CNI International News

ဝါရှင်တန်၊ဖေဖော်ဝါရီ ၂၅

လာမည့် သီတင်းပတ် နိုင်ငံတကာအစည်းအဝေးပွဲများအတွက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင် (Antony Blinken) သည် အာရှအလယ်ပိုင်းနှင့် တောင်ပိုင်းသို့ လာရောက်မည်ဖြစ်ကာ ရုရှားနှင့် တရုတ်တို့မှ ဝန်ကြီးများနှင့်အတူတကွ အစည်းအဝေးလုပ်ဆောင်သွားမည်ဟု AP သတင်းတွင်ဖော်ပြသည်။

ဘလင်ကင်သည် ဆိုဗီယက်နိုင်ငံဟောင်းများဖြစ်သည့် ကာဇက်စတန်နှင့် ဥဇဘက်ကစ္စတန်တို့ဆီသို့ ဦးစွာ သွားရောက်မည်ဖြစ်ပြီး ထိုမှတစ်ဆင့် G-20 အစည်းအဝေးသို့ တက်ရောက်ရန် အိန္ဒိယသို့ သွားရောက်မည်ဟု နိုင်ငံခြားရေးဌာနက ထုတ်ပြန်သည်။

အဆိုပါ အစည်းအဝေးသို့ တရုတ်နှင့်ရုရှားနိုင်ငံတို့မှ အရာရှိများလည်း တက်ရောက်မည်ဖြစ်သည်။ယင်းအစည်းအဝေးသည် ယူကရိန်းအရေး၊ အင်ဒို-ပစိဖိတ်ဒေသအရေးများနှင့် ပတ်သက်၍ အမေရိကန်-ရုရှား၊ အမေရိကန်-တရုတ် ဆက်ဆံရေးများ ဆိုးရွားနေချိန်တွင် ပေါ်ပေါက်လာသည်။၎င်းတို့သုံးနိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ လွှမ်းမိုး နိုင်မှုတွင် အပြင်းအထန် ယှဉ်ပြိုင်နေကြသူများဖြစ်သည်။ကြာသပတေးနေ့ ကုလသမဂ္ဂအထွေထွေညီလာခံတွင် ရုရှား၏ယူကရိန်းအား ကျူးကျော်မှုကို ဝေဖန်ရှုတ်ချရေး မဲခွဲဆုံးဖြတ်မှု လုပ်ဆောင်ခဲ့သည်။ယင်းတွင် ကြားနေမဲ ၃၂ မဲ ပါဝင်ခဲ့ပြီး ထို ၃၂ နိုင်ငံတွင် ကာဇက်စတန်၊ဥဇဘက်နှင့် အိန္ဒိယတို့ ပါဝင်နေသည်။ အဆိုပါ အခြေအနေက အမေရိကန်ရင်ဆိုင်ရသည့် စိန်ခေါ်မှုများကို မီးမောင်းထိုးပြနေသည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်(ယာ)နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၉ ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံ ဘာလီအပန်းဖြေကျွန်းရှိ Nusa Dua တွင် တွေ့ဆုံစဉ်(ဓါတ်ပုံ-အေပီ)

အာရှအလယ်ပိုင်းနိုင်ငံများနှင့် အိန္ဒိယတို့သည် ရုရှားနှင့်ရှည်လျားရှုပ်ထွေးသည့် ဆက်ဆံရေးများရှိခဲ့သည့်အတွက် ချက်ချင်းအဆက်ဖြတ်ရန်မှာ မဖြစ်နိုင်ကြောင်း၊သို့သော် ယူကရိန်းပဋိပက္ခအတွင်း ၎င်းတို့ ပါဝင်ကူညီနိုင်မှုနှင့် ပတ်သက်၍ ရှင်းလင်းပြောဆိုသွားမည်ဖြစ်ပြီး ဒေသဆိုင်ရာ အမေရိကန်ထိပ်တန်းသံတမန် ဒေါ်နယ်လူ (Donald Lu) က ပြောသည်။

အိန္ဒိယတွင်ကျင်းပမည့် G-20 အစည်းအဝေးတွင် ဘလင်ကင်နှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံမှုနှင့်ပတ်သက်၍ အမေရိကန်အရာရှိများ နှုတ်ဆိတ်လျက်ရှိသည်။

အဆိုပါအစည်းအဝေးနှင့်ပတ်သက်၍ သီးသန့်အစီအစဉ်များမရှိကြောင်း နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ပြောခဲ့သော်လည်း ဆက်သွယ်မှုများကို ဖွင့်လှစ်ထားရန် အရေးကြီးသည်ဟု ပြောသည်။ ၂၀၂၂ ခုနှစ် ဘာလီတွင် ကျင်းပခဲ့သော G-20 နိုင်ငံခြားရေးရာဝန်ကြီးများအစည်းအဝေးတွင် ဘလင်ကင်သည် ထိုစဉ်က တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိ (Wang Yi)နှင့် တွေ့ဆုံခဲ့ကာ အဆိုပါတွေ့ဆုံမှုမှတစ်ဆင့် နိုဝင်ဘာလတွင် သမ္မတနှစ်ဦးအကြား ထိပ်သီး အစည်း အဝေးကို ဖြစ်စေခဲ့သည်။

Source:AP