CNI International News

အစ္စလာမ်မာဘက်၊ ဇွန်လ ၆

ပါကစ္စတန်၏ စွမ်းအင်အကူးအပြောင်းကာလတွင် တရုတ်အနေဖြင့် ဦးဆောင်သည့် နေရာမှ ပါဝင်ရန် ပါကစ္စတန်ကျွမ်းကျင်ပညာရှင်အဖွဲ့က တိုက်တွန်းခဲ့သည်ဟု South China Morning Post မှ ဖော်ပြခဲ့သည်။

ဆိုလာစွမ်းအင်များကို ကြီးမားသည့် စက်ရုံများဖြင့် အသုံးပြုခြင်းထက် အသုံးပြုမည့် နေရာအနီးတွင် အသေးစား စက်ရုံများဖြင့် ဆိုလာပြားများ တပ်ဆင်အသုံးပြုမှု မြင့်တက်လာချိန်တွင် တရုတ်သည် ကမ္ဘာ့တောင်ခြမ်းဒေသ၌  အခြားနိုင်ငံများအတွက် စံပြနိုင်ငံတစ်ခု ဖြစ်လာသည်ဟု ပါကစ္စတန်၏ Renewables First အမည်ရှိ ကျွမ်းကျင်ပညာရှင်အဖွဲ့က ထုတ်ပြန်ခဲ့သည်။

သို့သော် တရုတ်စွမ်းအင်ပညာရှင် တစ်ဦးကမူ ထိုအစီအစဉ်ကို အကောင်အထည်ဖော်ရန် ငွေကြေးအများအပြား ကုန်ကျမည် ဟုတ်၊ မဟုတ်ကို မေးခွန်းထုတ်နေသည်။

“တရုတ်ရဲ့ ဆိုလာပြားတွေဟာ တရုတ်ရဲ့ သမားရိုးကျ စွမ်းအင်စက်ရုံတွေကို ကျော်တက်သွားပါပြီ” ဟု Renewables First  အဖွဲ့က ထုတ်ပြန်သည့် အစီရင်ခံစာကို ဦးဆောင်ရေးသားခဲ့သော မိုဟာမက် (Muhammad Basit Ghauri) က ပြောကြားခဲ့သည်။

တရုတ်အနေဖြင့် ပါကစ္စတန်တွင် ငွေကြေး ထောက်ပံ့ပေးခဲ့သည့် ကျောက်မီးသွေး လောင်စာသုံး စွမ်းအင်စက်ရုံ များနှင့် ပါကစ္စတန်ကို ရောင်းချခဲ့သည့် ဆိုလာပြားများကြား စွမ်းအင် ၂ မျိုးအနက် ၁ မျိုးကို ရွေးချယ်ရမည် ဟုလည်း ထိုအဖွဲ့က အကြံပြုထားသည်။

လျှပ်စစ်ပန်ကာတွေကို တွေ့ရစဉ်

သန့်ရှင်းသည့် စွမ်းအင်ဖြစ်သော ဆိုလာစွမ်းအင်ကို အားပေး ထောက်ခံခြင်းဖြင့် တရုတ်သည် ကမ္ဘာ့တောင်ခြမ်း ဒေသတွင် စံပြနိုင်ငံ တစ်ခုအဖြစ် ရပ်တည်ရန် အခွင့်အလမ်းရှိကြောင်း မိုဟာမက်က ပြောကြားခဲ့သည်။

အထူးသဖြင့် အမေရိကန်သည် ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှု တားဆီးရေး သံတမန် လုပ်ငန်းစဉ်များမှ နုတ်ထွက်သွားမှုသည် တရုတ်အတွက် ကမ္ဘာလုံးဆိုင်ရာ စွမ်းအင် အကူးအပြောင်းကာလတွင် ဦးဆောင်သူ နေရာသို့ ရောက်ရှိရန် လမ်းပွင့်သွားစေခဲ့သည်ဟု Renewables First အဖွဲ့က ထုတ်ပြန်ခဲ့သည်။

“တရုတ်နဲ့ ပါကစ္စတန်ဟာ ပြည်တွင်းလုပ် သန့်စင်တဲ့ စွမ်းအင် ဆန်းသစ်တီထွင်တဲ့ ဂေဟစနစ်ကို ပူးတွဲဖန်တီးသူ တွေအဖြစ် ဆက်ဆံရေးတွေကို နောက်တစ်ဆင့်တက်ဖို့ လိုအပ်ပါတယ်”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

တရုတ်၏ စျေးပေါသည့် ဆိုလာပြားများ အများအပြား ဝင်ရောက်လာမှုနှင့်အတူ ပါကစ္စတန်သည် ကျောက်မီးသွေး စွမ်းအင်သုံး စက်ရုံများဖြင့် ထုတ်လုပ်သည့် စွမ်းအင်အပေါ် မှီခိုမှုလျှော့ချခဲ့ပြီး ဆိုလာစွမ်းအင်အတွက် တရုတ်၏ အကူအညီကို ရယူနေကြောင်း Renewables First အဖွဲ့က ထုတ်ပြန်ခဲ့သည်။

Source: South China Morning Post