CNI News

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၂၀

ရွှေဘိုမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စပါးများ ရောင်းချရန် ကျန်ရှိနေသော်လည်း စက်ပိုင်များနှင့် ကုန်သည် ပွဲစားများက သွားရောက်ဝယ်ယူရန် အခက်အခဲရှိနေသည်ဟု ရွှေဘိုရှိ ဆန်စက်လုပ်ငန်းရှင်များထံမှ သိရသည်။

ရွှေဘိုမြို့နယ်အတွင်းရှိ ဒီပဲယင်းကျေးရွာနှင့် တခြားသောကျေးရွာများတွင် တောင်သူများထံ၌ စပါးများ ကျန်ရှိနေ သေးသော်လည်း နယ်မြေမတည်ငြိမ်မှုကြောင့် သွားရောက်ဝယ်ယူမှုမပြုလုပ်နိုင်ဘဲ ဆန်စက်ကို ရပ်နားထား ရသည်ဟု ရွှေဘိုရှိ ဆန်စက်ပိုင်ရှင် ဒေါ်ထွေးရီ(အမည်လွှဲ)က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက“တချို့ရွာလေးတွေမှာ ရွှေဘိုပေါ်ဆန်း ကျန်သေးတယ်။ရွှေဘိုမြို့နယ် တော်တော်များများထဲက ဒီပဲယင်းတို့၊ ဒီပဲယင်းနဲ့ရေဦးကြားထဲက နယ်လေးတွေမှာ ကျန်သေးတယ်။ ဒါပေမယ့် အဲဒီဘက်မှာက စပါးဈေးလည်း တအား ကြီး မတက်သေးဘူး ကျန်သေးတယ်။ ဘယ်သူမှ မသွားရဲဘူး။ သူတို့လည်း ထွက်မလာရဲဘူး။ အဲဒီဘက်မှာကျ တော့ လက်နက်ကိုင်တွေလည်း ရှိတာကိုး။ ပြီးတော့ စစ်တပ်ကလည်း စစ်ဆင်ရေးတွေ တအားလုပ်တယ်။ လက်နက်ကိုင်တွေလည်း ရှိတဲ့အခါကျတော့ အစ်မတို့ စက်ပိုင်တွေ၊ ပွဲစားတွေကျတော့ လက်နက်ပါလာတယ် ဆိုရင် စစ်သားကိုလည်း ကြောက်ရတယ်။ ကျန်တဲ့သူတွေကိုလည်း ကြောက်ရတယ်။ အစ်မတို့ စပါးသွားဝယ်တဲ့ အခါမှာ စပါးဖိုး တစ်ခါတည်း ပါသွားပြီးသားလေ။ မပါရင် တောင်သူက တင်မပေးဘူးလေ။ အဲအခါကျတော့ အစ်မတို့က ငွေရေးကြေးရေးနဲ့သွားတာ ပေးဆို ပေးရတာပဲလေ။ ၂ သိန်းပေးဆို ပေးရတာပဲ။ ၃ သိန်းပေးဆို ပေးရတာပဲ။ ၁၀ သိန်း ယူလိုက်လည်း မတတ်နိုင်ဘူး အဖွဲ့အစည်း အစုံရှိတာလေ အဲဒီဘက်တွေမှာက။ အဲကျ တော့ အသက်တောင်မှ အာမခံချက်မရှိဘူး။ သွားရတာ အလုပ်သမားတွေ လွှတ်ရတာ။ သူတို့မှာ မိသားစုတွေ ရှိတယ်။ အဲတော့ သူတို့မိသားစု ပြဿနာတစ်စုံတရာ တက်လာလို့ရှိရင် အစ်မတို့ခေါင်းပေါ်ပဲ။ အဲတော့ မရလည်း နေပါစေ အစ်မတို့ကတော့ မလုပ်ဘူး။ အခု ထိုင်နေတာ စပါးမရှိဘူး။ စက်တွေ ဒီအတိုင်းပဲ ရပ်ထားတယ်လေ” ဟု ပြောသည်။

ရွှေဘိုဆန်များကို သယ်ဆောင်ရာတွင် လမ်းပန်းဆက်သွယ်ရေး တည်ငြိမ်မှုမရှိခြင်းနှင့် ဆန်ကုန်သည်များထံတွင် လက်ကျန်နည်းပါးနေခြင်းကြောင့် ရွှေဘိုပေါ်ဆန်း ဆန်ဈေးနှုန်းသည် တစ်အိတ်လျှင် ၇ သောင်းကျပ်ဝန်းကျင်မှ လက်ရှိတွင် ၁ သိန်းကျပ်ခန့်အထိ ရောက်ရှိလာသည်ဟု ဆန်ရောင်းဝယ်သူများထံမှ သိရသည်။

ဘိုကလေးမြို့နယ်ဧရာဝတီမြစ်ကမ်းတစ်လျှောက်ရှိ ဆန်စက်တစ်ခုကို တွေ့ရစဉ်(ဓါတ်ပုံ-Getty Images) 

လက်ရှိတွင် ရွှေဘိုဆန်များ ဈေးနှုန်းမြင့်တက်လာခြင်းကြောင့် ဧရာဝတီဆန်များကို ပြောင်းလဲ စားသုံးလာကြ ကြောင်း၊ ထို့ကြောင့် ဧရာဝတီဆန်သည်လည်း ဈေးနှုန်းလိုက်ပါမြင့်တက်လာပြီး ရှားလာသည့် အခြေအနေ တွေ့မြင်လာရသည်ဟု ရန်ကုန်တိုင်းဒေသကြီး ဝါးတန်းလမ်းကုန်စည်ဒိုင်မှ ဆန်ရွှေဘိုရောင်းဝယ်ရေး ပိုင်ရှင် ဦးရှိုင်းဝင်းလတ်က ပြောသည်။

၎င်းက“ဆန်ဝယ်တဲ့အခါမှာ ဈေးကတော့ တက်တာပေါ့။ ၅ ထောင်၊ ၇ ထောင်လောက် တက်နေတော့ ဝယ်ဈေးတွေမှာ ဈေးတွေက အရမ်းတက်နေတယ်။ ပြီးတော့ ပစ္စည်းကလည်း အရင်ကလိုမျိုးကြီး ပေါပေါလောလော မရတော့ဘူးပေါ့ ဝယ်ရတာ ပြုရတာလည်း အဲလိုမျိုးတော့ ရှိတယ်။ သယ်ယူပို့ဆောင်ရေးက ခက်တာပေါ့နော်။ တချို့ ကားသမားတွေဆိုရင် ကားတွေ သိပ်မထွက်ရဘူးပေါ့နော် ပို့ဖို့အတွက်။ ဈေးက အရမ်းမြင့်နေတဲ့အခါကျတော့ စားသုံးသူဘက်ကလည်း ရွှေဘိုဆန်ထက်စာရင် တခြား ဧရာဝတီဘက်က ဈေးသက်သာတဲ့ဘက်ကိုပဲ လိုက်နေ တော့ အဝယ်အေးတာလည်း ပါတာပေါ့။ ဧရာဝတီဆန်တွေတောင်မှ ဈေးတွေတက်လာပြီလေ။ ရွှေဘိုဆန် အရမ်းဈေးတက်လို့ဆိုပြီး ဧရာဝတီဆန်လောက်ပဲ စားတယ်။ တချို့ဆန်တွေဆို ဝယ်လို့တောင် သိပ်မရဘူး ဒိုင်တွေမှာ ရှားနေတယ် အဲလိုမျိုးလေးတွေလည်း တွေ့တယ်ပေါ့နော်” ဟု CNI သတင်းဌာနသို့ ပြောသည်။

ရွှေဘိုဆန်ကို ရန်ကုန်တိုင်းဒေသကြီးနှင့် တောင်တန်းဒေသမှ စားသုံးမှုများပြားပြီး တခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ စားသုံးမှုအနည်းငယ်သာ ရှိသည်ဟု သိရသည်။

ရွှေဘိုဒေသသည် နယ်မြေတည်ငြိမ်မှု မရှိခြင်းကြောင့် တောင်သူလယ်သမားများအနေဖြင့် စပါးစိုက်ပျိုးရန် အခက်အခဲရှိနေပြီး ယခုနှစ်တွင် စိုက်ပျိုးမှုနှုန်းသည် ၇၅ ရာခိုင်နှုန်းပင် မရှိကြောင်း ဆန်စက်ပိုင်ရှင်များက ပြောသည်။

ထို့အပြင် စိုက်ပျိုးထားသည့် စပါးများသည် ဒီဇင်ဘာလတွင် ရိတ်သိမ်းကြရမှာဖြစ်သော်လည်း နယ်မြေတည်ငြိမ်မှု မရှိပါက ဆန်စက်ပိုင်ရှင်များနှင့် ကုန်သည်များက သွားရောက်ဝယ်ယူနိုင်ကြမည်မဟုတ်ကြောင်း ဆန်စက် လုပ်ငန်းရှင်များက ပြောသည်။