CNI Sport News

၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၈

ဘရာဇီးလ်တိုက်စစ်မှူး ဂျီးဆပ်စ်က သူ့ရဲ့ဦးစားပေးဟာ အာဆင်နယ်အသင်းမှာ စာချုပ်သက်တမ်း ကုန်ဆုံးတဲ့ အထိ ဆက်နေဖို့ဖြစ်ပေမယ့် အသင်းဟောင်း ပါလ်မီးရပ်စ်ထံ ပြန်သွားဖို့ စိတ်ဝင်စားတယ်လို့ ဝန်ခံခဲ့ပါတယ်။ 

ဂျီးဆပ်စ်က “ကျနော်ဟာ အာဆင်နယ်အသင်းနဲ့ ၂၀၂၇ အထိ စာချုပ်ရှိနေပြီး စာချုပ်သက်တမ်း မတိုးခဲ့ရင် အနည်းဆုံး ၂၀၂၇ အထိ ဆက်ရှိနေမှာပါ။ ကျနော်ဟာ ကစားသမားတစ်ဦး ဖြစ်တဲ့အတွက် အခုအချိန်မှာ ပြောဖို့ အနည်းငယ် ခက်ပေမယ့် ဘရာဇီးလ်ကို ပြန်ချင်တယ်လို့ ခံစားရတဲ့အချိန်မှာ ကျနော့်ရဲ့ဆန္ဒက အမြဲတမ်း ပါလ်မီးရပ်စ်ပါပဲ”လို့ ESPN Brazil ကို ပြောခဲ့တာပါ။ 

အာဆင်နယ် ကစားသမားဘဝကို ဒဏ်ရာ အများအပြားနဲ့ ဖြတ်သန်းနေရတဲ့ ဂျီးဆပ်စ်က သူ့ရဲ့ ပြန်လည် ထူထောင်ရေး လုပ်ငန်းစဉ်ဟာ ကြီးမားတဲ့ တိုးတက်မှုတွေ ရှိနေတယ်လို့ မကြာသေးမီက ပြောခဲ့ပါတယ်။ 

ဂျီးဆပ်စ်ဟာ ဘယ်အချိန် ပြန်ကစားနိုင်မလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပေမယ့် အာဆင်နယ်အသင်း ဟာ ဇန်နဝါရီမှာ သူ့အတွက် ကမ်းလှမ်းမှုတွေကို နားထောင်သွားဖို့ အသင့်ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ် လာခဲ့ပါတယ်။ 

ဂျီးဆပ်စ်ကို တွေ့ရစဉ် 

ပါလ်မီးရပ်စ်ကတော့ ဂျီးဆပ်စ်ကို အသင်းထံ ပြန်ခေါ်ယူဖို့ စိတ်ဝင်စားတယ်လို့ လူသိရှင်ကြား ပြောထားတာပါ။ 

ပါလ်မီးရပ်စ် လူငယ်စီမံကိန်းကနေ ထွက်ပေါ်လာခဲ့တဲ့ ဂျီးဆပ်စ်ဟာ ဘရာဇီးလ်ကလပ်မှာ ၂၀၁၇ အထိ ကစားခဲ့ပြီးနောက် မန်စီးတီးအသင်းထံ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။

ပါလ်မီးရပ်စ်အသင်း အကြီးအကဲ လိုင်လာပါရဲရားက ဂျီးဆပ်စ်ဟာ မကြာမီအိမ်ကို ပြန်လာတော့မှာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ 

ဂျီးဆပ်စ်က လက်ရှိဒဏ်ရာဟာ သူ့ဘဝမှာ အကြီးမားဆုံးတွေထဲက တစ်ခုဖြစ်ပေမယ့် ကာလရှည်ကြာစွာ စောင့်ဆိုင်းနေရတဲ့ ကွင်းထဲ ပြန်လာနိုင်ဖို့ နီးစပ်နေပြီယုံကြည်ကြောင်း ESPN နဲ့ အင်တာဗျူးမှာ ပြောခဲ့တာ ဖြစ်ပါတယ်။

 Source: Metro