CNI International News

ဟောင်ကောင်၊ ဧပြီ ၁

ဟောင်ကောင်တွင် နေထိုင်လျက်ရှိသည့် မြန်မာနိုင်ငံသားများသည် မတ်လ ၂၈ ရက်က မြန်မာနိုင်ငံ၌ လှုပ်ခတ်ခဲ့ သည့် အင်အားပြင်း ငလျင်အကြောင်းကို လူမှုမီဒီယာများပေါ်မှာ မြင်တွေ့ရချိန် မြန်မာနိုင်ငံတွင် နေထိုင်ကြသူများ အတွက် အလွန်စိုးရိမ်ခဲ့ကြကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။

ဟောင်ကောင်တွင် ပညာသင်ကြားနေသည့် အသက် ၂၄ နှစ်အရွယ် မြန်မာကျောင်းသူ မေရီ (Mary) သည် ငလျင် လှုပ်ခတ်သည့် အကြောင်းကို သိရှိခဲ့ချိန်၌ မြန်မာနိုင်ငံရှိ ၎င်း၏ မိသားစုဝင်များနှင့် မိတ်ဆွေများအတွက် စိုးရိမ်ခဲ့ ကြောင်း ပြောကြားခဲ့သည်။

“အဲဒီအချိန်က ကျမရဲ့ Facebook မှာ ဘန်ကောက်မှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်သတင်းတွေသာ တက်နေပေမယ့် သတင်းတွေကို သေချာဖတ်ပြီးတဲ့ နောက်မှာတော့ ငလျင်ဗဟိုချက်က ကျမတို့ နိုင်ငံဖြစ်တယ်ဆိုတာကို သိလိုက် ရချိန်မှာ တစ်ခုခုမှားနေပြီဆိုတာ ခံစားလိုက်ရတယ်” ဟု မေရီက ပြောသည်။

ထို့နောက် မေရီသည် မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်ပြီး ငလျင်ဒဏ်ကို အပြင်းထန်ဆုံးခံခဲ့ရသည့် ၎င်း၏ မွေးရပ်မြို့ဖြစ်သည့် မန္တလေးမြို့ရှိ မိသားစုများနှင့် သူငယ်ချင်းများကို ဆက်သွယ်ရန် ကြိုးစားခဲ့သည်။

ငလျင်ကြောင့် ပြိုကျနေတဲ့ အဆောက်အအုံများကို တွေ့ရစဉ်

သို့သော်လည်း ၎င်း၏ မိသားစုဝင်များနှင့် မိတ်ဆွေများသည် အွန်လိုင်းပေါ်တွင် ရှိမနေကြကြောင်း သိရသည်။

ထို့နောက် မြန်မာနိုင်ငံ၏ ငလျင်သတင်းကို facebook ပေါ်တွင် အနည်းငယ်သာ မြင်တွေ့ခဲ့ရသည်ဟု သူမက ပြောသည်။

“ကျမ အရမ်းစိုးရိမ်ပြီး ကြောက်လန့်သွားပါတယ်။ မိနစ်အနည်းငယ်အတွင်း ဘာမဆို ဖြစ်သွားနိုင်တယ်ဆိုတာ သိလိုက်ရတယ်လေ။ မိနစ်အနည်းငယ်အတွင်း မိသားစုနဲ့ သူငယ်ချင်းတွေ ဆုံးရှုံးသွားနိုင်တယ်”ဟု မေရီက ပြောကြားခဲ့သည်။

မေရီကဲ့သို့ပင် ဟောင်ကောင်ရောက် မြန်မာအသိုင်းအဝိုင်းသည်လည်း မြန်မာနိုင်ငံ၏ အခြေအနေအတွက် စိုးရိမ်ပူပန်ခဲ့ကြသည်ဟု ဆိုသည်။

လက်ရှိတွင် ဟောင်ကောင်ရှိ မြန်မာအသိုင်းအဝိုင်းသည် အခြေအနေကို အနီးကပ် စောင့်ကြည့်နေပြီး အချင်းချင်း ပံ့ပိုးကူညီမှုများပေးနေကာ ဒေသတွင်း ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် မိမိတို့၏ ဆွေမျိုးသားချင်း များကို ကူညီထောက်ပံ့ရန် အသင့်ပြင်ထားကြသည်။

 ငလျင်ကြောင့် ပြိုကျနေတဲ့ အဆောက်အအုံများကို တွေ့ရစဉ်

ဟောင်ကောင်အစိုးရကမူ မြန်မာနိုင်ငံ၏ ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများကို ကူညီပေးသည့် အနေဖြင့် မတ်လ ၂၉ ရက်က မီးသတ်သမားများ၊ လူနာတင်ယာဉ် ဝန်ထမ်းများ အပါအဝင် ရှာဖွေကယ်ဆယ်ရေး ဝန်ထမ်း ၅၁ ဦးပါ အဖွဲ့တစ်ဖွဲ့ကို ရှာဖွေကယ်ဆယ်ရေး ခွေးနှစ်ကောင်နှင့်အတူ မြန်မာနိုင်ငံသို့ စေလွှတ်ခဲ့သည်။

၎င်းတို့သည် ကယ်ဆယ်ရေး လုပ်ငန်းများတွင် ကူညီပေးရန်အတွက် အသက်ကယ် ကိရိယာများနှင့် ဂြိုလ်တုခြေရာခံ စနစ်များကဲ့သို့သော စက်ပစ္စည်း ၉ တန်ကို သယ်ဆောင်လာခဲ့သည်။

ထို့ပြင် ဟောင်ကောင်အစိုးရသည် မြန်မာနိုင်ငံရှိ ဒုက္ခသည်များကို ထောက်ပံ့ရန်အတွက် ဘေးဒုက္ခကယ်ဆယ်ရေး ရန်ပုံငွေမှ ဟောင်ကောင်ဒေါ်လာ သန်း ၃၀ (ဒေါ်လာ ၃.၉ သန်းခန့်) ခွဲဝေပေးခဲ့သည်။

Source: South China Morning Post