CNI International News

ဘန်ကောက်၊ ဒီဇင်ဘာ ၉

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသူများကို လူသားချင်း စာနာထောက်ထား မှုဆိုင်ရာ အကူအညီများပေးရန်အတွက် အထူးတာဝန်အဖွဲ့ ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ရိုက်တာမှ ဖော်ပြခဲ့ သည်။

ထိုအထူးတာဝန်အဖွဲ့သည် အခြား အကူအညီပေးရေး အေဂျင်စီများနှင့်လည်း ပူးပေါင်းဆောင်ရွက်သွားမည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၉ ရက်တွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံနှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ)၊ နိုင်ငံတကာ အသိုင်းအဝိုင်းတို့အကြား ခိုင်မာသည့် ပူးပေါင်းဆောင်ရွက်မှုများကို ဖြစ်ပေါ်စေရန် ထိုအစီအစဉ်က အထောက်အကူ ပြုပေးလိမ့်မည်ဟု မျှော်လင့် ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ နယ်စပ်ဒေသများတွင် တပ်မတော်နှင့် လက်နက်ကိုင်အဖွဲ့များအကြား တိုက်ပွဲများ ပြင်းထန်နေပြီး လက်နက်ကိုင်အဖွဲ့များက လုံခြုံရေးတပ်ဖွဲ့များကို ပစ်မှတ်ထား တိုက်ခိုက်လျက်ရှိသည်။

အောက်တိုဘာလကုန်ပိုင်းက လက်နက်ကိုင်အဖွဲ့များ၏ ထိုးစစ်ဆင် တိုက်ခိုက်မှုများ စတင်ဖြစ်ပွားခဲ့ချိန် ကတည်း က လူပေါင်း ၃၀၀,၀၀၀ ကျော်သည် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း ကုလသမဂ္ဂက ခန့်မှန်းပြောကြားခဲ့သည်။

ယခုဖြစ်ပွားနေသည့် တိုက်ခိုက်မှုများသည် တပ်မတော်က အာဏာကို ရယူခဲ့ပြီးနောက်ပိုင်း တပ်မတော်အတွက် အကြီးမားဆုံး စိန်ခေါ်မှုတစ်ခုဖြစ်ခဲ့ပြီး ဒုက္ခသည်များ အစုလိုက်အပြုံလိုက် ဝင်ရောက်လာနိုင်သည့်် အခြေအနေ အပေါ် တရုတ်နှင့် ထိုင်းနိုင်ငံတို့ကို စိုးရိမ်စေခဲ့သည်။

ယခုကိစ္စအပေါ် ဆွေးနွေးမှုများ ပြုလုပ်ရန် မြန်မာနိုင်ငံသည် လုပ်ငန်းတာဝန်အဖွဲ့ တစ်ဖွဲ့ မကြာမီ စေလွှတ်သွား မည်ဖြစ်ကြောင်း၊ ကနဦး အဆင့်များ အောင်မြင်စွာ လုပ်ဆောင်နိုင်ပါက အခြား အကူအညီပေးရေး အေဂျင်စီများ ကိုလည်း ဖိတ်ကြားသွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပန်ပရီ ဘာဟစ်ဒါ နူကာရာ (Parnpree Bahidha-Nukara) တို့သည် တရုတ်နိုင်ငံတွင် ပြုလုပ်သည့် မဲခေါင်-လန်ချန် ပူးပေါင်းဆောင်ရွက်ရေး (Mekong-Lancang Cooperation) အစည်းအဝေးတွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

၎င်းတို့နှစ်ဦး၏ ဆွေးနွေးမှုများအတွင်း နှစ်နိုင်ငံပူးပေါင်းသည့် အထူးတာဝန်အဖွဲ့ကို ဖွဲ့စည်းရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Source: ရိုက်တာ