CNI International News

ဝါရှင်တန်၊ ဩဂုတ် ၂

ရုရှား၏ နာမည်ဆိုးဖြင့် ကျော်ကြားသည့် ဟက်ကာအဖွဲ့ တစ်ဖွဲ့သည် ကမ္ဘာကျော် ဆိုက်ဘာလုံခြုံရေးကုမ္ပဏီ အဖြစ် ဟန်ဆောင်ပြီး မော်စကိုမြို့တော်ရှိ ပြည်ပသံရုံးများကို ပစ်မှတ်ထားခဲ့ကြောင်း အမေရိကန်၏ Microsoft ကုမ္ပဏီက ဇူလိုင် ၃၁ ရက်တွင် ထုတ်ပြန်ခဲ့ကြောင်း The Straits Times သတင်းစာမှ ဖော်ပြခဲ့သည်။

Turla သို့မဟုတ် Secret Blizzard ဆိုသည့် နာမည်များဖြင့် လူသိများသည့် ထိုဟက်ကာအဖွဲ့သည် ဆိုက်ဘာ တိုက်ခိုက်မှုများ ပြုလုပ်ရန် ရုရှား၏ အင်တာနက်ဝန်ဆောင်မှု ထောက်ပံ့သည့် ကုမ္ပဏီများကိုလည်း အသုံးပြုခဲ့ သည်ဟု ဆိုသည်။

ဟက်ကာများသည် ရုရှား၏ ဆိုက်ဘာလုံခြုံရေးကုမ္ပဏီဖြစ်သည့် Kaspersky ကုမ္ပဏီမှ  ဆိုက်ဘာလုံခြုံရေး ဆော့ဖ်ဝဲအဖြစ် ဟန်ဆောင်ထားသည့် အဖျက်ဆော့ဖ်ဝဲဖြင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး Kaspersky ကုမ္ပဏီက မှတ်ချက်တောင်းခံမှုကို ချက်ချင်း မတုံ့ပြန်ခဲ့ပေ။

ဟက်ကာလုပ်နေမှုကို သရုပ်ပြနေစဉ်

ဟက်ကာများသည် ရုရှား၏ အင်တာနက် ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီများ၏ စနစ်ကို ဖောက်ထွင်း ဝင်ရောက်ခဲ့ ပြီးနောက် မော်စကိုမြို့တော်ရှိ ပြည်ပသံရုံးများကို ပစ်မှတ်ထားကာ ထောက်လှမ်းရေး အချက်အလက်များ စုဆောင်းခဲ့သည်ဟု ဆိုသည်။

သို့သော် မည်သည့်သံရုံးများ ဆိုက်ဘာတိုက်ခိုက်ခံရသည် ဆိုခြင်းကိုမူ Microsoft ကုမ္ပဏီက ပြောဆိုခဲ့ခြင်းမရှိပေ။

ထိုဟက်ကာအဖွဲ့သည် ဆိုက်ဘာတိုက်ခိုက်မှုများ ပြုလုပ်လာခဲ့သည်မှာ ၂၅ နှစ်ကျော် ကြာမြင့်လာပြီဖြစ်ပြီး အမေရိကန်အစိုးရက ထိုဟက်ကာအဖွဲ့ကို ကမ္ဘာပေါ်တွင် အရှုပ်ထွေးဆုံး ဟက်ကာအဖွဲ့များထဲမှ တစ်ဖွဲ့အဖြစ် ယူဆထားသည်။

ထို့ပြင် ထိုဟက်ကာအဖွဲ့သည် ရုရှားဖက်ဒရယ်ထောက်လှမ်းရေးအဖွဲ့ (FSB) ၏ လက်အောက်ခံ အဖွဲ့ဖြစ်သည်ဟု အမေရိကန်က သတ်မှတ်ထားသည်။

၂၀၂၃ ခုနှစ်ကလည်း အမေရိကန် တရားရေးဝန်ကြီးဌာနက အမေရိကန်သည် Turla အဖွဲ့၏ ဆိုက်ဘာတိုက်ခိုက် မှုတွင် အသုံးပြုသည့် ကွန်ရက်တစ်ခုကို ဖျက်ဆီးနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ယခုထွက်ပေါ်နေသည့် သတင်းနှင့်ပတ်သက်ပြီး ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း မှတ်ချက်ပေးရန် တောင်းဆိုချက်ကို တုံ့ပြန်ခြင်းမရှိပေ။

Source: The Straits Times