CNI Article

၂၀၂၂ ခုနှစ်၊ မေလ ၃၁

အသက် ၄၃ နှစ်အရွယ်ရှိ သီရိလင်္ကာအမျိုးသမီး လစန္ဒာဒီသီ (Lasanda Deepthi) သည် လောင်စာဆီ ဝယ်နိုင်ဖို့ နေ့စဥ် တန်းစီရသည်။ သူသည် စီးပွားရေးမြို့တော် ကိုလံဘိုမြို့ အစွန်တွင် သုံးဘီးဆိုင်ကယ်မောင်းခြင်းဖြင့် အသက်မွေး ဝမ်းကြောင်း နေရသည်။

နေ့စဉ် အလုပ် မစတင်မီ လောင်စာဆီ အလုံအလောက် ရှိ/မရှိကို သူ့ မိုးပြာရောင် သုံးဘီးမောင်းသူ နေရာမှ ဆီမီတာဒိုင်ခွက် ကို အနီးကပ် စောင့်ကြည့်ရသည်။

ဆီတိုင်ကီထဲတွင် အပ်တစ်ချောင်စာသာ ဆီကျန်သည့် အခါဝယ် လစန္ဒာဒီသီသည် ဓာတ်ဆီဆိုင် အပြင်ဘက်၌ တန်းစီရတော့ ၏။ တစ်ခါတရံမှာ ဓာတ်ဆီရဖို့ တစ်ညလုံး စောင့်ဆိုင်းရသည်။ ရသည့် ပမာဏကလည်း လွန်ခဲ့တဲ့ ရှစ်လက ဈေးနှုန်းထက် နှစ်ဆခွဲလောက် ကုန်ကျသည်။

ဒီသီသည် သီရိလင်္ကာတွင် ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရပြီးနောက်ပိုင်း အဆိုးရွားဆုံး စီးပွားရေး အကျပ်အတည်း အောက်တွင် ရုန်းကန်နေရသော သီရိလင်္ကာရှိ သန်းနှင့်ချီသော ပြည်သူထဲမှ တစ်ဦးဖြစ်ပြီး သူလည်း ဝင်ငွေ ကျဆင်းနေသည်။ တနိုင်ငံလုံး တွင် လောင်စာဆီမှ ဆေးဝါးအထိ ဝင်ငွေကျဆင်းမှုနှင့် ဆေးဝါးပြတ်လပ်မှုတို့ကို ရင်ဆိုင်နေရသည်။

အိန္ဒိယနိုင်ငံ တောင်ပိုင်း ကမ်းရိုးတန်းနှင့် နီးကပ်ပြီး လူဦးရေ ၂၂ သန်း နေထိုင်သော သီရိလင်္ကာကျွန်းတွင် အမျိုးသမီး တစ်ဦး ကို အငှားသုံးဘီး ယာဉ်မောင်းအဖြစ် တွေ့ရခြင်းမှာလည်း ရှားရှားပါးပါး မြင်ကွင်းတစ်ခု ဖြစ်သည်။ သို့သော် ဒီသီသည် ပြည်တွင်း စီးနင်းမှု မိုဘိုင်းအက်ပ် ဖြစ်သည့် PickMe ကို အားပြုသုံးစွဲရင်း မိသားစုငါးဦး၏ စားအိုးကြီးထိန်းရန် ၇ နှစ် ကြာ အောင် မောင်းသက်ရလာခဲ့သည်။

သုံးဘီးယာဉ်မောင်း သီရိလင်္ကာအမျိုးသမီး လစန္ဒာဒီသီ လောင်စာဆီထည့်နေစဉ်

ငွေကြေး အကျပ်အတည်း ဖြစ်ပွားပြီး ကတည်းက သူသည် ဓာတ်ဆီ အလုံအလောက် ရှာဖွေရန် မနည်း ရုန်းကန်နေခဲ့ရသည်။ ခရီးသည် စီးနင်းမှု လျော့ကျလာပြီး ငွေကြေး ဖောင်းပွမှုနှုန်းသည် တစ်နှစ်ထက် တစ်နှစ် ၃၀ ရာခိုင်နှုန်း ကျော်လွန်လာ၍ လုံလောက်သောဝင်ငွေကို ကြိုးစားပမ်းစာ ရှာရသည်။ 

ဒီသီ၏ လစဉ် ဝင်ငွေမှာ သီရိလင်္ကာ ရူပီး ၅၀၀၀၀ ခန့် (ဒေါ်လာ ၁၃၈) ခန့်ဖြစ်ပြီး ယခုနှစ်ဆန်းပိုင်း ဇန်နဝါရီလမှ စတင် ကျဆင်းသွားခဲ့ရာ ယခုအခါ သူရရှိသည့် ဝင်ငွေမှာ ယခင်ထက် ထက်ဝက်ကျော် လျော့နည်းသွားသည်။

“ကျမက တခြားဘာမှ မလုပ်တတ်တော့ ဓာတ်ဆီအတွက်ပဲ အချိန်ပို ပေးနေမိတယ်”ဟု ဒီသီက ပြောပြသည်။  

“တစ်ခါတလေ ညနေ ၃ နာရီလောက်မှာ မိုဘိုင်းအက်ပ်ကနေ လိုင်းတက်ပေမယ့် ည ၁၂ နာရီ လောက်ကြာမှ ဓါတ်ဆီ ရတယ်။ ဆီမရရအောင် နှစ်ခါပြန် တန်းစီရတာလည်း ရှိတယ်ရှင့်” ဟု ကိုလံဘိုမြို့ ဆင်ခြေဖုံးရှိ ဂိုနာပိုလာဒေသ (Gonapola) ရှိ အိပ် ခန်း နှစ်ခန်းပါ အိမ်သေးသေးလေးတွင် လက်ဖက်ရည် သောက်ရင်း ဒီသီက ဆက်လက် ပြောပြသည်။

အိမ်တွင် သူ့အမေနှင့် မောင်လေး ၃ ယောက် အတူတကွ နေထိုင်ကြသည်။ ဒီသီသည် အိမ်ထောင်ဖက်နှင့် လမ်းခွဲပြီးနောက် သမီးလေးတစ်ယောက် ကျန်ခဲ့သည်။ ယခုနှစ် မေလ အလယ်ပိုင်းတွင် ဒီသီသည် အစ်ကိုတစ်ဦး၏ အကူအညီဖြင့် ဓာတ်ဆီ တန်းစီရာ၌ပင် နှစ်ရက်ခွဲကြာအောင် အချိန်ယူခဲ့ရသည်ဟု ရင်ဖွင့်သည်။

“ဘယ်လောက်အထိ စိတ်ပျက်စရာ ကောင်းလိုက်တာဆိုတာ ရှင်းပြဖို့ စကားလုံးတွေ ကျမ ရှာမရတော့ဘူး။ တစ်ခါတစ်ရံ ည ဘက်မှာ မလုံခြုံဘူးလို့ ခံစားရပေမယ့် တခြားလုပ်စရာ အလုပ်ကလည်း မရှိဘူး” ဟု သူက ဖြည့်စွက်ပြောသည်။  

သီရိလင်္ကာ အဓိကရုဏ်း (AP)

မကြာသေးမီက တစ်ခုသော နံနက်ခင်းတွင် သူ၏ လုပ်ရိုးလုပ်စဉ်အတိုင်း အဝတ်အစားများ လဲပြီး ရေသန့်ဘူး တစ်ဘူးကို ဖြည့်ကာ သုံးဘီးဆိုင်ကယ်ကို သန့်ရှင်းရေး လုပ်သည်။ ယာဉ်ပေါ်သို့ မတက်မီ ဘုရားဝတ်ပြုသည့် အနေဖြင့် အမွှေးတိုင် တစ်ချောင်း ထွန်းပြီး ပူဇော်သည်။

အစိုးရက ထောက်ပံ့ကြေးများကို လျှော့ချလိုက်သောကြောင့် ရက်ပိုင်းအတွင်း အများစု ကဲ့သို့ပင် လောင်စာဆီ စျေးနှုန်းများ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ ၂၅၉ ရာခိုင်နှုန်း တက်လာသည့်အပြင် ဆီရဖို့ အသည်းအသန် ရှာဖွေရ သည်။

သီရိလင်္ကာမှ လက်ရှိ အကျပ်အတည်း၏ ဇစ်မြစ်မှာ ယခင် အမြတ်အစွန်း များခဲ့သော ခရီးသွား လုပ်ငန်းရပ်တန့်ပြီး နိုင်ငံခြား ရောက် သီရိလင်္ကာ နိုင်ငံသားများ၏ ငွေလွှဲမှုများကို ဆိုင်းငံ့သွားခြင်း ဖြစ်သည်။ ထို့ပြင် သမ္မတ ဂိုတာဘာယာ ရာဂျာပက်ဆာ အစိုးရက COVID-19 ကပ်ရောဂါကြောင့်  အခွန်ဖြတ်တောက်မှုများ တိုးခဲ့သည်။

သို့ဖြင့် နိုင်ငံရေး နယ်ပယ်တွင် အင်အားကြီးနေသော ရာဂျာပက်ဆာ မိသားစုကို စီးပွားရေး အလွဲသုံးစား လုပ်နေသည်ဟု စွပ်စွဲ ချက်များ ပေါ်ပေါက်လာခဲ့သည်။ ဒေါသထွက်နေသော ထောင်နှင့်ချီသော ဆန္ဒပြသူများ သီရိလင်္ကာ တဝန်းတွင် မကြာသေးမီ လများအတွင်း ငြိမ်းချမ်းစွာ လမ်းပေါ်ထွက်၍ အစိုးရကို ဆန့်ကျင် ကန့်ကွက်ခဲ့ကြသည်။  

ပြီးခဲ့သည့် သီတင်းပတ်က ဝန်ကြီးချုပ်သစ် ရာနေးလ်ဝီရီမန်ဆင်း (Ranil Wickrememsinghe) သည် အသုံးစရိတ်ကို ဖြတ် တောက်ပြီး နှစ်နှစ်ကြာ လူမှုဖူလုံရေး အစီအစဉ်သို့ လမ်းကြောင်း တည်ပေးမည်ဟု ပြောကြားလျက် ရက်သတ္တ ခြောက်ပတ် အတွင်း ဘတ်ဂျက်ကို မိတ်ဆက်ရန် ဦးတည် လုပ်ဆောင်နေသည်။

သမ္မတ ဂိုတာဘာယာ ရာဂျာပက်ဆာ

၎င်း၏ မူဝါဒများသည် အရေးတကြီး လိုအပ်နေသော ချေးငွေ ဝန်ထုပ်ဝန်ပိုးအတွက် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) နှင့် စေ့စပ်ညှိနှိုင်းမှုများလည်း တွန်းအားပေးနိုင်ရန် မျှော်လင့်နေကြသည်။ သို့သော် ဒီသီကတော့ စိတ်ပျက်သွားသည်။

သူ့ချွေးနှဲစာဖြင့် ခြစ်ကုပ် စုဆောင်းဝယ်ယူထားသည့် ကားကို ငှားရမ်းသူများ နည်းသွားသဖြင့် ယမန်နှစ်က ထိုးရောင်းခဲ့ရ သည်။ သူ့အစ်ကို တစ်ဦး မောင်းလေ့ရှိသော ဒုတိယမြောက် သုံးဘီးယာဉ် တစ်စီးကလည်း  ပြုပြင်ရန် လိုအပ်သဖြင့် မိသားစု ငွေဖြင့် မတတ်နိုင်ပေ။

ကပ်ရောဂါ မဖြစ်ပွားမီက သူဝယ်ခဲ့သော မြေကွက်အတွက် ချေးငွေ ဆပ်ရသဖြင့် ရူပီးငွေ တစ်သိန်းကျော် ဖိစီးမှုကလည်း ရှိသေးသည်။ ဒီသီသည် သူ၏ သုံးလသားအရွယ် မြေးဖြစ်သူထံ သွားရောက် လည်ပတ်လိုသော်လည်း သမီးဖြစ်သူ သူနာပြု ဆရာမ နေထိုင်ရာ ပင်လယ် ကမ်းစပ်မြို့ ဖြစ်သည့် မာတရာ (Matara) သို့ ကီလိုမီတာ ၁၇၀ (၁၀၅ မိုင်) ကို အကွာအဝေးကို ခရီးဆန့်ဖို့မှာ မသေချာ၊ မရေရာဖြစ်နေသည်။

“ကျမ မိသားစုအတွက် ဆန်နဲ့ ဟင်းသီးဟင်းရွက် အလုံအလောက် မတတ်နိုင်ပါဘူး။ အမေ လိုချင်တဲ့ ဆေးတွေ ရှာဝယ်လို့ မရတော့ဘူး။ နောက်လမှာ ဘယ်လိုလုပ် နေထိုင်ကြမလဲ။ ကျမတို့ အနာဂတ် ဘယ်လိုဖြစ်ဦးမလဲ မသိတော့ပါဘူးရှင်” ဟု ဒီသီက ညည်းတွား မိတော့၏။

Source: Reuters

(ရိုက်တာသတင်းဝက်ဘ်ဆိုက်တွင် မေလ ၃၁ ရက် ရက်စွဲဖြင့် လွှင့်ထားသော မူရင်းဆောင်းပါးရှင် Uditha Jayasinghe ၏ရေးသားချက်ကို CNI က ဆီလျော်အောင် ဘာသာပြန်ဆို၍ တင်ဆက်ပေးလိုက်ပါသည်)