CNI International News
တိုကျို၊ ဇူလိုင် ၁၂
မြန်မာနိုင်ငံအရှေ့ပိုင်းဒေသတွင် ကျားဖြန့်စင်တာများ အရေအတွက်အားဖြင့် လျင်မြန်စွာ ပျံ့နှံ့နေကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။
ဖေဖော်ဝါရီလ အတွင်းက ကျားဖြန့်စင်တာများကို အကြီးစား စစ်ဆင်ရေးများဖြင့် နှိမ်နင်းခဲ့သည့်တိုင် ကျားဖြန့် စင်တာ ဆောက်လုပ်ရေး လုပ်ငန်းများ ဆက်လက် တည်ရှိနေသဖြင့် ကျားဖြန့်လုပ်ငန်းများအား အမြစ်ပြတ် ခြေမှုန်းနိုင်ခြင်း မရှိကြောင်းကို ပေါ်လွင်စေခဲ့သည်။
Nikkei သတင်းဌာနက ဂြိုဟ်တုဓာတ်ပုံများကို လေ့လာခြင်း၊ မျက်မြင်သက်သေများ၏ ထွက်ဆိုချက်များအား စုဆောင်ခြင်းဖြင့် ကျားဖြန့်လုပ်ငန်းများ၏ အတိုင်းအတာကို ဖော်ထုတ်ခဲ့သည်။
"အထဲမှာ (ကျားဖြန့်စင်တာအတွင်း) နေရတာ အကျဉ်းထောင်ထဲ ရောက်နေသလိုပါပဲ" ဟု တောင်အာရှနိုင်ငံ တစ်နိုင်ငံမှ အမျိုးသားတစ်ဦးက ပြောကြားခဲ့သည်။
သူသည် အကြီးဆုံး ကျားဖြန့်စင်တာများထဲတွင် တစ်ခု အပါအဝင်ဖြစ်သည့် KK Park ကျားဖြန့်စင်တာထဲ၌ ၅ လခန့် ထိန်းသိမ်းခံခဲ့ရသည်ဟု ဆိုသည်။
မြန်မာဘက်မှ ကျားဖြန့်စင်တာလုပ်သားများကို ထိုင်းဘက် လွှဲပေးနေစဉ်
ထိုအမျိုးသားသည် အွန်လိုင်းပေါ်တွင် ပြင်ပမှ အမျိုးသမီးများကို ချစ်ကြိုက်ဟန်ဖြင့် လိမ်ညာပြီး ငွေကြေးများ တောင်းခံခဲ့ရသည်ဟု ဆိုသည်။
သူသည် ကျဉ်းကြပ်သည့် အခန်းတစ်ခန်းထဲတွင် အခြားလူ ၇ ဦးနှင့်အတူ နေထိုင်ရပြီး တစ်ရက်လျှင် ၁၆ နာရီ အလုပ်လုပ်ရကြောင်း ထွက်ဆိုခဲ့သည်။
အကြမ်းဖက်မှုများလည်း မကြာခဏ ဖြစ်ပွားခဲ့ပြီး သူ့အထက် လူကြီးသည် သူ့ကို ဘွတ်ဖိနပ်ဖြင့် ကန်ခဲ့သည်ဟု ဆိုသည်။
အခြားအလုပ်သမား တစ်ဦးသည်လည်း နှိပ်စက်ညှင်းပန်းသည့် အခန်းထဲကို ဆွဲခေါ်သွားခံခဲ့ရပြီး မတ်တပ်ပင် မရပ်နိုင်အောင် ဆိုးရွားစွာ ရိုက်နှက်ခံခဲ့ရသည်ဟု ဆိုသည်။
ထို့ပြင် မြန်မာ-ထိုင်း နယ်စပ်ဒေသ တစ်လျှောက် အလားတူ ကျားဖြန့်စင်တာများလည်း ပေါ်ပေါက်ခဲ့သည်။
Nikkei သတင်းဌာနသည် ဂြိုဟ်တုဓာတ်ပုံများ တရားဝင် မှတ်တမ်းများ၊ ကျွမ်းကျင်သူများနှင့် အင်တာဗျူးများ ပြုလုပ်ခဲ့ပြီးနောက် ထိုကျားဖြန့်စင်တာများသည် ကရင်ပြည်နယ် မြဝတီမြို့အနီး ဝန်းကျင်မှဖြစ်ကြောင်း ခွဲခြား သိရှိခဲ့ခြင်းဖြစ်သည်။
Source: Nikkei Asia