CNI International News
ဘန်ကောက်၊ ဇန်နဝါရီ ၁၇
အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်ဂိုဏ်း)များကို အာဆီယံအဖွဲ့ဝင် နိုင်ငံများ ပူးပေါင်း၍ တိုက်ဖျက်ရန် ထိုင်းဝန်ကြီးချုပ် ပေတုန်တန်က (Paetongtarn Shinawatra)က ဇန်နဝါရီ ၁၆ ရက်က ဘန်ကောက်မြို့တော်တွင် ပြုလုပ်သည့် အာဆီယံဒစ်ဂျစ်တယ်ဝန်ကြီးများ အစည်းအဝေးတွင် ပြောကြားခဲ့သည်ဟု The Nation မှ ဖော်ပြခဲ့ သည်။
ပေတုန်တန်သည် Avani Plus Riverside Bangkok Hotel တွင် ပြုလုပ်သည့် အစည်းအဝေးဖွင့်ပွဲကို ကြီးမှူး ကျင်းပခဲ့ပြီး အာဆီယံအဖွဲ့ဝင် ၉ နိုင်ငံမှ ဒစ်ဂျစ်တယ်ဝန်ကြီးများကို ကြိုဆိုခဲ့သည်ဟု အစိုးရအဖွဲ့ လက်ထောက် ပြောရေးဆိုခွင့်ရှိသူ ကာရွမ် ပိုလ်ပွန်ကလန် (Karom Polpornklang) က ပြောကြားခဲ့သည်။
ပေတုန်တန်က ၎င်း၏ အဖွင့်မိန့်ခွန်းတွင် ကဏ္ဍပေါင်းစုံတွင် အကျိုးအမြတ်ရှိစေမည့် ဒစ်ဂျစ်တယ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန် အာဆီယံနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှု၏ အရေးကြီးပုံကို အဓိကထား ပြောကြားခဲ့သည်။
ပေတုန်တန်ကို တွေ့ရစဉ်
ယခုအစည်းအဝေးသည် ဒစ်ဂျစ်တယ် စီးပွားရေးနှင့်ပတ်သက်ပြီး အတွေးအခေါ်များနှင့် အတွေ့အကြုံများကို ဖလှယ်ခြင်းဖြင့် နှစ်သစ်ကို စတင်ဖွင့်လှစ်နိုင်ရန် အာဆီယံ ဒစ်ဂျစ်တယ်ဝန်ကြီးများအတွက် ကောင်းမွန်သည့် အခွင့်အလမ်း တစ်ခုဖြစ်ကြောင်း ပေတုန်တန်က ပြောကြားခဲ့သည်။
ထို့ပြင် အချက် ၃ ချက်ကို အဓိကအာရုံစိုက် လုပ်ဆောင်ရန်၊ ပထမအချက်မှာ အွန်လိုင်းငွေလိမ် ဂိုဏ်းများကို တိုက်ဖျက်ရန် ပေတုန်တန်က ပြောကြားခဲ့သည်။
အွန်လိုင်းပေါ်တွင် ပြည်သူများ၏ ယုံကြည်မှုကို မြင့်တက်စေရန်နှင့် ဒစ်ဂျစ်တယ်လုံခြုံရေးကို စိတ်ချသေချာစေဖို့ ဒေသတွင်း ပူးပေါင်းဆောင်ရွက်ကြရန်၊ အွန်လိုင်းငွေလိမ်ဂိုဏ်းများသည် ပြည်သူများအတွက် ကြီးမားသည့် ခြိမ်းခြောက်မှုဖြစ်ကြောင်း ပေတုန်တန်က ပြောကြားခဲ့သည်။
ဒုတိယအချက်မှာ သတင်းအမှားများ တိုက်ဖျက်ရေးဖြစ်သည်။
သတင်းအမှားများသည် လူထုအကြား ယုံကြည်မှုများကို ပျက်စီးစေနိုင်ပြီး အာဆီယံအနေဖြင့် ပြည်သူများ ကြားတွင် ဒစ်ဂျစ်တယ် အသိပညာများကို တိုးပွားစေရန် ယန္တရားများ ထူထောင်သင့်ကြောင်း ပေတုန်တန်က အဆိုပြုခဲ့သည်။
ပေတုန်တန်ကို တွေ့ရစဉ်
တတိယအချက်မှာ AI နည်းပညာကို ကောင်းမွန်စွာ ထိန်းချုပ်ကိုင်တွယ်ရန်ဖြစ်သည်။
ထိုင်းသည် ယခုနှစ် ဇွန်လတွင် AI နည်းပညာ ကျင့်ဝတ်စည်းကမ်းများနှင့်ပတ်သက်ပြီး ကမ္ဘာလုံးဆိုင်ရာ ဖိုရမ် တစ်ခုကို လက်ခံ ကျင်းပသွားမည်ဖြစ်ကြောင်း ပေတုန်တန်က ပြောကြားခဲ့သည်။
ထို့နောက် အာဆီယံနိုင်ငံများအကြား အနီးကပ် ပူးပေါင်းဆောင်ရွက်မှုသည် အကျပ်အတည်းများကို အခွင့်အလမ်း များအဖြစ် ပြောင်းလဲသွားစေနိုင်ပြီး နည်းပညာ ဆန်းသစ်ပြောင်းလဲမှုတွင် မည်သည့် အဖွဲ့ဝင် နိုင်ငံကမျှ နောက်ကျ မကျန်စေရန် ဂရုတစိုက် လုပ်ဆောင်ဖို့လိုကြောင်း ပေတုန်တန်က ပြောကြားခဲ့သည်။
Source: The Nation