CNI International News
ဘန်ကောက်၊ ဧပြီ ၁
ထိုင်းနိုင်ငံပိုင် ဘဏ် ၈ ခုသည် ငလျင်ဒဏ်ခံရသူများအတွက် ကယ်ဆယ်ရေး အစီအမံများ ချမှတ်ခဲ့သည်ဟု အစိုးရပြောရေးဆိုခွင့်ရှိသူ အနူကူလ် ပရွတ်ဆန်နူဆက် (Anukul Prueksanusak) က ပြောကြားခဲ့ကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
ထိုအစီအမံများထဲတွင် အကြွေးပြန်ဆပ်ခြင်းကို ဆိုင်းငံ့ပေးခြင်းနှင့် အတိုးနှုန်းနည်းသည့် ချေးငွေ အစီအစဉ်များ ပါဝင်ကြောင်း ၎င်းက ပြောသည်။
ငလျင်ဒဏ်ခံရသော လူပုဂ္ဂိုလ်များနှင့် စီးပွားရေး လုပ်ငန်းများအတွက် ငွေကြေး အစီအမံများသည် ၎င်းတို့၏ ငွေကြေး အခက်အခဲများကို လျော့ပါးသက်သာစေနိုင်ပြီး ၎င်းတို့၏ အသက်မွေးဝမ်းကျောင်းနှင့် လုပ်ငန်းလည်ပတ် မှုတို့ကို အထောက်အကူ ရရှိစေလိမ့်မည်ဖြစ်ကြောင်း အနူကူလ် ပြောကြားခဲ့သည်။
“အစိုးရအနေနဲ့ ငလျင်ဒဏ်ကြောင့် နစ်နာသူတွေ၊ အထူးသဖြင့် အိုးအိမ်နဲ့ စီးပွားရေး ထိခိုက်ခဲ့တဲ့သူတွေကို အကူအညီပေးဖို့ သန္နိဋ္ဌာန် ချထားပါတယ်။ အစိုးရဘဏ်တွေဟာ သက်ဆိုင်သူအားလုံးကို လွှမ်းခြုံကူညီပေးနိုင်ဖို့ အစီအစဉ်တွေကို အရှိန်မြှင့်လုပ်ဆောင်နေပါတယ်” ဟု မစ္စတာ အန်နူကူလ်က ပြောကြားခဲ့သည်။
ဘတ်ငွေနဲ့ လမ်းကြောင်းကိုတွေ့ရစဉ်
ထိုအစီအစဉ်များကို ချမှတ်ခဲ့သည့် နိုင်ငံပိုင် ဘဏ် ၈ ခုမှာ အစိုးရအိုးအိမ်ဘဏ် (GHB)၊ အသေးစားနှင့် အလတ်စား စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဘဏ် (SME D Bank)၊ ထိုင်းခရက်ဒစ် အာမခံ ကော်ပိုရေးရှင်း (TCG)၊ ထိုင်း ပို့ကုန်-သွင်းကုန်ဘဏ် (Exim Bank)၊ စိုက်ပျိုးရေးနှင့် သမဝါယမဘဏ် (BAAC)၊ အစိုးရငွေစုဘဏ် (GSB)၊ ထိုင်းနိုင်ငံ အစ္စလာမ်မစ်ဘဏ် (IBank) နှင့် ခရွန်ထိုင်း (Krungthai) ဘဏ်တို့ ဖြစ်သည်။
GHB ဘဏ်သည် အကြွေးပြန်ဆပ်ခြင်းကို ဆိုင်းငံ့ထားမှုများ၊ ငလျင်ကြောင့် ထိခိုက်သွားသည့် အိမ်များကို ပြန်လည်ပြုပြင်ရေးအတွက် အတိုးနည်းသော ချေးငွေများအပြင် မိတ်ဟောင်း၊ မိတ်သစ်များအတွက် လျော်ကြေး ငွေ တောင်းခံမှုများအတွက် အမြန်ဆုံး လမ်းကြောင်းဖော်ဆောင်ပေးသည့် အစီအစဉ်များကို ကြေညာခဲ့သည်။
SME D ဘဏ်၏ အစီအမံများတွင် ချေးငွေပြန်ဆပ်မှုနှင့် အတိုးနှုန်း ပေးသွင်းမှုများကို ၁၂ လအထိ ဆိုင်းငံ့ထားပြီး တစ်ဦးချင်းစီအတွက် ဘတ် ၁၀၀,၀၀၀ အထိ အရေးပေါ်ချေးငွေနှင့် စီးပွားရေး လုပ်ငန်းများအတွက် အပေါင် ပစ္စည်းမပါဘဲ ဘတ် ၂၀၀,၀၀၀ အထိ ချေးငွေများ ထုတ်ပေးရန် အစီအစဉ်များပါဝင်သည်။
TCG ၏ အစီအစဉ်များအနက် SME ဖောက်သည်များအတွက် ၃ လကြာ အခကြေးငွေဆိုင်းငံ့ခြင်း၊ စီးပွားရေး လုပ်ငန်းများအတွက် အကြွေးပြန်ဆပ်မှုကို ၆ လကြာ ဆိုင်းငံ့ပေးထားခြင်းတို့ ပါဝင်သည်။
ငလျင်ပိတ်မိပြည်သူများကို ကယ်ထုတ်နေစဉ်
Exim ဘဏ်၏ သက်သာခွင့် အစီအစဉ်များသည် ကာလတိုနှင့် နှစ်ရှည်ချေးငွေ ဖောက်သည်များအတွက်ဖြစ်ပြီး ချေးငွေပြန်ဆပ်ရမည့်ကာလကို သက်တမ်းတိုးပေးခြင်း၊ ချေးငွေရယူနိုင်မည့် ပမာဏကိုတိုးမြှင့်ခြင်းနှင့် အတိုးနှုန်း လျှော့ချခြင်းတို့ ပါဝင်သည်။
BAAC ဘဏ်၏ အစီအစဉ်များတွင် တစ်ဦးလျှင် ဘတ် ၅၀,၀၀၀ အထိ အရေးပေါ် ချေးငွေ ဘတ် ၅၀,၀၀၀ ထုတ်ချေးပေးပြီး ဘတ် ၅၀၀,၀၀၀ အထိ ချေးငွေများကို အထူးသက်သာသည့် အတိုးနှုန်းဖြင့် ထုတ်ချေးပေးရန် ရန်ပုံငွေ ဘတ် ၂၀ ဘီလျံ အစီအစဉ်ကို ထုတ်ပြန်ခဲ့သည်။
GSB ဘဏ်သည် အကြွေးပြန်ဆပ်မှုကို ၃ လကြာ ဆိုင်းငံ့ထားပြီး အသစ်နှင့် လက်ရှိ ဖောက်သည်များအတွက် အိမ်များပြုပြင်ခြင်းနှင့် လုပ်ငန်းပြန်လည်ထူထောင်ခြင်းတို့အတွက် ချေးငွေ အစီအစဉ်သစ်တစ်ခုကို ကြေညာ ခဲ့သည်။
IBank သည် ငွေရင်းနှင့် အတိုးပြန်ဆပ်ခြင်းကို ခြောက်လကြာ ဆိုင်းငံ့ထားကာ အိမ်ပြုပြင်ခြင်းနှင့် လုပ်ငန်း ပြန်လည် ထူထောင်ခြင်းအတွက် ဘတ် ၅ သန်းအထိ အထူးအတိုးနှုန်းဖြင့် ချေးယူနိုင်မည့် အစီအစဉ်ကို ကြေညာခဲ့သည်။
Krungthai ဘဏ်၏ အစီအစဉ်များတွင် တစ်နှစ်အတွက် ချေးငွေပြန်ဆပ်မှု ၇၅ ရာခိုင်နှုန်းလျှော့ချခြင်း၊ လုပ်ငန်း ပြန်လည်ထူထောင်ရန်နှင့် အိမ်များပြုပြင်ခြင်းအတွက် အထူးနှုန်းထားများဖြင့် ချေးငွေ အစီအစဉ်များ ပါဝင်သည်။
Source: ဘန်ကောက်ပို့စ်