CNI Article News
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၃
ဖွံ့ဖြိုးဆဲကမ္ဘာနှင့် တရုတ်နိုင်ငံ၏ စီးပွားရေးအရ ထိတွေ့ဆက်ဆံမှုတွင် အငြင်းပွားဆုံးအချက်မှာ လွန်ခဲ့သော ၁၅ နှစ်အတွင်း ဆင်းရဲနွမ်းပါးလှသော နိုင်ငံများကို ဒေါ်လာဘီလီယံနှင့်ချီသော ချေးငွေများ ထုတ်ပေးခဲ့သည့် အစီအစဉ်ဖြစ်သည်။
ထိုသို့ ဘေဂျင်းအစိုးရ၏ ပြည်ပချေးငွေ ထုတ်ပေးသည့် အလေ့အထသည် ချေးငွေလက်ခံ မိသူများအဖို့ စီးပွားရေးအရ အပိုင် စီးခံရသော နိုင်ငံများအဖြစ် ပြောင်းလဲသွားစေသည့် ဆိုးရွားသော ကြွေးမြီထောင်ချောက်ပုံစံအဖြစ် ဝေဖန်သုံးသပ်သူများက ရှုတ်ချ ခဲ့ကြသည်။
သို့သော် ယနေ့တွင်တော့ ထိုဇာတ်ထုပ်၏ အခြားတဖက်၌ တရုတ်နိုင်ငံကိုယ်တိုင်က အခြားနိုင်ငံများအတွက် ဆင်ထားသည့် ၎င်း၏ အကြွေးထောင်ချောက်ထဲသို့ ၎င်းကိုယ်တိုင် သက်ဆင်းရချေပြီတည့်။
ယူကရိန်းကို ရုရှားကျူးကျော်ပြီးနောက် အမေရိကန်နှင့်ဥရောပတခွင် ငွေကြေးဖောင်းပွမှု၊ အတိုးနှုန်း မြင့်တက်လာခြင်းနှင့် အတူ စီးပွားရေး ယုတ်လျော့ ကျဆင်းလာခဲ့သဖြင့် ၂၀၀၈ ခုနှစ်ဆီက ကမ္ဘာ့ဘဏ္ဍာရေးစနစ် ပြိုလဲလုနီးကာလ ကဲ့သို့ပင် ယခု အခါ ဆင်းရဲနွမ်းပါးသော နိုင်ငံများသည် အဆိုးဆုံး စီးပွားရေး အကျပ်အတည်းကို ရင်ဆိုင်နေရသည်။
ရေနံနှင့် သဘာဝ ဓာတ်ငွေ့မှလွဲ၍ အရင်းအနှီး လက်မဲ့ဖြစ်ခြင်း၊ စားနပ်ရိက္ခာ ပြတ်လပ်လာခြင်းနှင့် တင်ပို့ကုန် ဈေးကောင်း မရခြင်းတို့ကြောင့် မနည်းရုန်းကန်နေရသော ဝင်ငွေနည်းသည့် နိုင်ငံများဖို့ တရုတ်ချေးငွေကို အကျေအလည် ပြန်ဆပ်နိုင်ရန် (သို့မဟုတ်) အစားထိုးပေးချေရန် အခက်အခဲတွေ့ကုန်သည်။
ဘေဂျင်းသည် ဖွံ့ဖြိုးဆဲနိုင်ငံများသို့ တိုးချဲ့ထုတ်ပေးနေသည့် ချေးငွေများနှင့်ပတ်သက်၍ တရားဝင် အချက်အလက်များ မသိရှိ ရသော်လည်း မျက်မှောက်ကာလတွင် တရုတ်သည် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အကြီးမားဆုံး တရားဝင် မြီရှင်ဖြစ်လာသည်။
ဖြစ်နိုင်ခြေအားလုံးကို ခန့်မှန်းကြည့်ရသော် တရုတ်ချေးငွေများ၏ အမှန်တကယ် ပမာဏသည် ခန့်မှန်းထားသည်ထက် သိသာ ထင်ရှားစွာ ကြီးမားကောင်း ကြီးမားနိုင်သည်။
ယခု ကမ္ဘာ့ဘဏ်၏ စီးပွားရေးပညာရှင်များထဲမှ အကြီးအကဲဖြစ်သူ ကာမင်းရိန်းဟက် (Carmen Reinhart) နှင့် ၎င်း၏ လုပ်ဖော်ကိုင်ဖက်များ ၂၀၁၈ ခုနှစ်တုန်းက တရုတ်ပြည်ပ ချေးငွေများနှင့်ပတ်သက်၍ အနီးကပ် တွေ့ရှိချက်တစ်ခု ရှိခဲ့သည်။
ထိုတွေ့ရှိချက်မှာ ဖွံ့ဖြိုးဆဲနိုင်ငံ အများစုပါဝင်သည့် ပြည်ပငွေချေးသူများထံ တရားဝင် သတင်းမထုတ်ပြန်ထားသော တရုတ် ချေးငွေများမှာ အဆိုပါနိုင်ငံများ၏ ပြည်တွင်း အသားတင် ထုတ်လုပ်မှုတန်ဖိုး (GDP) ၏ ၁၅ ရာခိုင်နှုန်းမျှ ရှိနေသည်ဟူသော တွေ့ရှိချက်ဖြစ်သည်။
ယခုကဲ့သို့ ကမ္ဘာ့စီးပွားရေးတိမ်တိုက် ဆက်လက် မှောင်မည်းနေချိန်ဝယ် ဘေဂျင်းသည် ၎င်းကိုယ်တိုင် ခံစားနေရသည့် ကြွေးမြီ အကျပ်အတည်းအတွက် ထိန်းကျောင်းသင့်သည်။
မကြာသေးမီက သီရိလင်္ကာ၏ စီးပွားရေးပြိုလဲမှုသည် တရုတ်ကို ကိုယ့်ရှူးကိုယ်ပတ်မည်ဟု ရှေ့ပြေးသတိပေး သံချောင်း ခေါက်လိုက်၏။
တောင်အာရှဒေသရှိ ကျွန်းနိုင်ငံငယ်ဖြစ်သော သီရိလင်္ကာတွင် ပြည်ပကြွေးမြီမှာ ဒေါ်လာ ၃၈ ဒသမ ၆ ဘီလီယံအထိ လည်ပင်း နစ်နေပြီး ထိုပမာဏသည် ၎င်းနိုင်ငံ GDP ၏ ၄၇ ရာခိုင်နှုန်း ပမာဏခန့် ဖြစ်နေသည်။ ထိုအထဲမှ ၁၀ ရာခိုင်နှုန်းမှာ တရုတ်ကို တင်ရှိနေသော ကြွေးမြီဖြစ်သည်။
၂၀၂၂ ခုနှစ် အစောပိုင်းသို့ ရောက်ချိန်၌ သီရိလင်္ကာသည် ပေးစရာရှိသည့် ပြည်ပအကြွေး ၇ ဘီလီယံနီးပါးကို ပြန်မဆပ်နိုင် တော့ဘဲ ‘သေချာပြီ … ဒေဝါလီ’ ဖြစ်သွားရသည်။
ထိုအနေအထား၌ ဘေဂျင်းသည် ကြွေးမြီသက်သာခွင့် ကမ်းလှမ်းရန် ပျက်ကွက်ခဲ့သည်။ သီရိလင်္ကာခမျာလည်း မတတ်သာ တော့ဘဲ ပြည်ပကြွေးမြီအချို့ကို မှန်မှန်ဆပ်နိုင်ရေးအတွက် ခေတ္တဆိုင်းငံ့ထားဖို့ နည်းလမ်းကို မျက်နှာငယ်စွာဖြင့် ရွေးချယ် ခဲ့ရတော့သည်။
သိပ်မကြာခင်မှာပင် သီရိလင်္ကာအစိုးရကို ဖြုတ်ချနိုင်ဖို့ ဆန္ဒပြပွဲများ ဆူညံစွာ ထွက်ပေါ်လာကြသည်။
တစ်ချိန်တည်းမှာပင် ကမ္ဘာ့စီးပွားအခြေအနေ ပိုဆိုးလာသဖြင့် သီရိလင်္ကာကဲ့သို့ အခြားဖွံ့ဖြိုးဆဲနိုင်ငံများသည် ၎င်းတို့ အသီးသီး၏ ပြည်ပချေးငွေများကို ဆပ်စရာမရှိ ဖြစ်ကုန်သည်။ ထိုနိုင်ငံအများစုသည် တရုတ်ထံမှ ချေးငွေများ ဒေါ်လာ ဘီလီယံနှင့်ချီ၍ ယူထားကြသည်။
ထိုအချိန်တွင် မဖြစ်နိုင်လောက်ဘူးဟု ထင်ထားကြသော စိန်ခေါ်မှုက သမ္မတ ရှီကျင့်ဖျင်ထံသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက် လာတော့သည်။
ရှီကျင့်ဖျင် အစိုးရလက်ထက်တွင် တရုတ်သည် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အနောက်အုပ်စုကို ဖယ်ထုတ် စဉ်းစားသည့်အခါ အစားထိုး ရွေးချယ်စရာတစ်ခုအဖြစ် ရေကုန်ရေခမ်း မြှင့်တင်ခဲ့သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အန္တရာယ်များလှသော စီမံကိန်းများ လုပ်နိုင်ကိုင်နိုင်ဖို့ ငွေကြေးကို တရုတ်က ရက်ရောစွာ ထိုးပေးခဲ့သည်။
သို့သော် ယခုအခါ ဆင်းရဲသား များသောနိုင်ငံများသို့ တရုတ်နိုင်ငံက ဒေါ်လာဘီလီယံနှင့်ချီ ချေးငွေ ထုတ်ပေးရေးမှာ စွန့်စား ရဖို့ ဖြစ်လာသည်။ အကြောင်းမူကား ကြွေးမြီနှောင်ကြိုးက စီးပွားရေး ကျဆင်းမှုဒဏ်ကို ခံနိုင်ရည် ရှိစေ၍ ဖြစ်သည်။
ပထမအချက်မှာ အနောက်အုပ်စု အစိုးရများနှင့် နိုင်ငံတကာ ဘဏ္ဍာရေးအဖွဲ့အစည်းမှ ချေးငွေနှင့် ထောက်ပံ့ငွေတို့၏ ၅၅ ရာခိုင်နှုန်းသည် ကမ္ဘာတဝန်း ကျန်းမာရေး၊ ပညာရေးနှင့် လူသားချင်း စာနာမှုဆိုင်ရာ အစီအစဉ်ကဲ့သို့ လူမှုကယ်ဆယ်ရေး လုပ်ပေးနေချိန်တွင် တရုတ်ချေးငွေများ၏ သုံးချိုးနှစ်ချိုးကတော့ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အခြေခံ အဆောက်အအုံ အောက်တွင် ပျောက်သွားခဲ့ပြီ ဖြစ်သည်။
စီးပွားရေး ကျပ်တည်းနေကြချိန်ဖြစ်၍ အခကြေးငွေပေးပြီး ဖြတ်သန်းရသော လမ်းပိုင်းများ၊ ဆိပ်ကမ်းများနှင့် ဓာတ်အားပေး စက်ရုံကဲ့သို့ အခြေခံ အဆောက်အဦများကို လျှော့သုံးကြမည်ဖြစ်သဖြင့် ယာဉ်အသွားအလာ၊ လူအသွားအလာနည်းမည်။ လျှပ်စစ်နှင့် အင်ဂျင်ပါဝါ လျှော့သုံးကြသဖြင့် ယင်းစီမံကိန်းများမှ ပြန်ရမည့် ဝင်ငွေသည်လည်း နည်းသွားမည်ဖြစ်၏။ သို့ဖြစ်၍ ချေးငွေပြန်ဆပ်နိုင်ဖို့ ဝင်ငွေရရှိစေမည့် စီမံကိန်းများအတွက် အခက်အခဲ ကြုံရတော့သည်။
ဒုတိယအချက်မှာ တရုတ်ချေးငွေများသည် အရင်းအမြစ်တစ်ခုခုမှ ထုတ်ပေးသော ဝင်ငွေအပေါ် မူတည်၍ အပေါင်ခံ ထားလေ့ ရှိသောကြောင့် စီးပွားပျက်ကပ်ဆိုက်သည့် ကာလများတွင် ဝယ်လိုအား နည်းပါးမှုသည် ပုံမှန်အားဖြင့် ရေနံမှလွဲ၍ အခြား ကုန်စည်ဈေးများ ကျဆင်းစေသဖြင့် ကြွေးမြီပြန်ရနိုင်ခြေလည်း ပိုလျော့သွားခဲ့သည်။ ယူကရိန်းစစ်ကြောင့် ရုရှားစီးပွားရေး ပိတ်ဆို့ ခံရခြင်းကလည်း ထို့အတွက် အကြောင်းတစ်ခု ဖြစ်သည်။
ဤသို့သော အကြောင်းအချက်များသည် အကြွေး ပြန်ဆပ်နိုင်ရေးအတွက် လိုအပ်သော ဝင်ငွေအပေါ်သို့ နောက်ထပ် ဖိစီးမှု တစ်ခု ဖြစ်စေခဲ့သည်။ တရုတ်နိုင်ငံသည် သူကိုယ်တိုင် တူးထားသော ထောင်ချောက်အတွင်းမှ ရုန်းထွက်နိုင်ဖို့ ရွေးချယ်စရာ နည်းနည်းသာ ရှိသည်။
စီးပွားရေး ကျပ်တည်းနေချိန် သီရိလင်္ကာကဲ့သို့ ဖရိုဖရဲ အစိုးရများထံမှ ချေးငွေများကို ပြန်ဆပ်ဖို့ ဖိအားပေးမိလျှင် အချည်းနှီး သာဖြစ်ပြီး တန်ပြန် သက်ရောက်မှုကလည်း လာလိမ့်ဦးမည် ဖြစ်သည်။ တရုတ်မှာ မြွေပါလည်းဆုံး၊ သားလည်းဆုံး ဆိုသလို ငွေကြေးဆုံးရှုံးရုံမက ၎င်း၏ဂုဏ်သိက္ခာလည်း ကျဆင်းပေလိမ့်ဦးမည်။
သို့နှင့်တိုင် ကြွေးမြီများ လုံးဝလျှော်ပစ်လျှင်လည်း တရုတ်အစိုးရပိုင် ဘဏ်များ၏ လက်ကျန် ရှင်းတမ်းကို ဆွဲဆုတ်ပစ်ရာ ကျ မည်။ ကြွေးမြီများ ထုတ်ပေးမိသည့် နောက်တွင်တော့ ဘေဂျင်းသည် မထူးဇာတ်ခင်း၍ သူ့အတွက် အနည်းဆုံး နစ်နာမည့် ကိစ္စများ ကာမိစေရန် နည်းလမ်းများ ရှာဖွေ၍ အဆုံးသတ်ရမည်ဖြစ်သည်။
တရုတ်နိုင်ငံ၏ အကောင်းဆုံး ရွေးချယ်မှုကတော့ သူ့ပုံရိပ်ကို ပြန်လည် ကောင်းမွန်စေပြီး ဆုံးရှုံးနစ်နာမှုများ ကာမိစေဖို့ ဘက်စုံ ချဉ်းကပ်နည်းကို ကျင့်သုံးဖို့ပဲ ရှိလေသည်။
ပထမအချက်မှာ အဆင်းရဲဆုံး နိုင်ငံများအတွက် ကြွေးမြီ သက်သာခွင့် ပေးသင့်သည်။ ဝင်ငွေနည်းသော အာဖရိကတိုက်၊ ဆာဟာရ သဲကန္တရဒေသနိုင်ငံများ၌ တရုတ်ပြည်ပ ချေးငွေများ၏ ထက်ဝက်ခန့်ရှိနေ၍ ဘေဂျင်းသည် ကြွေးမြီများ သက်သာ ဖယ်ရှားရန် စီစဉ်နေပါက ထိုနိုင်ငံများကို ဦးစားပေးသင့်သည်။
တကမ္ဘာလုံး စားနပ်ရိက္ခာ အကျပ်အတည်းကို အာဖရိကနိုင်ငံများ အများဆုံး ထိခိုက်နိုင်ဖွယ်ရှိသောကြောင့် အဆိုပါ နိုင်ငံများ အတွက် ကြွေးမြီ ကင်းစင်ရေးကိစ္စမှာ အထူးအသင့်လျော်ဆုံး ဖြစ်သည်။
လမ်းတွေပေါ်မှာ ပေါင်မုန့် အဓိကရုဏ်းများ ကြုံလာရသော် ထိုသို့ဆင်းရဲသား နိုင်ငံများထံမှ အကြွေးများ လှိမ့်တောင်းမိနေ လျှင်၊ ပြန်ဆပ်ဖို့ ဆက်လက် ဖိအားပေးမည်ဆိုလျှင် တရုတ်သည် ၎င်း၏ တုနှိုင်းမယှဉ်သာသော ဂုဏ်သိက္ခာပိုင်း ထိခိုက်မှုတွေ ကြုံတွေ့ရလိမ့်မည်။
ဒုတိယအချက်မှာ ကြွေးမြီ ပြန်လည်ဖွဲ့စည်းခြင်း ဖြစ်သင့်သည်။ တရုတ်နိုင်ငံသည် နောက်ထပ် ချေးငွေ ပျက်ကွက်မှုများ၏ ရေတို ခြိမ်းခြောက်မှုကို ရှောင်ရှားရန်အတွက် အတိုးနှုန်းကို ဖြတ်တောက်သင့်ပြီး၊ အကြွေးဝန်ဆောင်မှုများကို ယာယီဆိုင်းငံ့ ထားကာ ချေးငွေသက်တမ်း တိုးပေးသင့်သည်။
တတိယအချက် အနေဖြင့် တရုတ်သည် အခြားသော နိုင်ငံတကာ အလှူရှင်များ၊ ငွေချေးသူများနှင့် လက်တွဲ ဆောင်ရွက်သင့် သည်။ ကမ္ဘာ့အကြီးဆုံး တရားဝင် ငွေချေးသူအဖြစ် ခန့်ခန့်ထည်ထည် ရပ်တည်နေသော တရုတ်သည် အမှန်တကယ်လည်း သြဇာ အာဏာရှိပါသည်။
အခြား ငွေချေးသူများကိုလည်း အလားတူ လုပ်ဆောင်ရန် ကြွေးမြီ သက်သာခွင့် အစီအစဉ်ကို အသုံးချစေပါက တရုတ်နိုင်ငံ သည် တုံ့ဆိုင်းနေသော ကမ္ဘာ့စီးပွားရေး မုန်တိုင်းဒဏ်ကို တွန်းလှန်နိုင်ဖို့အရေး ဖွံ့ဖြိုးဆဲ နိုင်ငံများကိုလည်း ကူညီရာရောက်ပြီး နိုင်ငံတကာ အခန်းကဏ္ဍကိုလည်း မှန်ကန်စွာ ဦးဆောင်နိုင်မည်ဖြစ်သည်။
ရလဒ်ကတော့ တရုတ်နိုင်ငံအတွက် ၎င်း၏ နိုင်ငံတကာ ဦးစီးပဲ့ကိုင်နိုင်စွမ်းကို ပြသရန် သမိုင်းဝင် အခွင့်အလမ်းထူးတစ်ခု ဖြစ်လာနိုင်ပါသည်။
ရယ်စရာကောင်းသည်မှာ အထက်ပါ အခင်းအကျင်းများသည် တရုတ်မဟာဗျူဟာမြောက် အမြော်အမြင်ကြောင့် မဟုတ်ဘဲ ယခုကြုံလာမည့် အခွင့်အလမ်းကို ပထမဦးစားပေးနေရာမှာ ထားမိခဲ့၊ ဖန်တီးမိခဲ့တဲ့ ဘဏ္ဍာရေးဆိုင်ရာ မထီမဲ့မြင်ပြုမှုပင် ဖြစ် ပါသတည်း။ ။
Source: Nikkei Asia
(Nikkei Asia ဝက်ဘ်ဆိုက်တွင် ဇွန်လ ၂၄ ရက် ရက်စွဲဖြင့် လွှင့်တင်ထားသော မူရင်းဆောင်းပါးရှင် Minxin Pei ၏အတွေးအမြင် ရေးသားချက်ကို CNI က ဆီလျော်အောင် ဘာသာပြန်ဆို၍ တင်ဆက်ပေးလိုက်ပါသည်။ ဆောင်းပါးရှင်သည် Claremont McKenna ကောလိပ်၌ အစိုးရပါမောက္ခ တာဝန်ထမ်းဆောင်ရင်း အမေရိကန်နိုင်ငံ၊ မာရှယ်ငွေကြေးအဖွဲ့၏ ဝါရင့်ပညာရှင်တစ်ဦးလည်း ဆောင်ရွက်နေသည်)