CNI International News

ကိုလံဘို၊ ဩဂုတ် ၁၉

ယခုလအကုန်ပိုင်း၌ သီရိလင်္ကာသို့ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) မှ တာဝန်ရှိသူများ ရောက်ရှိလာစဉ်အတွင်း သီရိလင်္ကာ ဗဟိုဘဏ်အုပ်ချုပ်ရေးမှူးက ၎င်းတို့အစိုးရအနေဖြင့် ဘဏ္ဍာရေးကယ်ဆယ်ရန် ဦးတည်နိုင်သော ပဏာမ သဘောတူညီချက်တစ်ရပ် ရရှိနိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်ဟု အေပီသတင်းတစ်ပုဒ်တွင် တွေ့ရသည်။

အိန္ဒိယသမုဒ္ဒရာထဲ၌ အချက်အချာကျသော ကျွန်းနိုင်ငံဖြစ်သည့် သီရိလင်္ကာသည် အတိအလင်း ဒေဝါလီခံထားရပြီး စီးပွားရေး အကျပ်အတည်း ပိုမိုဆိုးရွားလာမှုကြောင့် လူထုဆန္ဒပြမှုများ ပြင်းထန်လာခဲ့သဖြင့် ယခင်လ၌ သမ္မတဟောင်း ဂိုတာဘာယာ ရာဂျာပက်ဆာ ရာထူးကနေ နုတ်ထွက်၍ နိုင်ငံအတွင်းမှ ထွက်ပြေးခဲ့ရသည်။

ယခုရင်ဆိုင်နေရသော အကျပ်အတည်းသည် IMF နှင့် ညှိနှိုင်းမှုများ၌ ခက်ခဲနေခဲ့ကြောင်း အစိုးရက ပြောကြားခဲ့သည်။

သီရိလင်္ကာ ဗဟိုဘဏ် အုပ်ချုပ်ရေးမှူး နန်ဒလင်းဝီရာဆင်းက “IMF တာဝန်ရှိသူများနှင့် သီရိလင်္ကာအစိုးရတို့သည် ညှိနှိုင်း မှုများအတွင်း မူဝါဒရေးရာပိုင်းအတွက် ဝန်ထမ်းအဆင့် သဘောတူညီချက် အပြီးသတ်နိုင်မည်ဟု မျှော်လင့်ထားကြောင်း” ပြောကြားခဲ့သည်။

သီရိလင်္ကာ ဆန္ဒပြသူများနဲ့ လုံခြုံရေးတပ်ဖွဲ့ (AP)

သီရိလင်္ကာသည် ပြီးခဲ့သည့် ဧပြီလတွင် ပြည်ပချေးငွေများကို အကျေအလည် ပြန်မဆပ်နိုင်တော့ကြောင်း ကြေညာခြင်းဖြင့် လူမွဲစာရင်းဝင်(ဒေဝါလီ)နိုင်ငံအဖြစ်သို့ ဆိုက်ရောက်သွားခဲ့ရသည်။

၎င်း၏ စုစုပေါင်း ကြွေးမြီသည် ဒေါ်လာ ၅၁ ဘီလီယံဖြစ်ပြီး လာမည့် ၂၀၂၇ ခုနှစ်အရောက်တွင် ဒေါ်လာ ၂၈ ဘီလီယံအထိ အကြွေးနွံထဲ နစ်နေသည်။ သို့ဖြစ်၍ တင်ရှိနေသော ကြွေးမြီအားလုံးကို ပြန်လည် စုစည်းသုံးသပ်ရန်လိုကြောင်း နန်ဒလင်း ဝီရာဆင်းက သတင်းထောက်များအား ရှင်းပြခဲ့သည်။

IMF နှင့် လတ်တလော ရရှိထားသည့် သဘောတူညီချက်မှာ လာမည့် ၁၀ နှစ်အတွင်း အောင်မြင်စွာ ကြွေးမြီ ပပျောက်ရေး အတွက် ရှင်းလင်းတိကျစွာ ပုံဖော်နိုင်ရေး ဖြစ်ကြောင်း၊ ခိုင်မာသည့် သဘောတူညီချက်တစ်ရပ် ထပ်မံထွက်ပေါ်လာလျှင် သီရိလင်္ကာသည် အချုပ်အခြာအာဏာ ပိုင်ဆိုင်သူများနှင့် အခြားပြည်ပ ကြွေးမြီရှင်များထံ ချဉ်းကပ်ရလိမ့်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

“တစ်ချိန်ချိန်မှာ IMF က ထောက်ခံတဲ့ ကျနော်တို့ရဲ့ မက်ခရိုစီးပွားရေး အစီအစဉ်ကို ပေါ်ထွက်လာပြီဆိုတာနဲ့ ကျနော်တို့ရဲ့ ကြွေးရှင်တွေ အားလုံးကနေ သီရိလင်္ကာကို ပံ့ပိုးနိုင်ကြမယ်လို့ မျှော်လင့်ပါတယ်” ဟု ဝီရာဆင်းက ဆက်လက် ပြောကြားခဲ့ သည်။

ပြီးခဲ့သည့် ရက်သတ္တပတ် နှစ်ပတ်အတွင်း ၎င်းတို့အစိုးရသည် IMF နှင့်လက်တွဲ၍ ၄ နှစ်ကြာ ဘဏ္ဍာရေး ကယ်ဆယ်မည့် အစီအစဉ်အတွက် ဆွေးနွေးခဲ့ကြကြောင်း၊ ကြွေးမြီဖိစီးမှုမှ ရုန်းထွက်၍ ပြန်လည်ထူထောင်ရေး အပြီးသတ် အတည်ပြု နိုင်ခဲ့ ကြောင်း လက်ရှိ အုပ်ချုပ်နေသည့် သမ္မတသစ်ဖြစ်သူ ရာနေးလ်ဝီကရီမီဆင်က ကြေညာခဲ့သည်။

Source: AP