CNI International News

ဒါကာ ၊ မတ်လ ၂၆

ဘင်္ဂလားဒေ့ရှ်သည် နွေရာသီ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ပြဿနာကို ဖြေရှင်းရန်အတွက် ပြန်ပြည့်မြဲ စွမ်းအင်စီမံကိန်းကို အကောင်အထည်ဖော်ရန် အရှိန်မြှင့် လုပ်ဆောင်နေကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။

လက်ရှိတွင် လျှပ်စစ်ဓာတ်အား ရောင်းဝယ်ရေး သဘောတူညီချက်နှင့်ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် အိန္ဒိယ၏ အဒါနီ လုပ်ငန်းစု (Adani Group) အကြား သဘောတူညီမှုမရဘဲ လိပ်ခဲတည်းလည်း အခြေအနေသို့ ရောက်ရှိနေသည်။

တောင်အာရှနိုင်ငံဖြစ်သည့် ဘင်္ဂလားဒေ့ရှ်သည် ပြီးခဲ့သည့် နှစ်များအတွင်း ပြန်ပြည့်မြဲစွမ်းအင် အသုံးပြုမှု အနည်းဆုံး နိုင်ငံများစာရင်းတွင် ပါဝင်ခဲ့သည်။

ပြီးခဲ့သည့်နှစ် နွေရာသီက ဆူပူအုံကြွမှုများကြောင့် ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ခဲ့သည့် ရှိတ်ဟာစီနာ (Sheikh Hasina) ၏ အစိုးရအဖွဲ့ ပြုတ်ကျသွားခဲ့ပြီးနောက် ဖွဲ့စည်းခဲ့သည့် ယာယီအစိုးရအဖွဲ့သစ်သည် တရုတ်နိုင်ငံမှ ဆိုလာပြားများ ဝယ်ယူမှု အပါအဝင် ပြန်ပြည့်မြဲ စွမ်းအင်စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နေ သည်။

ဘင်္ဂလားဒေ့ရှ်၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်သည် ဧပြီလမှ စက်တင်ဘာလအတွင်း ၁၈,၀၀၀ မဂ္ဂါဝပ်ထက် ကျော်လွန်ဖွယ်ရှိပြီး ဝန်အား ၃၀၀၀ မဂ္ဂါဝပ်အထိ လျှော့ချရဖွယ်ရှိသည်။

စဉ်ဆက်မပြတ်၊ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေး အာဏာပိုင်အဖွဲ့ (SREDA) ၏ ဖော်ပြချက်များ အရ ဘင်္ဂလားဒေ့ရှ်၏ လျှပ်စစ်ဓာတ်အားလိုင်းတွင် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်များဖြစ်သည့် နေစွမ်းအင်၊ လေနှင့် ရေအားလျှပ်စစ် စွမ်းအင်များသည် ခန့်မှန်းခြေအားဖြင့် ၁၁၇၆ မဂ္ဂါဝပ်ရှိကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်မှာ စွမ်းအင်စီမံကိန်း အကောင်အထည်ဖော်နေစဉ်

ထို့ပြင် ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရအဖွဲ့သည် နိုင်ငံ၏ စွမ်းအင်ကဏ္ဍတွင် ပြန်ပြည့်မြဲစွမ်းအင် ပါဝင်မှု ပမာဏကို ၂၀၃၀ ပြည့်နှစ်၌ ၁၅ ရာခိုင်နှုန်း၊ ၂၀၄၁ ခုနှစ်တွင် ၄၀ ရာခိုင်နှုန်းနှင့် ၂၀၅၀ ပြည့်နှစ်မှာ ၁၀၀ ရာခိုင်နှုန်း ပါဝင်စေရန် စီစဉ်ထားကြောင်း သိရသည်။

ထိုရည်မှန်းချက်များ အကောင်အထည် ပေါ်လာစေရန်အတွက် စဉ်ဆက်မပြတ် ရင်းနှီးမြှုပ်နှံမှုများ၊ လျင်မြန် ထိရောက်သည့် ပြန်ပြည့်မြဲစွမ်းအင် နည်းပညာများ ရရှိရန် လိုအပ်မည်ဖြစ်သည်။

ထို့ပြင် အစိုးရ၏ ထိရောက်သော မူဝါဒများ အကောင်အထည်ဖော်ရေး၊ အခြေခံ အဆောက်အအုံများနှင့် စွမ်းအင် ကဏ္ဍရှိ လက်ရှိ စိန်ခေါ်မှုများကို ကျော်လွှားနိုင်မည်ဆိုပါက ပြန်ပြည့်မြဲ စွမ်းအင်ရည်မှန်းချက်များ အကောင် အထည် ပေါ်လာလိမ့်မည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

Source: Nikkei Asia