CNI Spor၀t News

၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၇

အာဆင်နယ်အသင်းဟာ ခရစ္စတယ်ပဲလေ့စ်အသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယား ကို ၄ မှတ်အသာနဲ့ ဦးဆောင်ထားပေမယ့် နည်းပြ အာတီတာက အသင်းဟာ တိုးတက်အောင် လုပ်ရမယ့်အရာ တွေ ရှိသေးတယ်လို့ ပြောခဲ့ပါတယ်။

အာတီတာက “ကျနော်တို့ဟာ ပွဲစဉ်တိုင်းရဲ့ အခက်အခဲကို သိပေမယ့် တည်ငြိမ်စွာ လုပ်နိုင်ခဲ့တဲ့အတွက် ကျနော် တို့ ကိုယ့်ကိုယ်ကို အသိအမှတ် ပြုရပါမယ်။ အခုက အစောကြီးပဲရှိသေးပြီး ကျနော်တို့ ကောင်းမွန်စွာ လုပ်နေတဲ့ အရာတွေ အများကြီးကို ဆက်လုပ်ရမယ်ဆိုတဲ့ အဓိပ္ပါယ်ကလွဲပြီး တခြား ဘာမှမရှိပါဘူး။ ဒါပေမယ့် တိုးတက် အောင် လုပ်ရမယ့် အရာတွေ ရှိပါသေးတယ်”လို့ ပြောခဲ့တာပါ။ 

ဒီပွဲမှာ အာဆင်နယ်အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို အီဇီက အသင်းဟောင်း ခရစ္စတယ်ပဲလေ့စ် အသင်းဘက်ကို သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

အာဆင်နယ်အသင်းဟာ ဒီရာသီမှာ အကောင်းဆုံးပုံစံ ရရှိနေပြီး ပြိုင်ပွဲစုံ ၁၃ ပွဲ ကစားထားတာမှာ ၁၁ ပွဲအထိ အနိုင်ရထားပြီး ၁ ပွဲသရေ၊ ၁ ပွဲရှုံးနိမ့်ထားတာပါ။ 

အာဆင်နယ်အသင်း နည်းပြ အာတီတာကို တွေ့ရစဉ်

ပရီးမီးယားလိဂ်ပွဲစဉ် ၉ အဖြစ် ယှဉ်ပြိုင်ခဲ့တဲ့ ပွဲတွေမှာ လီဗာပူးလ်နဲ့ မန်စီးတီးအသင်းတို့ အရေးနိမ့်ခဲ့တာကြောင့် အာဆင်နယ်အသင်းဟာ သူတို့နစ်သင်းနဲ့ အမှတ်ကွာဟမှုကို ထပ်ပြီးတိုးနိုင်ခဲ့ပါတယ်။ 

လီဗာပူးလ်နဲ့ မန်စီးတီးအသင်းတို့ ရှုံးပွဲကြုံတွေ့ခဲ့တာကြောင့် ပရီးမီးယားလိဂ်က ဘယ်လောက် ခက်ခဲလဲဆိုတာကို ပြသနေတယ်လို့ အာဆင်နယ်အသင်း နည်းပြ အာတီတာက ပြောခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ဒီရာသီကစားထားတဲ့ ပရီးမီးယားလိဂ် ၉ ပွဲမှာ ၆ ပွဲအထိ ပေးဂိုး မပေးရအောင် စွမ်းဆောင်ထားနိုင်ပြီး ပေးဂိုးထပ် မပေးရအောင် ပြုလုပ်နိုင်ခဲ့တာက အလွန် အရေးကြီးတယ်လို့လည်း နည်းပြ အာတီတာက ပြောခဲ့တာပါ။ 

အာဆင်နယ်အသင်းဟာ ကြားရက်ထဲမှာ ကာရာဘောင်းဖလား ပွဲစဉ်အဖြစ် ဘရိုက်တန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး ဒီပွဲပြီးရင် ဘန်လေအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ 

Source: metro