CNI Article

၂၀၂၂ ခုနှစ်၊ သြဂုတ် ၂၀

အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပေလိုစီ၏ အငြင်းပွားစရာ ထိုင်ဝမ်ခရီးစဉ်အပြီး ရက်သတ္တပတ်များအတွင်း တရုတ် နှင့် အမေရိကန် တင်းမာမှုသည် မကြာမီ လျော့ပါးသက်သာသွားမည့် အရိပ်လက္ခဏာ မမြင်ရသေးပေ။

စူပါပါဝါ နှစ်နိုင်ငံစလုံးသည် အင်ဒို-ပစိဖိတ်ဒေသ၏ အလယ်ခေါင်တွင် ဂိမ်းတစ်ခု ကစားကြဖို့ အစပျိုးခဲ့ကြသည်။

ထိုင်ဝမ်နှင့် အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ ပလိုစီတို့ကို ထောက်ခံကြောင်း ရှင်းရှင်းလင်းလင်း ပြသမှုအဖြစ် မက်ဆာချူးဆက်ပြည်နယ် အထက်လွှတ်တော်အမတ် အက်မားကီး(Ed Markey) ဦးဆောင်သော အမေရိကန် ဥပဒေပြု လွှတ်တော်အမတ်များ၏ နှစ်ဖက်ကိုယ်စားလှယ်အဖွဲ့လည်း ယခုသီတင်းပတ်အတွင်း ထိုင်ဝမ်သို့ ထပ် ရောက် လာပြန်သည်။

မားကီးတို့ အမေရိကန် လွှတ်တော်အမတ် တစ်သိုက်သည် တိုင်ပေမြို့တော်တွင် သမ္မတ ဆိုင်အင်ဝမ်၊  နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက်ဝူနှင့် ထိုင်ဝမ်အမျိုးသားလွှတ်တော်မှ အမတ်များ အပါအဝင် ထိုင်ဝမ် ထိပ်တန်းအရာရှိများနှင့် တွေ့ဆုံခဲ့ကြသည်။

ထိုင်ဝမ်သို့ အမေရိကန်ဘက်မှ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့၏ နောက်ဆုံး ခရီးစဉ်အပြီးတွင် ဒေါသထွက်နေ သော တရုတ်က ကျွန်းတစ်ဝိုက်တွင် စစ်ရေးလေ့ကျင့်မှုအသစ် ပြုလုပ်မည်ဟု ကြေညာခဲ့သည်။ ပြတ်ပြတ်သား သား အရေးယူမည်ဟု ခြိမ်းခြောက်ခဲ့သည်။

အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပေလိုစီနဲ့ ထိုင်ဝမ်သမ္မတဆိုင်အင်ဝမ် (Reuters)

ထိုင်ဝမ်တွင် လက်ရှိအာဏာရ ဒီမိုကရက်တစ် တိုးတက်ရေးပါတီ (DPP) မှ ထိပ်တန်း အရာရှိများကို ပစ်မှတ်ထား ၍ အာရှအင်အားကြီး တရုတ်နိုင်ငံက ပိတ်ဆို့ အရေးယူမှုအသစ်များ ချမှတ်ခဲ့သည်။

တုံ့ပြန်မှု တစ်ရပ်အနေဖြင့် ဘေဂျင်း၏ “ပြင်းထန်သော ဖိအားပေးလှုံ့ဆော်မှု” အဖြစ် အမေရိကန် ယူဆသည့် လုပ် ရပ်ကို ဟန့်တားရန်အတွက် ပင်တဂွန်သည် ၎င်း၏ ကိုယ်ပိုင် စစ်သင်္ဘောများကို ထိုင်ဝမ်အနီး ဖြန့်ကျက်ချထားရန် စီစဉ်ခဲ့သည်။

အိမ်ဖြူတော်ရှိ အင်ဒို-ပစိဖိတ်ဒေသတာဝန်ခံ ကက်ကမ်းဘဲလ်က “ထိုင်ဝမ်-အမေရိကန် ကုန်သွယ်ရေး ညှိနှိုင်းရန် မဟာဗျူဟာလမ်းပြမြေပုံကို လာမည့် ရက်ပိုင်းအတွင်း ထုတ်ပြန် ကြေညာမည်ဖြစ်ကြောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရ ကျွန်းနှင့် ထိတွေ့ဆက်ဆံမှုကို ချဲ့ထွင်ရန် အမေရိကန်၏ ကတိကဝတ်ကို အလေးထားပါကြောင်း” ပြောကြားခဲ့ သည်။

အငြင်းပွားနေသော တောင်တရုတ်ပင်လယ် အပါအဝင် ဒေသတွင်း၌ တရုတ်နှင့် အမေရိကန်တို့၏ စစ်ရေးလှုပ်ရှား မှုများ အရှိန်အဟုန် ပြင်းလာသဖြင့် ကြီးမားသည့်ပဋိပက္ခကို ကြိုးစားရှောင်ရှားလိုကြသည့် အရှေ့တောင်အာရှ နိုင်ငံများကို အထိတ်တလန့် ဖြစ်စေခဲ့သည်။

စူပါပါဝါ နှစ်နိုင်ငံကြား တင်းမာမှုများ တိုးပွားလာမှာကို စိုးရိမ်နေသည့် စင်ကာပူဒုတိယဝန်ကြီးချုပ် လောရင့်ဝေါင် က “လက်ရှိ လမ်းကြောင်းအတိုင်း ဆက်သွားနေမယ်ဆိုရင် စူပါပါဝါနှစ်နိုင်ငံဟာ ပဋိပက္ခဖြစ်နိုင်တယ်”ဟု  သတိပေးခဲ့သည်။

အမေရိကန် လွှတ်တော်အမတ် ငါးဦးကိုယ်စားလှယ်အဖွဲ့နဲ့ ထိုင်ဝမ်နိုင်ငံခြားရေး၀န်ကြီး

တစ်ပတ်ကြာ ထိုင်ဝမ်ခရီးစဉ်သို့ မက်ဆာချူးဆက်ပြည်နယ်မှ ဒီမိုကရက်တစ်ပါတီဝင် အထက်လွှတ်တော်အမတ် အက်မားကီးနှင့်အတူ ကယ်လီဖိုးနီးယားပြည်နယ် အမတ်များဖြစ်ကြသည့် ဂျွန်ဂါရာမန်ဒီ၊ ဗားဂျီးနီးယားပြည်နယ် အမတ် အလန်လိုဝမ်သယ်နှင့် ဒွန်ဘေယာ၊ အူမြူယာအေမာတာ ကိုးမန်းရက်ဝက်ဂန် စသည့်  အမေရိကန်နိုင်ငံ ရေး နယ်ပယ်မှ လုပ်ဖော်ကိုင်ဖက်များ လိုက်ပါလာခဲ့ကြသည်။

ကြိုတင် ကြေညာခြင်းမရှိသော ၎င်းခရီးစဉ်သည် တရုတ်နိုင်ငံအပေါ် ပိုမိုပြင်းထန်သော ရပ်တည်ချက် ဖြစ်ပေါ်စေ ခဲ့သလို ဝါရှင်တန်နှင့်ထိုင်ဝမ်တို့၏ နှစ်ဘက် သဘောတူညီချက်ကို မီးမောင်းထိုးပြခဲ့၍ လူအများ အံ့အားသင့်ခဲ့ ရသည်။

ထိုင်ဝမ်သမ္မတက ရုရှားနည်းတူ ရန်လိုသော အင်အားကြီး နိုင်ငံတစ်ခုအဖြစ် တရုတ်နိုင်ငံကို ပုံဖော်ပြောကြားခဲ့ သည်။

“ယူကရိန်းကို ရုရှားက ဒီနှစ်အစောပိုင်းက ကျူးကျော် ဝင်ရောက်လာတာဟာ ကမ္ဘာလုံးဆိုင်ရာ အစီအစဉ်အတွက် ခြိမ်းခြောက်မှု ရှိတယ်ဆိုတာ ပြသနေပါတယ်” ဟု လာရောက်လည်ပတ်သော အမေရိကန်ကိုယ်စားလှယ်အဖွဲ့ကို သမ္မတဆိုင်အင်ဝမ်က ဆက်လက် ပြောကြားခဲ့သည်။

မကြာသေးမီ နှစ်များအတွင်း ထိုင်ဝမ်ကို ပြတ်ပြတ်သားသား ထောက်ခံနေခဲ့သူ အထက်လွှတ်တော်အမတ် မားကီး က “ဝါရှင်တန်အနေဖြင့် မလိုလားအပ်သည့် ပဋိပက္ခကို တားဆီးရန် တတ်နိုင်သမျှ လုပ်ဆောင်ရမည့် ကျင့်ဝတ် ဆိုင်ရာ တာဝန်များရှိကြောင်းနှင့် စိန်ခေါ်မှုများအတွင်း ထိုင်ဝမ်သည် မယုံနိုင်လောက်အောင် ထိန်းထိန်း သိမ်းသိမ်း နေထိုင်နိုင်ပုံကို ပြသခဲ့ကြောင်း” အသိအမှတ်ပြု ပြောကြားခဲ့သည်။

အမေရိကန်နဲ့ ထိုင်ဝမ်မဟာမိတ်ဖွဲ့မှုသာဓက

“ထိုင်ဝမ် ဆက်ဆံရေးအက် ဥပဒေအောက်မှာရှိတဲ့ ကျနော်တို့ ကတိကဝတ်တွေနဲ့အညီ အမေရိကန် ပြည်ထောင်စု ဟာ နိုင်ငံတကာ အသိုင်းအဝိုင်းတွင် ထိုင်ဝမ်ရဲ့ အဓိပ္ပာယ်ပြည့်ဝစွာ ရပ်တည်ချက်ကို ဆက်လက် ပံ့ပိုးပေးပြီး ရေလက်ကြား ဖြတ်ကျော် အကျပ်ကိုင်မှုကို ခံနိုင်ရည်ရှိအောင် ကူညီသွားမှာ ဖြစ်ပါတယ်။ ထိုင်ဝမ်ရေလက်ကြား ပဋိပက္ခနဲ့ လွဲမှားတဲ့ တွက်ချက်မှုတွေကို ရှောင်ရှားဖို့ အတူတကွ လက်တွဲသွားမှာပါ” ဟု အမေရိကန် လွှတ်တော် အမတ် မားကီးက ပြောကြားခဲ့သည်။

ယခုသီတင်းပတ်၌ ထိုင်ဝမ်ကျွန်းပေါ်ရှိ တရုတ်ကွန်မြူနစ်ပါတီ၏ ထိုင်ဝမ်ရေးရာရုံး (TAO) က “ထိုင်ဝမ်ရှိ ထိပ် တန်း ဥပဒေပြုအမတ် အများအပြားကို တရုတ်ပြည်မကြီးသို့ လာရောက်ခြင်းအား တားမြစ်ခြင်း၊ ထိုင်ဝမ်ကုမ္ပဏီ များနှင့် ဘဏ္ဍာရေးလုပ်ငန်းများကို ကန့်သတ်ခြင်း အပါအဝင် ဒဏ်ခတ် အရေးယူမှုအသစ်များ ချမှတ်ကြောင်း” ကြေညာခဲ့သည်။

“တရုတ်နိုင်ငံသည် နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှုကို ကာကွယ်ရန် ပြတ်ပြတ်သားသား ခိုင်မာသော အစီအမံများ လုပ်ဆောင်သွားမည်” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝီ ဘင်းက တနင်္လာနေ့ သြဂုတ်လ ၁၅ ရက်တွင် ပြောကြားခဲ့သည်။

အမေရိကန် ကိုယ်စားလှယ်အဖွဲ့ ထိုင်ဝမ်သို့ ရောက်ရှိပြီး မရှေးမနှောင်းမှာပင် ဝမ်ဝီဘင်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ထိုင်ဝမ် ခွဲထွက်ရေးတပ်တွေနဲ့ ပူးပေါင်းပြီး အမေရိကန်နိုင်ငံရေးသမား လက်တစ်ဆုပ်စာလောက်ဟာ သူတို့ရဲ့ ကျရှုံးခန်း ရောက်စေမယ့် ‘တရုတ်တပြည်ထောင်တည်းမူဝါဒ’ ကို စိန်ခေါ်ဖို့ ကြိုးစားနေပါတယ်”ဟု ၎င်းက ပြောသည်။

ထိုင်ဝမ်သမ္မတဆိုင်အင်ဝမ်

ထို့နောက် သီးခြားအနေဖြင့် တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက အဆိုပါ စစ်ရေးလေ့ကျင့်မှုအသစ်သည် အမေရိကန်နှင့် ထိုင်ဝမ်တို့ကြား ပူးပေါင်းကြံစည်မှုနှင့် ရန်စမှုများကို ပြတ်ပြတ်သားသား တုံ့ပြန်ရန်နှင့် ပြင်းထန်စွာ အဟန့်အတား ဖြစ်စေရန် ရည်ရွယ်ထားကြောင်း သတိပေးခဲ့သည်။

အိမ်ဖြူတော်မှ ကမ်းဘဲလ်က အာရှစူပါပါဝါ တရုတ်နိုင်ငံ၏ နောက်ဆုံး လုပ်ဆောင်မှုများကို ဝေဖန်ခဲ့ပြီး ၎င်း၏ လုပ်ရပ်များသည် ရန်စခြင်း၊ မတည်မငြိမ် ဖြစ်စေခြင်းတို့ကို ရှားရှားပါးပါး ကြိုးပမ်းနေကြောင်း ရှုတ်ချခဲ့သည်။

 

အိုဘားမား အစိုးရလက်ထက်၌ “အာရှဆိုင်ရာ အချက်အချာ” မူဝါဒ ရေးဆွဲခဲ့ဖူးသူ ကမ်းဘဲလ်က အမေရိကန် အင်ဒို-ပစိဖိတ်ဒေသတွင်း မဟာမိတ်များကို ခုခံကာကွယ်ရန်အတွက် လာမည့် သီတင်းပတ်များအတွင်း အမေရိကန်၏ ကိုယ်ပိုင် စစ်သင်္ဘောများနှင့် တိုက်လေယာဉ်များကို အဆိုပါဒေသသို့ ဖြန့်ကြက် ချထားမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။

Pelosi ခရီးစဉ် မတိုင်မီကလည်း USS Ronald Reagan လေယာဉ်တင်သင်္ဘော အပါအဝင် အမေရိကန် စစ် သင်္ဘော ၄ စင်းကို ရေတပ်၏ စွမ်းပကားကို ပြသရန်နှင့် တရုတ်၏ စစ်ရေးလှုပ်ရှားမှုများကို ထိန်းသိမ်းရန်အတွက် အဆိုပါ ဒေသသို့ စေလွှတ်ထားပြီး ဖြစ်သည်။

သိုဖြင့် ယခုလအတွင်း စူပါပါဝါ နှစ်နိုင်ငံသည် ဒေသတွင်း ရေပြင်တစ်လျှောက်တွင် အစွန်းထွက် အရိပ်ထိုးသည့် လောင်းကြေးမြင့်သော ထိုးနှက်မှုများကို အကြိမ်ကြိမ် ပြုလုပ်ခဲ့ကြသည်။

တရုတ်စစ်တပ် စစ်ရေးလေ့ကျင့်နေစဉ်

ပလိုစီ၏ ခရီးစဉ်အပြီးတွင် အမေရိကန်နှင့် တရုတ်တို့သည် အီလက်ထရောနစ် စစ်ပွဲနှင့် ကင်းထောက် ပြိုင်ဆိုင်မှု များကိုလည်း အလောတကြီး လုပ်ဆောင်ခဲ့ကြသည်။  အပြည့်အဝ စစ်ဆင်ရေး လုပ်ဆောင်နိုင်မှု စွမ်းရည်ကို တစ်နိုင်ငံနှင့် တစ်နိုင်ငံစမ်းသပ်နေခဲ့ကြသည်။

ပလိုစီနှင့် ကိုယ်စားလှယ်အဖွဲ့ကို ကွာလာလမ်ပူမြို့မှ တိုင်ပေမြို့သို့ ယခုလ အစောပိုင်းတွင် ပို့ဆောင်ပေးခဲ့သည့်  အမေရိကန်လေတပ်အား ခြေရာခံရန်နှင့် စောင့်ကြည့်ရန် တရုတ်စစ်တပ် (PLA) သည် ၎င်း၏ရေတပ်နှင့် လေတပ် များကို တာဝန်ပေးထားကြောင်း တရုတ်အစိုးရပိုင် CCTV ရုပ်သံလိုင်းမှ ထုတ်လွှင့်ခဲ့သည်။

PLA သည် Pelosi ၏ လေယာဉ်ကို ရှာဖွေထောက်လှမ်းရန် J-16D ကဲ့သို့သော အီလက်ထရောနစ်နည်းပညာသုံး ကင်းထောက် လေယာဉ်အချို့နှင့် စစ်သင်္ဘောများကို သုံးစွဲခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း တရုတ်အခြေစိုက် သတင်းရင်းမြစ်တစ်ခုက South China Morning Post သတင်းစာသို့ ပြောကြားခဲ့သည်။

“PLA အီလက်ထရောနစ် စစ်ဆင်ရေး ကိရိယာအားလုံးနီးပါးဟာ ပလိုစီရဲ့ ခရီးစဉ်တလျှောက် ပင်တဂွန် စစ်ဌာနချုပ်က စေလွှတ်လိုက်တဲ့ အမေရိကန်လေတပ် အဖွဲ့ရဲ့နည်းပညာ အဟန့်အတားတွေကို မထိုးဖောက်နိုင်တာ ကြောင့် ကောင်းကောင်း အလုပ်မဖြစ်ခဲ့ပါဘူး” ဟု သတင်းရင်းမြစ်က ပြောကြားခဲ့သည်။

စူပါပါဝါနှစ်နိုင်ငံကြား တင်းမာမှုများ အထွတ်အထိပ်သို့ ရောက်ရှိလာခြင်းနှင့်အတူ အမေရိကန်ရှိ အထင်ကရ တတ်သိ ပညာရှင်များသည် အမျိုးမျိုးသော စစ်ပွဲဂိမ်းများကို အရေးတကြီး လေ့လာစူးစမ်းနေကြောင်း သိရသည်။  

ဩဂုတ်လ အစောပိုင်းတွင် ဝါရှင်တန်အခြေစိုက် မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးစင်တာ (CSIS) က “အကယ်၍ ထိုင်ဝမ်နှင့် ပတ်သက်ပြီး အမှန်တကယ် ပဋိပက္ခဖြစ်ပွားခဲ့လျှင် အမေရိကန်အတွက် လေယာဉ်တင် သင်္ဘော နှစ်စင်း၊ စစ်သင်္ဘော အစင်း ၂၀ နှင့် လေယာဉ်အစင်း ၅၀၀ တို့ ထိခိုက်နိုင်ခြေရှိကြောင်း” ထောက်ပြခဲ့ သည်။

ဒုတိယကမ္ဘာစစ်ကြီး ပြီးကတည်းက မမြင်ရတော့သည့် နျူကလီးယားစစ်ပွဲ ဖြစ်နိုင်ခြေ အပါအဝင် ဝါရှင်တန် အခြေစိုက် အမေရိကန်လုံခြုံရေးအသစ် (New American Security) အမည်ရှိ သုတေသနဌာနက ပို၍ပင် ဆိုးရွား သော ကောက်ချက်များအား ချပြလာခဲ့သည်။

စူပါပါဝါများ တင်းမာမှုသည် ဒေသတွင်းနိုင်ငံများ၊ အထူးသဖြင့် အရှေ့တောင်အာရှကို အကြိမ်ကြိမ် စိုးရိမ်ထိတ် လန့် လာစေခဲ့သည်။

Bloomberg မီဒီယာနှင့် ဩဂုတ် ၁၅ ရက်၌ တွေ့ဆုံမေးမြန်းခန်း တစ်ခုတွင် စင်ကာပူနိုင်ငံ၏ ဒုတိယဝန်ကြီးချုပ် လောရင့်ဝေါင်က လက်ရှိအခြေအနေကို “အလွန်စိုးရိမ်စရာ” ဟု ထုတ်ဖော်ပြောကြားခဲ့သည်။  

“နှစ်နိုင်ငံစလုံးက ဆုံးဖြတ်ချက်တွေ ဆက်တိုက်ချတာဟာ ကျနော်တို့ကို ပိုပြီး အန္တရာယ်များတဲ့ နယ်ပယ်ထဲကို တွန်းပို့နေတယ်ဆိုတာ စတင်တွေ့မြင်နေရပါတယ်” ဟု လက်ရှိ ဒုတိယဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသည့် ဝေါင်က မှတ်ချက်ချခဲ့သည်။

“သူတို့ပြောသလိုပဲ ဘယ်သူကမှ စစ်ထဲကို တမင်တကာ မဝင်ချင်ပေမယ့် တကယ်လို့ ပဋိပက္ခဖြစ်လာရင်တော့ ရှောင်လွှဲလို့ မရတော့ဘူး။ ဒါက အကြီးမားဆုံး ပြဿနာနဲ့ အန္တရာယ်ပဲ”  ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

 Source: Asia Times

(အေရှားတိုင်းမ်ဝက်ဆိုက်တွင် ဩဂုတ် ၁၇ ရက် ရက်စွဲဖြင့် လွှင့်တင်ထားသော မူရင်းဆောင်းပါးရှင် Richard Javad Heydarian ၏ US, China in a daring game of chicken over Taiwan ဆိုသော သတင်းဆောင်းပါးကို CNI က ဆီလျော်အောင် ဘာသာပြန်ဆိုတင်ဆက်ပေးလိုက်ပါသည်)