CNI International News

တိုကျို၊ မေလ ၂၅

ဂျပန်နိုင်ငံသည် လာမည့် ၅ နှစ်ကျော်အတွင်း AI နည်းပညာနှင့် တစ်ပိုင်းလျှပ်ကူးပစ္စည်း ကဏ္ဍများတွင် ကျွမ်းကျင် ဒစ်ဂျစ်တယ်ပညာရှင် ၁ သိန်းကို လေ့ကျင့်သင်ကြားပေးရန် အာဆီယံနှင့်အတူ ပူးပေါင်းဆောင်ရွက်မည်ဟု ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါ( Fumio Kishida)က ပြောကြားခဲ့ကြောင်း ကျိုဒိုသတင်းတွင် ဖော်ပြထားသည်။

သြစတြေးလျ ပါဝင်ပြီး မြန်မာနိုင်ငံကို ချန်လှပ်၍ အရှေ့တောင်အာရှနိုင်ငံများ အဖွဲ့အစည်းနှင့်အတူ ဂျပန် ဦးဆောင်သော Asia Zero Emission Community မူဘောင်၏ ဒုတိယအကြိမ်မြောက် ဝန်ကြီးအဆင့် အစည်းအဝေးကို သြဂုတ်လတွင် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာ (Jakarta) မြို့တော်တွင် ပြုလုပ်သွားမည်ဟု ကီရှီဒါက ပြောကြားခဲ့သည်။

ထိုအစီအစဉ်သည် အာဆီယံအဖွဲ့နှင့်အတူ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် ကြိုးပမ်းအားထုတ်မှုတစ်ခု ဖြစ်သည်ဟု ကီရှီဒါက ပြောသည်။

ဂျပန်နဲ့အာဆီယံပူးပေါင်းကျင်းပသည့် ဖိုရမ်ကိုတွေ့ရစဉ်

ဂျပန်နှင့်အာဆီယံသည် မျိုးဆက်သစ် မော်တော်ယာဉ် လုပ်ငန်းကဏ္ဍကို မြှင့်တင်ရန် ၂၀၃၅ ခုနှစ်အထိ ပြုလုပ်မည့် ဆယ်နှစ်ကြာ မဟာဗျူဟာတစ်ရပ်ကိုလည်း အကောင်အထည် ဖော်သွားမည်ဖြစ်သည်။

ထိုအစီအစဉ်ကို နွေဦးရာသီက ထုတ်ဖော် ကြေညာခဲ့သည်ဟု ကီရှီဒါက ဆိုသည်။

အဆိုပါ မဟာဗျူဟာကို ဂျကာတာမြို့တော်တွင် ဌာနချုပ်ရှိသည့် အာဆီယံနှင့် အရှေ့အာရှဆိုင်ရာ စီးပွားရေး သုတေသနဌာနနှင့် ပူးပေါင်းဆောင်ရွက်မှု၌ အကောင်အထည် ဖော်သွားမည်ဖြစ်သည်။

အာဆီယံအဖွဲ့တွင် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ ပါဝင်သည်။

Source: ဘန်ကောကပို့စ်