CNI International News

ဘန်ကောက်၊ ဧပြီ ၁

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်တွင် ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် မတ်လ ၃၁ ရက်တွင် အဆောက်အအုံ အများအပြားမှ ရွှေ့ပြောင်းမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် ဝန်ကြီးချုပ် ပေတုန်တန်(Paetongtarn Shinawatra)က ပြည်သူများကို အထိတ်တလန့် မဖြစ်ကြရန် တိုက်တွန်း ပြောကြားခဲ့ကြောင်း The Nation မှ ဖော်ပြခဲ့သည်။

ပေတုန်တန်က ထိုင်းနိုင်ငံတွင် ငလျင်လှုပ်ခတ်မှုများ မရှိတော့ကြောင်း အတည်ပြုထားပြီး မြန်မာနိုင်ငံတွင် နောက်ဆက်တွဲ လှုပ်ခတ်နေသော ငလျင်များသည် ထိုင်းနိုင်ငံအပေါ် သက်ရောက်မှုမရှိတော့ကြောင်း လူမှုမီဒီယာ မှ သတင်းစကားပါးခဲ့သည်။

အက်ကွဲကြောင်းများ ပေါ်ပေါက်ခဲ့သော အဆောက်အအုံများမှ ပိုင်ရှင်များက ဘေးလွတ်ရာ ပြောင်းရွှေ့ရန် ထုတ်ပြန်ထားသော်လည်း ထိုအက်ကွဲကြောင်းများသည် ယခင်ရှိပြီးသား အက်ကွဲကြောင်းများသာဖြစ်ကြောင်း ပေတုန်တန်က ရှင်းပြခဲ့သည်။

အဆောက်အအုံ ပိုင်ရှင်များအနေဖြင့် အက်ကွဲကြောင်းများသည် ယခင်ရှိပြီးသား၊ သို့မဟုတ် ငလျင်ကြောင့် ဖြစ်ပေါ်သော အက်ရာအသစ်များ ဟုတ်/မဟုတ် အတိအကျ သိရှိရန်အတွက် ၎င်းတို့၏ အဆောက်အအုံများကို စစ်ဆေးကြရန် ထုတ်ပြန်ထားသည့် ဘန်ကောက်အစိုးရ၏အမိန့်ကို လိုက်နာသင့်ကြောင်း ပေတုန်တန်က ပြောကြားခဲ့သည်။

ငလျင်ကြောင့် ပြိုကျတဲ့ အဆောက်အအုံကို လာစစ်ဆေးနေတဲ့ ထိုင်းဝန်ကြီးချုပ် ပေတုန်တန်ကို တွေ့ရစဉ်

ဝန်ထမ်းများနှင့် နေထိုင်သူများ၏ ဘေးကင်းမှုရှိရေး သေချာစေရန်အတွက် အဆောက်အအုံများကို ပြန်လည် နေထိုင်ခွင့်မပြုမီ သေချာစစ်ဆေးကြရန် ပေတုန်တန်က အဆောက်အအုံပိုင်ရှင်များကို တိုက်တွန်းခဲ့သည်။

ထိုကဲ့သို့ စစ်ဆေးရာတွင် ပြည်သူ့လုပ်ငန်းနှင့် မြို့ပြစီမံခန့်ခွဲရေးဌာန အပါအဝင် သဘာဝဘေးအန္တရာယ် တားဆီးရေးနှင့် လျော့ပါးသက်သာစေရေးဌာနတို့ဖြင့် တိုင်ပင်လုပ်ဆောင်ကြရန်လည်း တိုက်တွန်းထားသည်။

ထိုစဉ် သဘာဝဘေးအန္တရာယ် တားဆီးရေးနှင့် လျော့ပါးသက်သာစေရေးဌာနကလည်း ပြည်သူများကို အထိတ်တလန့်မဖြစ်ကြရန် တိုက်တွန်းခဲ့ပြီး မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော ရစ်ချ်တာစကေး ၃ ဒသမ ၇ ပြင်းအားရှိ  နောက်ဆက်တွဲ ငလျင်သည် ထိုင်းနိုင်ငံအပေါ် သက်ရောက်မှုမရှိကြောင်း ပြောကြားခဲ့သည်။

ငလျင်လှုပ်ခတ်ပြီးနောက် ဘန်ကောက်မြို့တော်ရှိ Chaeng Watthana အစိုးရရုံးဝန်း၏ အဆောက်အအုံ A မှ ပြောင်းရွှေ့မှုသည် နောက်ဆက်တွဲ ငလျင်လှုပ်ခတ်မှုကြောင့် မဟုတ်ကြောင်း ယင်းဌာနက အတည်ပြုထားသည်။

အဆောက်အအုံ စောင့်ရှောက်ရေး Dhanarak Assets Development က ထိုအဆောက်အအုံကို စစ်ဆေးခဲ့ပြီး နောက် ဘေးကင်းကြောင်း တွေ့ရှိခဲ့သည့်အတွက် ပြည်သူများအနေဖြင့် အထိတ်တလန့် မဖြစ်ကြရန်နှင့် လက်ရှိ တွင် ယင်းအဆောက်အအုံ၌ ပြန်လည်နေထိုင်နိုင်ပြီဖြစ်ကြောင်း အတည်ပြုထားသည်။

Source:The Nation