CNI News

၂၀၂၅ ခုနှစ်၊ ဧပြီ ၁

နေပြည်တော်၊ ပျဥ်းမနားမြို့ရှိ ငလျင်ဘေးဒဏ်သင့် ပြည်သူများအား ကူညီကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်ရာတွင် ကယ်ဆယ်ရေးပစ္စည်းများ လိုအပ်နေကြောင်း နေပြည်တော်၊ ပျဥ်းမနားရှိ မိုးစေတနာ ပရဟိတအသင်းမှ အဖွဲ့ဝင် ဦးကောင်းခန့်ဟိန်းက CNI သတင်းဌာနသို့ ပြောသည်။

ထို့ပြင် ကယ်ဆယ်ရေးပစ္စည်းများ မပြည့်စုံမှုများ ရှိနေသည့်အတွက် ကယ်ဆယ်ရေးတွင် နှောင့်နှေးကြန့်ကြာမှုများ ဖြစ်နေကြောင်း ၎င်းက ပြောသည်။

ဦးကောင်းခန့်ဟိန်းက “လက်ရှိ အခက်အခဲဆိုရင်တော့ စက်၊ လက်နက်၊ ပစ္စည်းပေါ့နော်၊ စက်ယန္တရားတွေ အခက်အခဲ ဖြစ်တာတွေပေါ့၊ စက်ယန္တရားတွေ ပေါ‌ပေါများများ မရှိတော့ နည်းနည်း ဒုက္ခရောက်တာပေါ့၊ နောက် ကယ်ဆယ်ရေး ဝင်နေတဲ့ လူတွေအတွက် ရုံးမှာရှိတဲ့ လူတွေအတွက်ကတော့ ကျနော်တို့အတွက် ယူနီဖောင်းတွေ၊ အကာအကွယ် ဦးထုပ်တွေ၊ လက်အိတ်တွေတော့ ရှိတာပေါ့နော်၊ ဒီကယ်ဆယ်ရေးကာလမှာ Volunteer ဝင်ပြီးတော့ လူအင်အား မလောက်လို့ လုပ်တဲ့အဖွဲ့တွေကျတော့ အိမ်က တစ်ဝက်ပြိုတဲ့ဟာတွေ ရှိတယ်၊ အပြည့်ပြိုတဲ့ဟာတွေရှိတယ်၊ အရှင်တွေ ကယ်ထုတ်ရမှာရှိတယ်၊ အသေတွေ ထုတ်ရမှာရှိတယ် အဲ့ကျတော့ သူတို့အတွက် အန္တရာယ် ဖြစ်စေနိုင်တဲ့ အတွက်ကြောင့် ကယ်ဆယ်ရေး ခေါင်းကို အုတ်ခဲတွေ ဘာတွေ လာရိုက်ရင်လည်း ခံနိုင်မယ့် သံချောင်းတွေ လာရိုက်ရင်လည်း ခံနိုင်မယ့် ဦးထုပ်တို့၊ နောက်ပြီးရင် အောက်က အိမ်တွေထဲဝင်ရတာဆိုတော့ သံတွေရှိမယ်၊ ဖန်ကွဲတွေရှိမယ် တက်နင်းခံနိုင်မယ့် ဖိနပ်မျိုးပေါ့နော်၊ သံတွေ ကောက်ဖဲ့ဖို့ လက်အိတ်တို့ အဲဒီလိုမျိုးတွေ မပြည့်စုံမှုတွေ နည်းနည်းရှိတော့ ကယ်ဆယ်ရေးနည်းနည်း ကြန့်ကြာတာပေါ့၊ ခဏလေးနဲ့ ပြီးမယ့်ဟာ နည်းနည်းကြာတာတွေ ရှိမယ်၊ အဓိကကတော့ အဲဒီလိုမပြည့်စုံ တာတွေ ပြီးရင် လူနဲ့မနိုင်ဘဲနဲ့ ကားနဲ့ပဲ ကရိန်းတွေနဲ့ပဲ လုပ်ရမယ့်ကဏ္ဍတွေရှိမယ်၊ အဲဒီလိုတွေမှာ အဲဒီလိုစက်ယန္တရားတွေ ကြန့်ကြာနှောင့်နှေးမှုပေါ့နော်၊ သိပ်ပြီးဒီဖက်မှာမရှိတော့ အဲဒီဟာတွေ လိုအပ်တဲ့အတွက် ကယ်ဆယ်ရေးတော့ နည်းနည်း နောက်ကျတာပေါ့” ဟု ပြောသည်။ 

လက်ရှိတွင် နေပြည်တော်၊ ပျဥ်းမနားမြို့၌ သေဆုံးသူနှင့် ပျောက်ဆုံးသူပေါင်း ၁၃၀ ကျော်ရှိနေပြီး လူနာအနေဖြင့် ၃၀၀ ကျော်ရှိနေကြောင်း ၎င်းက ပြောသည်။

အင်္ဂတေ၊ အုတ်များနှင့် သံချောင်းများ ဖောက်ထုတ် ဖယ်ရှားနေရခြင်းကြောင့် ကယ်ဆယ်ရေးအဖွဲ့များသည် ဦးထုပ်၊ လက်အိတ်၊ မျက်မှန်များ လိုအပ်နေသဖြင့် နိုင်ငံတကာမှ ကူညီပေးရန် နစက သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ၂၀၂၅ ခုနှစ်၊ မတ်လ ၃၁ ရက်တွင် ပြောကြားခဲ့သည်။

ပျဉ်းမနားမြို့တွင် ငလျင်ကြောင့် ပြိုကျပျက်စီးမှုများကို တွေ့ရစဉ်

မြို့အနေအထားအရ ရေအဓိကလိုအပ်နေပြီး ရေတွင်းများသို့ ရေငန်များ ဝင်ရောက်သွားသဖြင့် ပျက်စီးသွားသောကြောင့် ရေတူးပေးနိုင်မည်ဆိုပါက ပို၍ အဆင်ပြေမည်ဖြစ်ကြောင်း ပျဥ်းမနားမြို့နယ်ရှိ ဒေသခံတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “မြို့အနေအထားကတော့ ဒုက္ခရောက်တဲ့လူတွေတော့ များတာပေါ့နော်၊ အဓိကကတော့ ရေဒုက္ခရောက် နေတာပေါ့၊ အခုဒီ ပျဥ်းမနားမြို့က လူတွေကကိုယ့်အချင်းချင်းကို ပြန်ကယ်ဆယ်နေကြပါတယ်၊ အဓိကက ရေပဲ၊ ဘာလို့လဲဆိုတော့ တွင်းတွေက ဘာဖြစ်သွားလဲဆိုတော့ တွင်းတွေက ရေငန်တွေ ဝင်သွားတာဆိုတော့ တွင်းတွေကတော့ အကုန်ပျက်သွားကြတာပေါ့၊ အဲဒီတော့ အမတို့မှာ ရေသန့်မရှိတဲ့အတွက် ဝမ်းရောဂါအတွက် စိုးရိမ်ရတော့ ရေသန့်လိုတယ်၊ ရေကိုထိန်းနိုင်ရင် ကျန်တာ ထိန်းလို့ရတယ်၊ သူ့ဟာနဲ့သူတော့ အကုန်လုံးကတော့ ကိုယ်နိုင်တဲ့ဘက်ကနေပြီးတော့ ကူနေကြတာပဲ၊ ဌာနဆိုင်ရာကလည်း လုပ်ပေးကြတာပဲ၊ နောက်ခါ ရပ်ကွက် တွေကလည်း အကုန်လုံး သူ့ဟာနဲ့သူ ကူညီကြတာ၊ သူ့အဖွဲ့နဲ့သူပေါ့၊ ပျဥ်းမနားမြို့ကြီးက အရမ်းမကြီးတဲ့ အခါကျ‌တော့ စေတနာရှင်အဖွဲ့တွေက သေးတော့ သေးတာပေါ့၊ သေးသေးလေးတွေကလည်း အများကြီး လှုပ်ရှားနေတာတွေ့တယ်၊ ရေပဲ ဘယ်နေရာမှာမဆို ရေ အဓိကဖြစ်နေတာ၊ ရေသန့်စက်တွေပါ ပျက်ထားတော့ မရှိဘူး၊ တကယ်လို့ အဲဒီလို အနယ်နယ် အရပ်ရပ်မှာရှိတဲ့ ရေတူးပေးနိုင်တဲ့ စေတနာရှင်တွေ ဖွဲ့ပြီးတော့ လာတူးပေးမယ်ဆိုရင်တော့ အရမ်းကောင်းမယ်” ဟု ပြောသည်။

နေပြည်တော် ကောင်စီနယ်မြေအတွင်းမှ ငလျင်ဘေးဒဏ်သင့် နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအား ဆေးကုသမှုများ ပေးအပ်နေသည့် အခြေအနေကို နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၀၂၅ ခုနှစ်၊ မတ်လ ၃၀ ရက်က သွားရောက်စစ်ဆေးခဲ့ပြီး ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

မြန်မာနိုင်ငံ၊ မန္တလေးမြို့အနီး စစ်ကိုင်းမြို့ကို ဗဟိုပြု၍ ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်လှုပ်ခတ် မှုကြောင့် လူပေါင်း ၁၆၄၄ ဦးသေဆုံးပြီး ၃၄၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိကာ ၃၉၀ ကျော် ပျောက်ဆုံးနေကြောင်း နစက-က သတင်းထုတ်ပြန်ခဲ့သည်။

ထို့ပြင် လူနေအိမ်နှင့် ဟိုတယ်များ အပါအဝင် အဆောက်အအုံများ ပြိုကျပျက်စီးခဲ့ကြောင်း၊ ပြိုကျနေသော အဆောင်အအုံများအောက်တွင် ပိတ်မိသူများ ရှိနေကြောင်း နစက-က သတင်းထုတ်ပြန်ခဲ့သည်။