CNI International News

ဘန်ကောက်၊ အောက်တိုဘာ ၈

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် ပြည်တွင်းစစ်ကို အဆုံးသတ်ရန် အာဆီယံအနေဖြင့် အဓိကနေရာမှ ပါဝင် ဆောင်ရွက်ရမည်ဟု ထိုင်းဝန်ကြီးချုပ် ပေတုန်တန်(Paetongtarn Shinawatra)က အောက်တိုဘာ ၇ ရက်တွင် ပြောကြားခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

ယခု သီတင်းပတ်အတွင်း လာအိုနိုင်ငံတွင် ပြုလုပ်မည့် အာဆီယံခေါင်းဆောင်များ ညီလာခံမတိုင်မီ ပေတုန်တန် က ထိုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် တပ်မတော်က အာဏာကို ရယူခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ကတည်းက တပ်မတော်နှင့် လက်နက်ကိုင်များကြား တိုက်ပွဲများဖြစ်ပွားခဲ့သည်။

"အာဆီယံ အနေနဲ့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး ပြန်လည်ရရှိဖို့ အရေးကြီးတဲ့နေရာက ပါဝင်ဆောင်ရွက် ပေးရပါ မယ်" ဟု ထိုင်းဝန်ကြီးချုပ် ပေတုန်တန်က ပြောသည်။

မြန်မာ့ပဋိပက္ခကို ဖြေရှင်းရန် ထိုင်းသည် လာမည့်နှစ် အာဆီယံဥက္ကဋ္ဌဖြစ်မည့် မလေးရှားနှင့် သံတမန်နည်းလမ်း အရ ပူးပေါင်းဆောင်ရွက်သွားမည်ဟု ၎င်းက ပြောသည်။ 

ထို့ပြင် အောက်တိုဘာ ၉ ရက်တွင် ပြုလုပ်မည့် အာဆီယံ ခေါင်းဆောင်များ ညီလာခံ၌ ကြေညာချက် တစ်စောင် ထုတ်ပြန်ရန် ကြိုးမ်းသွားမည်ဟု ပေတုန်တန်က ပြောသည်။

ထိုင်းဝန်ကြီးချုပ်ဟောင်း ဆရီသာ သာဗီဆင်ကို တွေ့ရစဉ်

ယခင်ဝန်ကြီးချုပ် ဆရီသာ သာဗီဆင် (Srettha Thavisin) ကမူ မြန်မာ့တပ်မတော်သည် အားနည်းနေသဖြင့် ဆွေးနွေးပွဲများအတွက် လမ်းဖွင့်ပေးရာ ရောက်နေကြောင်း၊ ဆွေးနွေးပွဲများနှင့် သဘောတူညီမှုများ ရရှိလိမ့်မည် ဖြစ်ကြောင်း ဧပြီလအတွင်းက ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။

အာဆီယံ၏ ၂၀၂၁ ခုနှစ်၊ ဧပြီလက ထုတ်ပြန်ခဲ့သည့် မြန်မာ့အရေး ဘုံသဘောတူညီချက် ၅ ချက်သည်လည်း တိုးတက်မှု အနည်းငယ်သာ ရရှိခဲ့သည်။

မြန်မာ့တပ်မတော်ကမူ လက်နက်ကိုင်အဖွဲ့များနှင့် ဆွေးနွေးရန် ငြင်းဆိုခဲ့ပြီး လက်နက်ကိုင်အဖွဲ့များကို အကြမ်းဖက်အဖွဲ့များအဖြစ် သတ်မှတ်ခဲ့သည်။

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် နိုင်ငံလူဦးရေ ၅၅ သန်း၏ ၃ ပုံ ၁ ပုံသည် လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ အကူအညီ လိုအပ်နေပြီး ထိုအချက်ကို လာအိုတွင် ပြုလုပ်မည့် ညီလာခံ၌ ဆွေးနွေးသွား မည်ဖြစ်သည်။

ပြီးခဲ့သည့် သီတင်းပတ်ကလည်း အင်ဒိုနီးရှားနိုင်ငံသည် ကုလသမဂ္ဂ၊ မြန်မာ့တပ်မတော် အတိုက်အခံများ ပါဝင် သည့် နိုင်ငံတကာ ညီလာခံတစ်ခုကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည်။

Source: ရိုက်တာ