CNI Sport News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၇
ဒေသတွင်းဘောလုံး ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ဖို့ ရည်ရွယ်ပြီး ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)နဲ့ အရှေ့တောင် အာရှနိုင်ငံများ (အာဆီယံ)တို့အကြား သဘောတူညီချက်ရဲ့ အစိတ်အပိုင်းအဖြစ် FIFA Asean Cup လို့ခေါ်တဲ့ ပြိုင်ပွဲအသစ် တစ်ခုကို ကျင်းပသွားမှာ ဖြစ်ပါတယ်။
၄၇ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးအတွင်းမှာ ဖီဖာအကြီးအကဲ အင်ဖန်တီနိုနဲ့ အာဆီယံ အတွင်းရေးမှူးချုပ်တို့ MOU အသစ်တစ်ခုကို လက်မှတ် ရေးထိုးပြီးနောက် FIFA Asean Cup ပြိုင်ပွဲအသစ် ကျင်းပမှာကို ကြေညာခဲ့တာပါ။
၂၀၂၁ ခုနှစ်မှာ ဖီဖာကနေ ပထမဆုံး ကျင်းပခဲ့တဲ့ အာရပ် ဖလားပြိုင်ပွဲလို ပုံစံမျိုးနဲ့ အာဆီယံအဖွဲ့ဝင် နိုင်ငံအသင်းတွေ အားလုံးက လက်ရွေးစင်အသင်းတွေ ဒီပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြရမှာ ဖြစ်ပါတယ်။

အင်ဖန်တီနိုကို တွေ့ရစဉ်
အင်ဖန်တီနိုက “ဒါက ဒေသတွင်း ဘောလုံး ပြက္ခဒိန်အတွက် အလွန်ကောင်းမွန်တဲ့ ပြိုင်ပွဲတစ်ခု ထပ်တည့်မှု ဖြစ် လာမှာပါ။ ဖီဖာ အာဆီယံဖလားကနေ တဆင့် ကျနော်တို့ဟာ နိုင်ငံတွေကို အတူတကွ စုစည်းပြီး အာဆီယံ ဒေသ တွင်းရှိ လက်ရွေးစင် အသင်းတွေကို မြှင့်တင်ဖို့နဲ့ အရှေ့တောင်အာရှ တစ်ဝှမ်းရှိ အားကစား ဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုးပေးမှာ ဖြစ်တာကြောင့် ဒီပြိုင်ပွဲဟာ အလွန်အောင်မြင်မှာပါ”လို့ ပြောခဲ့ပါတယ်။
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဟာ အာရှဘောလုံးအဖွဲ့ချုပ်၊ အာဆီယံဘောလုံးအဖွဲ့ချုပ်၊ ဖီဖာအဖွဲ့ဝင်တွေ အပါအဝင် ဒေသတွင်း တာဝန်ရှိသူတွေနဲ့ ပူးပေါင်းပြီး FIFA Asean Cup ပြိုင်ပွဲပုံစံကို အပြီးသတ်ရေးဆွဲဖို့ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
Source: CNA
