာချပေးမယ်။ ဥပမာ ပလက်ဝမှာ အိမ်ထောင် ၁၀၀၀ ရှိတယ်ဆိုရင်တော့ ဒီတစ်ပတ် မှာ ကျနော်က ဆန်အိတ် ၁၀၀ သယ်လို့ရမယ်။ နောက်အပတ်မှာ နှစ်ယောက်က ဆန်အိတ် ၃၀၀ သယ်လို့ရမယ် အဲလိုခွဲတမ်းတွေနဲ့ သွားတာ” ဟု ပြောသည်။


ပလက်ဝမြို့ကိုတွေ့ရစဉ်

ပလက်ဝဒေသတွင် မြန်မာ့တပ်မတော်နှင့် AA ကြား မကြာခဏ တိုက်ပွဲ ဖြစ်ပွားလေ့ရှိသည့်အတွက် အဓိက ကုန်စည်စီးဆင်းသည့် လမ်းကြောင်းဖြစ်သော ကျောက်တော်- ပလက်ဝ ရေလမ်းကြောင်းသည်လည်း ဖြတ်သန်းသွားလာမှု ပိတ်ပင်ခံရခြင်းနှင့် ကန့်သတ်မှုများဖြင့် ဖြတ်သန်းသွားလာခွင့် ပြုခြင်းများ မကြာခဏ ကြုံတွေ့ရလေ့ ရှိသည်။

ထို့နောက် ၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁ ရက်နေ့တွင် ရေလမ်းကြောင်း သွားလာရေးကို ပိတ်လိုက်ခြင်းကြောင့် ပလက်ဝ ဒေသအတွင်း ဆန်တစ်အိတ်လျှင် ယခင် ၄၀၀၀၀(လေးသောင်း)သာ ရှိရာမှ ၁၀၀၀၀၀(တစ်သိန်း)ကျော်အထိ ဖြစ် သွားသလို ဝယ်ယူ၍ မရသည့် အခြေအနေအထိလည်း ဖြစ်သွားခဲ့သေးသည်။

ပလက်ဝဒေသနေ ပြည်သူများ ကုလားတန်မြစ်အတွင်းသွားလာနေစဉ်

သို့သော် ဩဂုတ် ၁၈ ရက်နေ့တွင် ပြန်လည် ပြေးဆွဲပေးခြင်းကြောင့် ဆန်ဈေးနှုန်းသည် အနည်းငယ် ကျဆင်းလာ ပြီး တစ်အိတ်လျှင် ၈၀၀၀၀(ရှစ်သောင်း)ကျပ် ဖြစ်သွားသည်ဟု ပလက်ဝဒေသခံ ကိုကျော်ခင်က CNI သတင်းဌာန သို့ ပြောသည်။

ကိုကျော်ခင်က “ကန့်သတ်ပစ္စည်းပေါ့ နည်းနည်း ကန့်သတ်တာပဲ ရှိတယ်။ ဆန်တွေ ဘာတွေ သယ်လို့ရတော့ ဈေး တွေ ကျသွားတယ်လေ။ ၈ သောင်းလောက် ပြန်ဖြစ်သွားတယ်။ ၈ သောင်းလောက်ဆိုတာထက် အခု ဝယ်လို့ ခြမ်း လို့ ပြန်ရတယ်။ ဟိုတလောက ပစ္စည်း ပြတ်သွားတာ။ အရင်တုန်းကဆိုရင် ၄ သောင်း၊ ၆ သောင်းလောက် ရှိတဲ့ ဆန်က အခု ၈ သောင်းလောက် ရှိတာပေါ့။ ဒါပေမယ့် ကျသွားတာကိုး။ ဟိုတစ်ပတ်မှာ ၁ သိန်းကျော်လေ။ အခု ၈ သောင်း လောက်ဆိုတော့ နည်းနည်းတော့ ကျသွားတာပေါ့။ ဒါပေမယ့် အရင်လိုတော့ ပြန်မကျဘူးပေါ့။ ဒါပေမယ့် ကုန်ဈေးနှုန်း တက်တော့လည်း ဆိုင်တွေ တင်တာပါပဲ” ဟု ပြောသည်။


ကျောက်တော်နှင့် ပလက်ဝ ရေလမ်းကြောင်းကို ဇတ်ရေယာဉ်ဖြင့် တစ်ပတ်လျှင် ၂ ကြိမ် ပြေးဆွဲပေးနေပြီး ရက္ခိုင့်တပ်တော်(AA)နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲများ ဖြစ်ပွားလာပါက ပြန်လည် ပိတ်ထားနိုင်ကြောင်း သိရသည်။

ထို့နောက် ပြေးဆွဲခွင့် ပိတ်ထားသည့် ပုဂ္ဂလိကပိုင် စက်လှေများ ပြန်လည်ခွင့်ပြုပေးမည်ဆိုပါက ဒေသခံများ အတွက် ပို၍ အဆင်ပြေမည်ဟု ပလက်ဝဒေသခံများက ပြောသည်။