CNI News

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁၉

၂၀၂၂ - ၂၀၂၃ ကြံစိုက်ရာသီအတွက် တောင်သူများထံမှ ကြံတစ်တန်လျှင် ကျပ် ၈ သောင်းအထိ သကြားစက်ရုံ များက ပေးဝယ်နေသည်ဟု ကြံစိုက်တောင်သူများထံမှ သိရသည်။

ယခု ပေးဝယ်လာနေသည့် ကြံတစ်တန် ၈ သောင်းကျပ်သည် တောင်သူများနှင့် သကြားစက်ရုံများအတွက် အဆင်ပြေသည့် ဈေးနှုန်းအနေအထား ဖြစ်သည်ဟု မြန်မာနိုင်ငံ သကြားနှင့်ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များ အသင်း ဒုတိယဥက္ကဋ္ဌ ဦးဝင်းဋ္ဌေးက CNI သတင်းဌာနသို့ ပြောသည်။

“စိုက်ပျိုးမှုအပိုင်းမှာတော့ အခုဆိုရင် ကြံတစ်တန်ကို ၈ သောင်းအထိ ပေးလာပြီပေါ့နော်။ ၂၀၂၂ - ၂၀၂၃ ကြံရာသီ အတွက် ကြိုတင်ပြီး ဈေးဖွင့်နေပြီ။ အဲတော့ ပြီးခဲ့တဲ့ဟာကလည်း ၆ သောင်း ၈ ထောင်အထိရခဲ့တော့ စိုက်ဧကက သိပ်မဆိုးဘူးပေါ့နော်။ တိုးတဲ့ဒေသတွေက တချို့က စက်ရုံအသစ် တိုးတဲ့ဒေသတွေလည်း ရှိတယ်ပေါ့။ ရှမ်းမြောက်ဟာမျိုးဆိုရင် စက်ရုံတွေက တိုးတာမျိုး ရှိတယ်လေ။ အဲဒါကျတော့ စိုက်ဧကလည်း နည်းနည်း တိုးလာ တယ်။ စိုက်တဲ့တောင်သူအတွက်ကတော့ ဒီ ၈ သောင်းကတော့ မဆိုးပါဘူး။ အရင်နှစ်က စိုက်ထားတာပေါ့နော် ၈ သောင်းရမှာဆိုတော့လေ။ အခု စိုက်သစ်ကသာ ဒီဇယ်ဈေးတို့ ဘာတို့ မြင့်တက်တဲ့အခါကျတော့ လာမယ့်နှစ်ကျ တော့ ဈေးနည်းနည်း ဟိုဟာဖြစ်မှရမှာပေါ့နော်။ အဲတော့ ဒီ ၈ သောင်းကတော့ စက်ရုံအတွက်လည်း သိပ်ပြဿနာ မရှိဘူး။ တောင်သူတွေအနေနဲ့လည်း ဒါလေးကတော့ သိပ်မဆိုးဘူးလို့ ထင်တယ်” ဟု ပြောသည်။

ပြီးခဲ့တဲ့နှစ် ကြံစိုက်ရာသီတွင် ကြံတစ်တန်လျှင် ကျပ် ၆ သောင်းခန့်သာ သတ်မှတ်ပေးခဲ့သည်။

သို့သော် လက်ရှိတွင် သကြားဈေးနှုန်း မြင့်တက်နေခြင်း၊ တောင်သူများ ရင်ဆိုင်နေရသည့် သွင်းအားစုစရိတ် မြင့်တက်လာခြင်းကို ဖြေရှင်းနိုင်ရန်နှင့် လာမယ့်ကြံရာသီအတွက် စိုက်ဧက တိုးတက်လာစေဖို့ ရည်ရွယ်ပြီး တိုးမြှင့်ဝယ်ယူခြင်းဖြစ်သည်ဟု သိရသည်။

ကြံချောင်းများ စီရီနေစဉ်(ဓါတ်ပုံ-credit)

စစ်ကိုင်းတိုင်းဒေသကြီးမှ ကြံစိုက်တောင်သူ ဦးမောင်ဆွေက “တောင်သူတွေအတွက် မဆိုးပါဘူး။ အခု သယ်ယူ စရိတ်နဲ့ ဘာနဲ့ တောင်သူတွေကလည်း ဒီကြံစက်ရုံ အရောက်ဈေးကို ပို့ခတို့၊ တင်ခတို့၊ ကားခတို့ နောက် ဒီဇယ် ဈေးကြီးတာနဲ့ ဘာနဲ့ဆိုတော့ ၃ သောင်းဝန်းကျင်လောက် ကျန်မှာပါ။ ၁ တန်ကို ၃ သောင်းလောက် ကျန်မှာပေါ့” ဟု CNI သတင်းဌာနသို့ ပြောသည်။

စိုက်ပျိုးရေးဝန်ကြီးဌာန၏ ထုတ်ပြန်သည့် စာရင်းများအရ မြန်မာနိုင်ငံတစ်ဝှမ်း ကြံစိုက်ဧကသည် ၄ သိန်းဝန်းကျင် ခန့်ရှိသည်ဟု တွေ့ရှိရသော်လည်း အမှန်တကယ် စိုက်ပျိုးနေသည့် ပမာဏသည် ယင်းထက်များသည်ဟု သိရ သည်။

ထို့နောက် မြန်မာနိုင်ငံတွင် ကြံစိုက်ပျိုးရာ၌ သစ်တောကြိုးဝိုင်းဧရိယာများတွင် စိုက်ပျိုးနေမှုများ ရှိသည့်အတွက် ယင်းမြေများကို သစ်တောဌာနမှ စွန့်လွှတ်၍ တောင်သူများကို လုပ်ပိုင်ခွင့်များ ပေးမည်ဆိုပါက စိုက်ပျိုးမှုနှုန်းများ တိုးများလာမည် ဖြစ်သည်ဟု မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်း ဦးဝင်းဋ္ဌေးက CNI သို့ ပြောသည်။

“အမှန်ကတော့ ကြံစိုက်ပျိုး ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်အောင် စက်ရုံတွေ တိုးလာအောင်ဆိုရင်တော့ ၁၅ နှစ်၊ အနှစ် ၂၀ သစ်တော ဧရိယာထဲမှာ ကြံစိုက်လာတဲ့ဟာတွေကို သစ်တောက စွန့်လွှတ်ပေးသင့်တာပေါ့။ သစ်တော က စွန့်လွှတ်ပေးမယ်ဆိုရင်တော့ သူတို့လည်း ပုံစံ ၇ တွေ ရမယ်။ ငွေတွေ ဘာတွေ ချေးလို့ရမယ်။ ပိုပြီး တိုးချဲ့ပြီး စိုက်ပျိုးလို့ရမှာပေါ့။ အဲဒါကတော့ မြန်မာပြည်အနှံ့အပြားမှာ ရှိတယ်။ စစ်ကိုင်းဘက်မှာလည်း ရှိတယ်။ ရှမ်းဘက် မှာလည်း ရှိတယ်။ ပဲခူးဘက်မှာလည်း ရှိတယ်” ဟု ပြောသည်။

လက်ရှိ ရရှိနေသည့် ကြံတစ်တန်ဈေးနှုန်း ၈ သောင်းသည် ၂၀၂၁ ခုနှစ်တွင် စိုက်ပျိုးထားသည့် တောင်သူများ အတွက် အဆင်ပြေသော်လည်း ယခုနှစ် ဆောင်းရာသီတွင် စိုက်ပျိုးမည့် တောင်သူများအနေဖြင့် ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ စက်သုံးဆီ စသည့် စိုက်ပျိုးစရိတ်များ ဈေးနှုန်းမြင့်တက်နေခြင်းကြောင့် ၎င်းတို့အတွက် လက်ရှိ ပေးနေသည့် ဈေးနှုန်းထက် ပို၍ ရရှိမှသာဖြစ်မည်ဟု ကြံစိုက်တောင်သူများက ပြောသည်။