CNI International News

ကိုလံဘို၊ ဇူလိုင် ၆

ဒေဝါလီခံရခြင်းနှင့်အတူ ချွတ်ခြုံကျနေသော နိုင်ငံဖြစ်သဖြင့် ဘဏ္ဍာရေးကယ်ဆယ်ရန် နိုင်ငံတကာငွေကြေး ရန်ပုံငွေအဖွဲ့ (IMF)နှင့် ညှိနှိုင်းဆွေးနွေးမှုသည် ယခင်ကထက် ပိုမိုရှုပ်ထွေးပြီး ခက်ခဲလှကြောင်း သီရိလင်္ကာဝန်ကြီးချုပ်က ဇူလိုင် ၅ ရက် တွင် ရင်ဖွင့်ပြောကြားခဲ့ကြောင်း အေပီသတင်းဌာနက ရေးသားဖော်ပြသည်။

ဝန်ကြီးချုပ် ရာနေးဝီကရီမန်ဆင်သည် မိမိတို့နိုင်ငံသို့ လာရောက်ခဲ့သော IMF မစ်ရှင်အဖွဲ့နှင့် မကြာသေးမီက ဆွေးနွေးမှု များမှာ အကျိုးဖြစ်ထွန်းခဲ့သော်လည်း ယခင်ကဲ့သို့ ရိုးရှင်းခြင်းမရှိကြောင်း လွှတ်တော်အမတ်များကို ရှင်းပြခဲ့သည်။

တောင်အာရှဒေသရှိ ကျွန်းနိုင်ငံဖြစ်သော သီရိလင်္ကာသည် ၎င်း၏သမိုင်းတလျှောက် အဆိုးရွားဆုံး စီးပွားရေး အကျပ်အတည်း နှင့် ရင်ဆိုင်နေရသည်။

သီရိလင်္ကာနိုင်ငံရှိ ပြည်သူများသည် မရှိမဖြစ် လိုအပ်သော အစားအစာ၊ လောင်စာဆီ၊ မီးဖိုချောင်သုံး ဓာတ်ငွေ့နှင့် ဆေးဝါး များ ပြတ်လပ်ခဲ့သဖြင့် တန်းစီစောင့်ဆိုင်း ဝယ်ယူခဲ့ရသည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အစိုးရက စာသင်ကျောင်းများ ပိတ်ခိုင်းထားခဲ့ပြီး မရှိမဖြစ် ဝန်ဆောင်မှုမှအပ အခြားဝန်ထမ်းများကို နေအိမ်တွင်သာနေ၍ အလုပ်လုပ်စေခဲ့သည်။

“ကျနော်တို့နိုင်ငံဟာ အရင်လည်း IMF နဲ့ အကြိမ်ကြိမ် ဆွေးနွေးခဲ့ပါတယ်။ အခု တစ်ခေါက်ကျတော့ အခြေအနေ အရင်နဲ့ မတူတော့ဘူးဗျ။ အရင်တုန်းကတော့ သူတို့က ဖွံ့ဖြိုးဆဲ နိုင်ငံတစ်နိုင်ငံအနေနဲ့ ကျနော်တို့ကို ဆွေးနွေးတာ” ဟု ဝန်ကြီးချုပ် ဝီကရီမန်ဆင်က ပြောကြားခဲ့သည်။

သီရိလင်္ကာ ပြည်သူများကိုတွေ့ရစဉ် (AP)

“ဒါပေမယ့် အခု အခြေအနေကျတော့ သူတို့က တစ်မျိုးဖြစ်သွားပြီ။ အခုဆိုရင် ကျနော်တို့က ချွတ်ခြုံကျသွားတဲ့ နိုင်ငံအနေနဲ့ ဆွေးနွေးနေရပါတယ်။ ဒါကြောင့် ကျနော်တို့မှာ ပိုခက်ခဲပြီး ရှုပ်ထွေးတဲ့ အနေအထားကို ရင်ဆိုင်ရဦးမှာပါ”ဟု ၎င်းက စီးပွားရေး ပြန်လည်ဦးမော့လာစေမည့် လမ်းပြမြေပုံကို လွှတ်တော်အမတ်များ ရှေ့မှောက်ရှင်းပြရင်း ပြောကြားခဲ့သည်။

ဘဏ္ဍာရေးနှင့် ကယ်ဆယ်ရေးအတွက် ပဏာမ သဘောတူညီချက်ကို IMF ၏ ဒါရိုက်တာဘုတ်အဖွဲ့ထံမှ အတည်ပြုချက် ရယူ ရန် တင်ပြထားကြောင်း ဝီကရီမန်ဆင်က အစောပိုင်းတွင် ပြောကြားခဲ့သည်။

“ဒါပေမယ့် ကျနော်တို့နိုင်ငံဟာ ဒေဝါလီခံရတာနဲ့ ကြွေးမြီတွေ ရေရှည် မဆပ်နိုင်တာနဲ့ပတ်သက်ပြီး သီးခြားတင်ပြရမှာပေါ့။ အဲဒီအစီအစဉ်ကို သူတို့ကျေနပ်မှပဲ အလယ်ဝန်ထမ်းအဆင့် သဘောတူညီချက် ရမှာဖြစ်ပါတယ်။ ဒါက ဖြောင့်ဖြောင့်တန်း တန်း လုပ်လို့ရတဲ့ လုပ်ငန်းစဉ် မဟုတ်ပါဘူး” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

သီရိလင်္ကာ၏ ဘဏ္ဍာရေးဆိုင်ရာ ဥပဒေအကြံပေးများသည် လာမည့်ဩဂုတ်လတွင် တင်သွင်းမည့် ကြွေးမြီနှင့်ပတ်သက်သည့် အစီရင်ခံစာကို ရေးသားပြုစုနေကြောင်း ဝန်ကြီးချုပ်က အသိပေး ပြောကြားခဲ့သည်။

Source: AP