CNI International News

ဝါရှင်တန်၊ မေလ ၄

တရုတ်ကွန်မြူနစ်ပါတီ (CCP) သည် အမေရိကန်ကို ဆိုက်ဘာတိုက်ခိုက်မှုများနှင့် ဆိုက်ဘာ သူလျှိုလုပ်သည့် လှုပ်ရှားမှုများအား ဆက်တိုက် လုပ်ဆောင်နေသည်ဟု Hong Kong Post မှ ဖော်ပြခဲ့သည်။

မကြာသေးမီက အမေရိကန်၏ ဆိပ်ကမ်းများတွင် အသုံးပြုနေသည့် တရုတ်နိုင်ငံလုပ် ဝန်ချီစက် (ကရိန်း) များတွင် ဆက်သွယ်ရေးပစ္စည်းများ တပ်ဆင်ထားသည်ကို တွေ့ရှိခဲ့သည့်ဖြစ်စဉ်နှင့် Volt Typhoon အမည်ရှိ ဆိုက်ဘာ တိုက်ခိုက်မှု စစ်ဆင်ရေးများသည် တရုတ်က အမေရိကန်၏ အခြေခံ အဆောက်အအုံများကို ဆိုက်ဘာ တိုက်ခိုက် မှုများပြုလုပ်သည့် ကြိုးပမ်းမှုများအား ဖော်ပြရာရောက်ခဲ့သည်။

စပိုင် ဝန်ချီစက်များဟု အမည်ပေးခံခဲ့ရသည့် အဆိုပါ ကရိန်းများကို ကမ္ဘာ့အကြီးဆုံး ဝန်ချီစက်များ ထုတ်လုပ် သည့် ရှန်ဟိုင်း (Shanghai) အခြေစိုက် ZPMC ကုမ္ပဏီက ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် အမေရိကန်နိုင်ငံ တစ်ဝန်းရှိ အဓိက ဆိပ်ကမ်းများ၌ ထိုဝန်ချီစက်များကို အသုံးပြုနေသည်။

ဘိုင်ဒန်ကို တွေ့ရစဉ်

ZPMC ၏ ဝန်ချီစက်များသည် ကင်မရာများနှင့် အင်တာနက် ဆက်သွယ်ရေးပစ္စည်းများ တပ်ဆင်ထားကာ ထိုပစ္စည်းများကို ဆန်းပြားရှုပ်ထွေးသည့် အင်တာနက်အသုံးပြုနိုင်သော ကိရိယာများနှင့် ပေါင်းစပ်ထားသည်။

ထိုအင်တာနက် ချိတ်ဆက်မှုများအရ တရုတ်သည် အမေရိကန်၏ အဓိကကျသည့် ဆိပ်ကမ်းများ၏ လည်ပတ်မှု များကို အဝေးမှ စောင့်ကြည့်နိုင်ပြီး နှောင့်ယှက်မှုများပင် ပြုလုပ်နိုင်ခြေရှိသည်ဟု ကျွမ်းကျင်သူများက ပြောကြား ခဲ့သည်။

အမေရိကန်အရာရှိများကမူ တရုတ်လုပ် ထိုဝန်ချီစက်များ အသုံးပြုမှုနှင့်ပတ်သက်ပြီး အမျိုးသားလုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများကို အလေးထား ပြောဆိုလျက်ရှိသည်။

တရုတ်အလံကိုတွေ့ရစဉ်

တရုတ်သည် ထိုပစ္စည်းများကို ဝန်ချီစက်များ၌ ထည့်သွင်းထားခြင်း ဖြစ်ပြီး ဟက်ကာများသည် ထိုဝန်ချီစက်များ ကို အဝေးမှ ဝင်ရောက်အသုံးပြုနိုင်ကြောင်း၊ တရုတ်အနေဖြင့် ဆန္ဒရှိ သည့်အချိန်တွင် ထိုဝန်ချီစက်များကို ထိန်းချုပ်နိုင်စွမ်း ရှိနေသည်ဟု အမေရိကန်လွှတ်တော်၏ ထုတ်ပြန်ချက်၌ ဖော်ပြခဲ့သည်။

ထိုအခြေအနေမျိုးတွင် ပင်လယ်ရေကြောင်း ကုန်သွယ်မှုကို ထိခိုက်စေနိုင်သဖြင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) အစိုးရအဖွဲ့သည် ZPMC ကုမ္ပဏီ၏ ဝန်ချီစက်များကို ဖယ်ရှားပြီး အမေရိကန် ကုမ္ပဏီများနှင့် ဂျပန် ကဲ့သို့ မဟာမိတ်နိုင်ငံများမှ ထုတ်လုပ်သည့် ဝန်ချီစက်များနှင့် အစားထိုးရန် ဒေါ်လာ ၂၀ ဘီလျံ အသုံးပြုရမည့် အခြေအနေသို့ ရောက်ရှိစေခဲ့သည်။

၂၀၂၃ ခုနှစ်၊ မေလကလည်း Volt Typhoon အမည်ရှိ တရုတ်ဟက်ကာအဖွဲ့သည် အာရှ-ပစိဖိတ်ဒေသနှင့် အမေရိကန်တွင် ဆက်သွယ်ရေး အခြေခံ အဆောက်အအုံများကို ဆိုက်ဘာတိုက်ခဲ့ကြောင်း Microsoft ကုမ္ပဏီက ထုတ်ဖော်ပြောကြားခဲ့သည်။

Source: Hong Kong Post