CNI International News
ဂျီနီဗာ၊ ဧပြီ ၁
အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများအဖွဲ့ချုပ်(IFRC)က မြန်မာနိုင်ငံရှိ အင်အားပြင်း ငလျင် ဒဏ် ကြုံတွေ့ခဲ့ရသူများကို အကူအညီပေးရန်အတွက် မတ်လ ၃၀ ရက်တွင် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော်ကို အရေးပေါ် တောင်းခံထားကြောင်း CNA မှ ဖော်ပြခဲ့သည်။
ကမ္ဘာ့အကြီးဆုံး လူသားချင်းစာနာထောက်ထားမှု ကွန်ရက်ဖြစ်သည့် IFRC ၏ ပြောကြားချက်အရ မြန်မာနိုင်ငံ အလယ်ပိုင်းတွင် မတ်လ ၂၈ ရက်က ရစ်ချ်တာစကေး ၇ ဒသမ ၇ ပြင်းအားရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး နာရီ အလိုက် အကူအညီများ လိုအပ်နေကြောင်း ပြောကြားခဲ့သည်။
“ကူညီထောက်ပံ့မှုတွေကို အရှိန်မြှင့်တင် ဆောင်ရွက်ဖို့အတွက် IFRC အနေနဲ့ အသက်ကယ် ဆောင်ရွက်ချက် တွေနဲ့ လာမယ့် ၂၄ လကျော်အတွင်း အစောပိုင်း ပြန်လည်ထူထောင်ရေးတွေ ဆောင်ရွက်ဖို့အတွက် လူ ၁ သိန်း (အိမ်ထောင်စု ၂ သောင်း)ကို ကူညီနိုင်ရန် အမေရိကန်ဒေါ်လာ ၁၁၅ သန်းကို အရေးပေါ် တောင်းခံလိုက် ရပါ တယ်”ဟု ထုတ်ပြန်ခဲ့သည်။
အပူချိန် မြင့်တက်နေပြီး မုတ်သုံရာသီ ရောက်ရှိလာခြင်းနှင့်အတူ ငလျင်ဒဏ်သင့် နေရာများတွင် ဒုတိယမြောက် အကျပ်အတည်း မပေါ်ပေါက်မီ တည်ငြိမ်မှု ချက်ချင်းလိုအပ်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာငလျင်အတွင်း ပိတ်မိနေတဲ့ ပြည်သူတွေကို ရှာဖွေပေးနေတဲ့ ကယ်ဆယ်ရေးခွေးကလေးကို တွေ့ရစဉ်
“ဒါက သဘာဝဘေးအန္တရာယ်တစ်ခုပဲ မဟုတ်ပါဘူး။ အဲဒါက အားနည်းတဲ့ လူတွေအပေါ် ကျရောက်လာတဲ့ ရှုပ်ထွေးနက်နဲတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းတစ်ခု ဖြစ်ပါတယ်”ဟု IFRC ၏ အာရှပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး အလက်ဇန်းဒါ မာသီယိုက ပြောကြားခဲ့သည်။
“မြန်မာနိုင်ငံဟာ ပြည်တွင်းရွှေ့ပြောင်း နေထိုင်မှုတွေနဲ့ စားနပ်ရိက္ခာ မဖူလုံတဲ့ အခြေအနေကို ဆက်လက် ရင်ဆိုင် နေရပါတယ်။ ဒီငလျင်ဟာ ပြိုလဲနေတဲ့ အခြေအနေကို ပိုပြီးဆိုးရွားစေပါတယ်။ ကမ္ဘာ့အသိုင်းအဝိုင်း အနေနဲ့ ရဲရင့်ပြီး ရေရှည်တည်တံ့တဲ့ တုန့်ပြန်မှုကို ထောက်ပံ့ပေးနိုင်ဖို့ ရှေ့တစ်လှမ်းတိုးရမှာ ဖြစ်ပါတယ်”ဟု ပြောသည်။
ဒေသခံ မြန်မာကြက်ခြေနီအသင်း အနေဖြင့် ကူညီထောက်ပံ့ပေးရန်နှင့် ရှာဖွေရေးနှင့် ကယ်ဆယ်ရေးကြိုးပမ်း အားထုတ်မှုများ ဆောင်ရွက်နိုင်ရန် လေ့ကျင့်ထားသော စေတနာ့ဝန်ထမ်းများကို စေလွှတ်ထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Source: CAN