CNI Article

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၃

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၄ ရက်၌ ယူကရိန်းကို ရုရှားကျူးကျော်ခဲ့သည့် ဂယက်ကြောင့် အာရှတိုက်၏ ပထဝီဝင် နိုင်ငံရေးနှင့် အငြင်းပွားစရာ လမ်းကြောင်းများ၊ အသွင်သဏ္ဌာန်များကို အခြေခံကျကျ ပြန်လည်ပုံဖော် အားဖြည့် ပေးခဲ့သော်လည်း ကမ္ဘာ့နိုင်ငံရေးအတွက် ဦးတည်ချက် အသစ်ကတော့ ဝေဝါးနေခဲ့သည်။

အမေရိကန်-တရုတ် ပထဝီဝင်နိုင်ငံရေး မဟာဗျူဟာပြိုင်ဆိုင်မှုနှင့် ပြင်းထန်လာခဲ့သော်လည်း ယခင်ဆယ်စုနှစ် များအထိ နိုင်ငံတကာအစီအစဉ်မှာ အချိုးပြေပြစ်နေခဲ့သည်။

သို့သော် ယိုယွင်းလာသော စနစ်များနှင့်အတူ ခေတ်ရေစီးကြောင်းအရ နိုင်ငံတကာ ပတ်ဝန်းကျင်သည် မကြာမီကပင် မတွေးဝံ့စရာ ယူဆခဲ့သော အကြောင်းအရာများက အမှန်တကယ် အန္တရာယ်ရှိသည့် နယ်မြေအငြင်းပွားမှုဆီသို့ ရောက်ရှိလို့ လာခဲ့သည်။

၎င်း၏ အထူးစစ်ဆင်ရေးဟု တံဆိပ်ကပ်ထားသော ပူတင်၏ ကျူးကျော်စစ် မတိုင်မီက နိုင်ငံအချင်းချင်းကြားတွင် ရှိနှင့်ပြီးသား ယုံကြည်မှုများသည် အမေရိကန်-တရုတ် ထိပ်တိုက်ရင်ဆိုင်သည့် အခါဝယ် သိသိသာသာ လျှော့ကျ သွားခဲ့သည်။ ယခင်သမ္မတ ဒေါ်နယ်ထရမ့်နှင့် လက်ရှိသမ္မတ ဂျိုးဘိုင်ဒန်တို့ လက်ထက်တွင် ဝါရှင်တန်သည် အင်ဒို-ပစိဖိတ် မဟာဗျူဟာကို ပိုမိုချဲ့ထွင်လာခဲ့သည်။

ဘိုင်ဒန်၊ ရှီကျင့်ဖျင်၊ ပူတင်တို့ကိုတွေ့ရစဉ်

တစ်ချိန်တည်းမှာပင် တရုတ်သမ္မတ ရှီကျင့်ဖျင်ကလည်း လွန်စွာ ရည်မှန်းချက်ကြီးမားသည့် Belt & Road စီမံချက် ကို ခင်းကျင်းလာခဲ့သည်။ ၂၀၂၀-၂၀၂၁ ကပ်ရောဂါသည် စူပါပါဝါ နှစ်နိုင်ငံအတွက် ပထဝီဝင် နိုင်ငံရေးဗျူဟာများ တင်းမာနေမှု ပိုဆိုးလာစေခဲ့သည်။ ကပ်ရောဂါကို ပူးပေါင်းတိုက်ဖျက်ရမည့်အစား ကိုယ်ပိုင်နည်းလမ်းများဖြင့် ကာကွယ်ဆေး ဖော်စပ်ကြသည်။ သီးခြားစီ ကာကွယ်ဆေးဖြန့်ဖြူးကြသည်။

ယခုနှစ်အစောပိုင်းတွင် အမေရိကန်သည် ကပ်ရောဂါကြောင့် တုံ့ဆိုင်းခဲ့သော ၎င်း၏ စီးပွားရေး လုပ်ငန်းများကို ပြန်ဖွင့်ပေးခဲ့သည်။ တရုတ်ကတော့ ၎င်း၏နယ်စပ်တချို့ ကန့်သတ်ထားဆဲဖြစ်ပြီး အချို့နေရာများကို လုံးဝပိတ် ထားသည်။ တရုတ်သည် ပြည်တွင်း ကပ်ရောဂါ အတားဆီးကြောင့် ပြည်ပနှင့် အပြည့်အဝ ပြန်လည် ဆက်ဆံနိုင် သေးခြင်း မရှိသေးပေ။

ထိုစဉ် ထိုင်ဝမ် ရေလက်ကြားကိစ္စက တောင်တရုတ်ပင်လယ်မှ အရှေ့တောင်အာရှအထိ သက်ရောက်လာခဲ့သည်။ အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီ၏ ပြီးခဲ့သည့်လ တိုင်ပေမြို့တော်သို့ လာရောက်မှုကြောင့် ဘေဂျင်းအစိုးရသည် ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး ရုတ်တရက် စစ်ရေးလေ့ကျင့်မှုများ စတင်ခဲ့သည်။

ရုရှားတပ်ဖွဲ့များကိုတွေ့ရစဉ်

ထို့အပြင် ယူကရိန်းတွင် ရုရှား၏ရန်လိုမှု၊ အာရှတွင် တရုတ်၏ ဩဇာချဲ့ထွင်မှုတို့သည် ကပ်ရောဂါ အကျပ် အတည်းနှင့်အတူ မော်စကို(ရုရှား)-ဘေဂျင်း(တရုတ်)ဝင်ရိုးကို ချောင်ချောင်ချိချိ မလည်ပတ်နိုင်ခဲ့ပေ။

ကမ္ဘာ့နိုင်ငံရေး အရွေ့သည် အာရှရှိ အမေရိကန်နှင့် ၎င်း၏ မဟာမိတ်များအကြား မလွဲမသွေ တန်းစီနေခဲ့ပြီး အခြား တဖက်တွင်လည်း ဥရောပသမဂ္ဂနှင့် နေတိုးတို့က ရှိနေသည်။ တရုတ်၊ ရုရှားနှင့် ၎င်းတို့၏ စိတ်တူကိုယ်တူ မိတ်ဖက်နိုင်ငံကတော့ ကျန်သည့် တဖက်တွင် ရှိနေခဲ့သည်။

စူပါပါဝါများ ထိပ်တိုက်ရင်ဆိုင်မှုသည် အာဆီယံ၊ ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်ဝမ်၊ အိန္ဒိယ၊ ဩစတြေးလျနှင့် နယူးဇီလန်တို့ အပါအဝင် အခြားဒေသတွင်း နိုင်ငံများအတွက် ကြီးမားစွာ အကျိုးသက်ရောက်ခဲ့သည်။

အင်ဒို-ပစိဖိတ်ဒေသရှိ အလယ်အလတ်နှင့် သေးငယ်သော နိုင်ငံများသည် ၎င်းတို့၏ ကိုယ်ပိုင် အချုပ်အခြာ အာဏာနှင့် အမျိုးသား အကျိုးစီးပွားအတွက် စူပါပါဝါနိုင်ငံကြီးများ၏ ပြိုင်ဆိုင်မှုကို စီမံခန့်ခွဲရန် ရွေးချယ်စရာ ဖိအားများ ရှိလာခဲ့သည်။ သို့ဖြစ်လင့်ကစား အင်ဒို-ပစိဖိတ်ဒေသတွင်း နိုင်ငံများအဖို့ နက်ရှိုင်းသော ပိုင်းခြားမှုများကတော့ ရှိနေဆဲ ဖြစ်ပါသည်။

ပြီးခဲ့သည့် ဆယ်စုနှစ်ကတည်းက တောင်တရုတ်ပင်လယ်တွင် ဖိလစ်ပိုင်နှင့်ဗီယက်နမ်တို့သည် ဘေဂျင်းအစိုးရ၏ လူလုပ်ကျွန်းအတုများ၊ ကျွန်းပိုင်ဆိုင်မှုများနှင့်ပတ်သက်၍ အငြင်းပွားရင်း သဘောထား ကွဲလွဲနေခဲ့သည်။

အာဆီယံနဲ့ အမေရိကန် အစည်းအဝေး

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှစတင်၍ မြန်မာနိုင်ငံတွင် တပ်မတော်က အရပ်သားအစိုးရကို ဖြုတ်ချမှုဖြစ်ပွား ပြီး ပြည်တွင်း စစ်မီးတောက်လာခဲ့ရာ အာဆီယံအဖွဲ့အတွင်း အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူတို့ သဘောထား ကွဲလွဲခဲ့ကြပြီး ကျန်နိုင်ငံများ အစုအဖွဲ့က မြန်မာ့ဒီမိုကရေစီအရေး လုပ်ငန်းစဉ်ကို ပြန်လည် ထူထောင်ရန် တောင်းဆိုခဲ့ကြသည်။

လာအိုနှင့်ဗီယက်နမ်တို့က မော်စကိုအပေါ် ရှုတ်ချခြင်း မပြုကြသဖြင့် အာဆီယံ၏ စည်းလုံးမှုနှင့် ဒေသတွင်း ဗဟို ချုပ်ကိုင်မှုတို့ကို ပိုမိုအားနည်းသွားစေခဲ့သည်။ အာဆီယံအတွင်းရှိ ကျန်နိုင်ငံများကတော့ မော်စကိုအပေါ် ရှုတ်ချခဲ့ ကြသည်။

ဩစတြေးလျ၊ ဂျပန်နှင့် အမေရိကန်တို့၏ Quad နိုင်ငံအစုအဖွဲ့တွင် ပါဝင်သူ အိန္ဒိယသည်ပင်လျှင် စွမ်းအင် လိုအပ် ချက်ကြောင့် ရုရှားအပေါ် ပိုမိုပျော့ပျောင်းသော သဘောထားကို ခံယူထားခဲ့သည်။

ထိုသို့ အမေရိကန်-ထိပ်တိုက်တွေ့မှု၊ ယူကရိန်းသို့ ရုရှား ကျူးကျော်စစ်တို့ကြောင့် ပထဝီဝင်နိုင်ငံရေး ပြိုင်ဆိုင်မှု များမှသည် ကမ္ဘာ့နိုင်ငံရေးကို ပိုမိုတင်းမာလာစေပြီး ပဋိပက္ခဝဲဂယက်အတွင်းသို့ တွန်းပို့လာသည်။

ရုရှားသမ္မတ ပူတင်နဲ့ အိန္ဒိယဝန်ကြီးချုပ် မိုဒီ

လောင်စာဆီနှင့် အထွေထွေ ကုန်ဈေးနှုန်းတို့မှာ တကမ္ဘာလုံး ဆောင့်တက်လာသလို ငွေကြေးဖောင်းပွမှု ဖိအားမှာ နိုင်ငံအများအပြားကို ဒုက္ခပေးခဲ့သည်။

လတ်တလော အန္တရာယ်အများဆုံး အချက်မှာ အမေရိကန်-တရုတ် ထိပ်တိုက်တွေ့ခြင်းသည် စစ်ရေးမဟုတ်သေး ဘဲ ကုန်သွယ်ရေးနှင့် နည်းပညာပိုင်းကိုသာ အာရုံစိုက်ထားလင့်ကစား တိုက်ရိုက် မျက်နှာချင်းဆိုင် အငြင်းပွားမှု အသွင်သို့ ကူးပြောင်းလာခြင်းဖြစ်သည်။

စင်စစ်အားဖြင့် ဝါရှင်တန်ရှိ မဟာဗျူဟာ တွေးခေါ်သူများသည် တရုတ်နှင့်စစ်ဖြစ်လျှင် အမေရိကန် အောင်ပွဲခံနိုင် ခြေများမည့်ပုံကို အထင်ရောက်နေ ကြသည်။

ခြုံငုံကြည့်မည်ဆိုလျှင် ရုရှား၏ ဆုတ်ယုတ်လာမှု၊ တရုတ်၏ ရုန်းကန်နေရမှု၊ အမေရိကန်၏ခိုင်မာမှု၊ ဥရောပသမဂ္ဂ ၏ လွှမ်းမိုးမှုနှင့် အာဆီယံအတွင်း အကွဲအပြဲများနှင့် အာရှအရှေ့မြောက်ဒေသ နိုင်ငံအချင်းချင်း ဆက်ဆံရေး ကြဲလာမှုတို့ကြောင့် ကမ္ဘာ့အရေးမှာ ကမောက်ကမ ဖြစ်နေသည်။

စစ်အေးခေတ်သစ် ဖော်ဆောင်နေခြင်းကို နှစ်ဘက်စလုံးမှ နောက်ပြန်ဆုတ်ပြီး အစွန်အဖျား တစ်ခုဆီမှ ရုန်းမထွက်ခဲ့ပါလျှင် ကျနော်တို့ဘဝ တစ်သက်တာ မဖြစ်နိုင်ဟု ယူဆမိခဲ့သော ကမ္ဘာလုံးဆိုင်ရာ ပဋိက္ခ မျက်ဝါး ထင်ထင် တွေ့လာရမည့် အန္တရာယ်က လက်တကမ်းမှာ ရှိနေပြီဖြစ်သတည်း။                     ။ 

Source: Bangkok Post

 (ဘန်ကောက်ပို့စ်ဝက်ဘ်ဆိုက်တွင် စက်တင်ဘာ ၂ ရက် ရက်စွဲဖြင့် လွှင့်ထားသော မူရင်းဆောင်းပါးရှင် Thitinan Pongsudhirak ၏အတွေးအမြင်ဆောင်းပါးကို CNI က ဆီလျော်အောင် ဘာသာပြန်ဆိုတင်ဆက်လိုက်ပါသည်။ ၎င်းသည် ထိုင်းနိုင်ငံ၊ ချူလာလောင်ကွန်းတက္ကသိုလ်မှ ပါမောက္ခတစ်ဦးဖြစ်သည်)