CNI International News

နယူးဒေလီ၊ ဧပြီ ၇

အိန္ဒိယနှင့် ယူအေအီးတို့က သီရိလင်္ကာနိုင်ငံကို စွမ်းအင် အချက်အချာ နေရာအဖြစ် ဖန်တီးရန် သဘောတူညီခဲ့ ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီ ၅ ရက်တွင် ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

အိန္ဒိယသမုဒ္ဒရာထဲမှ ကျွန်းနိုင်ငံဖြစ်သည့် သီရိလင်္ကာတွင် တရုတ်နှင့်အိန္ဒိယကြား ပြိုင်ဆိုင်မှု ပြင်းထန်နေချိန်၌ ထိုကဲ့သို့ သဘောတူ လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။

သီရိလင်္ကာသမ္မတ အန်နျူရာ ကုမာရာ ဒစ်ဆာနာရာကီ (Anura Kumara Dissanayake)က စက်တင်ဘာလက စတင်၍ သမ္မတအဖြစ် တာဝန်ထမ်းဆောင်ပြီးနောက်ပိုင်း အိန္ဒိယဝန်ကြီးချုပ် မိုဒီ( Narendra Modi) ၏ သီရိလင်္ကာခရီးစဉ်အတွင်း စွမ်းအင် အချက်အချာ နေရာအတွက် သုံးနိုင်ငံ လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

အိန္ဒိယက သီရိလင်္ကာနိုင်ငံကို ငွေကြေး အကူအညီအဖြစ် ဒေါ်လာ ၄ ဘီလျံ ထောက်ပံ့ပေးခဲ့သောကြောင့် သီရိလင်္ကာနိုင်ငံသည် ၂၀၂၂ ခုနှစ်တွင် ဆိုးရွားသော ဘဏ္ဍာရေး အကျပ်အတည်းမှ ပြန်လည်ရုန်းထနိုင်ခဲ့ကာ နှစ်နိုင်ငံအစိုးရသည် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်လုပ်ဆောင်ခဲ့သည်။

တရုတ်နိုင်ငံပိုင်စွမ်းအင်ကုမ္ပဏီ  Sinopec (600028.SS) သည် သီရိလင်္ကာ၏ တောင်ပိုင်းဆိပ်ကမ်းမြို့ ဟမ်ဘန်တိုတာ (Hambantota) တွင် ဒေါ်လာ ၃.၂ ဘီလီယံ တန်ဖိုးရှိသော ရေနံချက်စက်ရုံ တည်ဆောက်ရန် သဘောတူညီချက်ကို လက်မှတ်ရေးထိုးထားသောကြောင့် ဧပြီ ၅ ရက်က သဘောတူညီချက်သည် တရုတ်နှင့် အိန္ဒိယ၏ ပြိုင်ဆိုင်မှုကို ပိုမိုအားကောင်းစေခဲ့သည်။

အိန္ဒိယဝန်ကြီးချုပ် မိုဒီနဲ့ သီရိလင်္ကာသမ္မတကို တွေ့ရစဉ်

သီရိလင်္ကာ၏ အရှေ့ဘက်ရှိ သဘာဝဆိပ်ကမ်းဖြစ်သည့် ထရင်ကိုမာလီ (Trincomalee) မြို့၏ မဟာဗျူဟာအရ အရေးပါသော စွမ်းအင် အချက်အချာ နေရာတွင် ကုန်ပစ္စည်းပေါင်းစုံ ပိုက်လိုင်း တည်ဆောက်မှုလည်း ပါဝင်မည် ဖြစ်သည်။

ထို့နောက် သီရိလင်္ကာ လက်အောက်ခံ အိန္ဒိယရေနံကော်ပိုရေးရှင်း (IOC.NS) မှ တစ်စိတ်တစ်ပိုင်း ချုပ်ကိုင်ထား သည့် ရေနံသိုလှောင်ကန်များကို အသုံးပြုဖွယ်ရှိသည်ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဗစ်ကရမ် မစ္စရီ (Vikram Misri) က ကိုလံဘိုတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

“ယူအေအီးဟာ စွမ်းအင်ကဏ္ဍမှာ အိန္ဒိယရဲ့ မဟာဗျူဟာမြောက် မိတ်ဖက်ဖြစ်တဲ့အတွက် ဒေသတွင်းမှာ ပထမဆုံး အကြိမ် သဘောတူ လက်မှတ်ရေးထိုးခဲ့တဲ့ စံပြမိတ်ဖက်တစ်ဦးလည်း ဖြစ်ပါတယ်”ဟု မစ္စရီက ပြောကြားခဲ့သည်။

ထိုသုံးနိုင်ငံသည် စွမ်းအင် အချက်အချာ နေရာအတွက် ငွေကြေး ထောက်ပံ့မှုနှင့် ဖြစ်နိုင်ခြေရှိသည့် စီမံကိန်းများ ကို ထည့်သွင်းစဉ်းစားမည့် စီးပွားရေး အဆောက်အအုံများအား ရွေးချယ်သွားမည်ဟုလည်း ၎င်းက ဆိုသည်။

Source: ရိုက်တာ