CNI International News

ဘန်ကောက်၊ ဇူလိုင် ၆

ထိုင်းနိုင်ငံသို့ ရင်းနှီးမြှုပ်နှံမှုအရှိန်မြှင့်ရန်အတွက် တရုတ်ကို ဖိတ်ခေါ်ကြောင်း၊ မိမိတို့နိုင်ငံ၏ မဟာဗျူဟာမြောက် တည်နေရာသည် ဒေသတွင်း ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ အချက်အချာကျသည့်နေရာဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ပြောကြားခဲ့သည်ဟု ဘန်ကောက်ပို့စ်သတင်းအရ သိရသည်။

ဇူလိုင် ၅ ရက်တွင် တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိထံသို့ ဗိုလ်ချုပ်ကြီး ပရာယွတ်က အထက်ပါသတင်းစကားများဖြင့် သဝဏ်လွှာပေးပို့ခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ထိုင်းနိုင်ငံသို့ ဇူလိုင် ၄ ရက်တွင် ရောက်ရှိလာခဲ့ပြီး ဇူလိုင် ၅ ရက်တွင် ၎င်းနှင့်အဆင့်တူ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမူဒဝီနိုင်း (Don Pramudwinai) နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း ဘန်ကောက်ပို့စ်သတင်းအရ သိရသည်။

ကပ်ရောဂါကာလအတွင်း တရုတ်၏ကူညီပံ့ပိုးမှုများကို ထိုင်းဝန်ကြီးချုပ်အနေဖြင့် ကျေးဇူးတင်ရှိပါကြောင်း ထိုင်း အစိုးရပြောခွင့်ရသူ သနာကွန်ဝမ်ဘောင်ကွန်ချနာက တွေ့ဆုံမှုအကျဉ်းချုပ်၌ ထည့်သွင်းပြောကြားခဲ့သည်။
တရုတ်နိုင်ငံတောင်ပိုင်းတွင် ဖြစ်ပွားခဲ့သော ရေကြီးရေလျှံမှုများနှင့်ပတ်သက်၍ စိုးရိမ်မကင်းဖြစ်မိကြောင်း၊ အခြေ အနေကို အမြန်ထိန်းချုပ်နိုင်မည်ဟု မျှော်လင့်ကြောင်း ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယွတ်က ဝမ်ယိထံသို့ တစ်ဆင့်စကား လက်ဆောင်ပါးခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမူဒဝီနိုင်းတို့ တွေ့ဆုံစဉ်

တရုတ်-ထိုင်း နှစ်နိုင်ငံရင်းနှီးသောဆက်ဆံရေးကို ပရာယွတ်က ချီးကျူးပြောကြားခဲ့ပြီး မိမိတို့နိုင်ငံများ၏ ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုမှာ ယခုနှစ်ဆိုလျှင် ၁၀ နှစ်ပြည့်နှစ်ပတ်လည် တိုင်ခဲ့ပြီဖြစ်ကြောင်း အသိအမှတ်ပြု ဂုဏ်ပြုခဲ့သည်။

ဆက်ဆံရေးပိုမိုခိုင်မာစေရန်အတွက် နှစ်ဘက်စလုံးက မူအားဖြင့် သဘောတူခဲ့ကြကြောင်း ထိုင်းအစိုးရ ပြောခွင့် ရသူက ဆက်လက်ပြောကြားခဲ့သည်။

ယခုနှစ် ဇန်နဝါရီလမှ ဧပြီလအတွင်း ၂၀ ရာခိုင်နှုန်းကျော် ခုန်တက်ခဲ့သော နှစ်နိုင်ငံကုန်သွယ်မှုပမာဏ တိုးလာမှု အပေါ် အပြုသဘော ရှုမြင်မိကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။ ထိုင်းသို့ လယ်ယာထွက်ကုန် တင်ပို့ရာ တွင် တရုတ်၏ကူညီဆောင်ရွက်ပေးမှုကို ကျေးဇူးတင်ရှိပါကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

“ဗိုလ်ချုပ်ကြီးပရာယွတ်က ထိုင်းမှာ ရင်းနှီးမြှုပ်နှံမှုတွေ အရှိန်မြှင့်ဖို့ တရုတ်နိုင်ငံကို ဖိတ်ခေါ်ပါတယ်” ဟု ထိုင်း အစိုးရပြောခွင့်ရသူ မစ္စတာသနာကွန်က ပြောကြားခဲ့သည်။

ထိုင်းတွင် လျှပ်စစ်ကားများနှင့် စိုက်ပျိုးရေး အစရှိသည့်လုပ်ငန်းများ၌ တရုတ်ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံနိုင်ရန် အရှေ့ပိုင်းစီးပွားစင်္ကြန် (EEC) အဆင်သင့်ဖြစ်နေပြီဟု ဝန်ကြီးချုပ်၏ကိုယ်စား ထိုင်းအစိုးရပြောခွင့်ရသူက ဖြည့်စွက်ပြောကြားခဲ့သည်။

Source: Bangkok Post