CNI Sport News

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၁

အာဆင်နယ်အသင်းဟာ အင်တာမီလန်အသင်းကို ၃ ဂိုး-၁ ဂိုးနဲ့ အနိုင်ရပြီးနောက် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၇ ပွဲဆက် အနိုင်နဲ့ ၁၆ သင်းအဆင့်ကို တက်နိုင်ခဲ့ပါတယ်။ 

အာဆင်နယ်အသင်းဟာ ဒီရာသီချန်ပီယံလိဂ် League Phase ပွဲစဉ် ၇ ပွဲ ကစားအပြီးမှာ ရာနှုန်းပြည့် နိုင်ပွဲနဲ့ ၁၆ သင်း အဆင့်ကို တက်နိုင်ခဲ့တာဖြစ်ပြီး အသင်းရဲ့ သမိုင်းမှာလည်း ပထမဆုံးအကြိမ်အဖြစ် ဥရောပပွဲတွေမှာ ၇ ပွဲ ဆက် နိုင်ပွဲရရှိခဲ့တာပါ။ 

ဒီပွဲမှာ အာဆင်နယ်အသင်းအတွက် ဂိုးတွေကို ဂျီးဆပ်စ်က ၂ ဂိုးနဲ့ ယိုကီရက်စ်က ၁ ဂိုးသွင်းယူခဲ့တာ ဖြစ်ပါတယ်။ 

ဂျီးဆပ်စ်ဟာ ဒီပွဲမှာ အာဆင်နယ်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာ ပါဝင်ခဲ့ပြီး ခြေစွမ်းပြသနိုင်ခဲ့တာကြောင့် ဒီပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကိုလည်း ရရှိခဲ့ပါတယ်။ 

အာဆင်နယ်အသင်းကို တွေ့ရစဉ်

ဒဏ်ရာကြောင့် ၁၁ လကြာ အနားယူရပြီးနောက် အာဆင်နယ်အသင်းအတွက် ပြန်ကစားနိုင်ခဲ့တဲ့ ဂျီးဆပ်စ်ဟာ ဒီရာသီမှာ ၁၂ ပွဲ ပါဝင်ကစားထားပြီး ၃ ဂိုး သွင်းယူထားပါတယ်။ 

ဂျီးဆပ်စ်က “အိပ်မက်ထဲက ညတစ်ညပါပဲ။ ကျနော်ဟာ စီးရီးအေပွဲတွေ အများကြီး ကြည့်ခဲ့တာကြောင့် ဆန်စီရို ကွင်းထဲမှာ ရှိနေရတာနဲ့ ဂိုးသွင်းနိုင်ခဲ့တာက ကျနော့်ကို မျက်ရည် ကျစေပါတယ်။ လူတိုင်းက ပွဲထွက်ချင်ကြပြီး ကျနော်ဟာ အလွန်လေးစားတတ်တဲ့ သူတစ်ဦးပါ။ ဗစ် လူစားဝင်ရောက်လာပြီး ဂိုးသွင်းနိုင်ခဲ့တဲ့အတွက်လည်း ကျနော်ပျော်ရွှင်ပါတယ်”လို့ ပြောခဲ့ပါတယ်။ 

အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ထိပ်ဆုံးနေရာ ရပ်တည်နေပြီး ဒီပြိုင်ပွဲ ၂ ခု စလုံးမှာ ဗိုလ်စွဲဖို့ ရေပန်းစားနေပါတယ်။ 

အာဆင်နယ်အသင်းဟာ လာမယ့် ပရီးမီးယားလိဂ်ပွဲအဖြစ် ယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ 

Source: ESPN