CNI International News

ဘေဂျင်း၊ဒီဇင်ဘာ ၂၆

ယူကရိန်းစစ်ပွဲနှင့် ပတ်သက်သည့် တရုတ်နိုင်ငံ၏ ရပ်တည်ချက်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ( Wang Yi) က ကာကွယ်ပြောဆိုခဲ့သလို လာမည့်နှစ်တွင် ရုရှားနှင့်ဆက်ဆံရေးကို ပို၍ခိုင်မာအောင် ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့ကြောင်း အယ်ဂျာဇီးယားသတင်းမှာ ဖော်ပြထားသည်။

ဒီဇင်ဘာ ၂၅ ရက်နေ့က တရုတ်မြို့တော်တွင် ပြုလုပ်ခဲ့သော ဗွီဒီယိုကွန်ဖရင့်ညီလာခံတစ်ခုတွင် ဝမ်ယိ က အမေရိကန်နိုင်ငံကိုလည်း အပြစ်တင်ခဲ့သည်။

အမေရိကန်သည် ကမ္ဘာ့အကြီးဆုံး စီးပွားရေးအင်အားကို ပိုင်ဆိုင်ထားသည့် နှစ်နိုင်ငံကြားတွင် ဆက်ဆံရေး ဆိုး ရွားအောင် ဆောင်ရွက်နေကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အမေရိကန်၏ မှားယွင်းသော တရုတ်နိုင်ငံဆိုင်ရာ မူဝဒါ ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ဝမ်ယိ က ပြောသည်။

ဝမ်ယိ နဲ့ ဘလင်ကင်ကိုတွေ့ရစဉ် (GETTY IMAGES)

တရုတ်အစိုးရသည် ကုန်သွယ်ရေး၊ နည်းပညာ၊ လူ့အခွင့်အရေးနှင့် အနောက် ပစိဖိတ်ဒေသအတွင်း နယ်မြေများ ပိုင်ဆိုင်ကြောင်း ကြေညာခြင်း စသည်တို့နှင့် ပတ်သက်၍ ၎င်းတို့အပေါ် ကျရောက်လာသော အနောက်အုပ်စု၏ ဖိအားကို ဖယ်ရှားရန် ကြိုးပမ်းနေခြင်းဖြစ်သည်။

ထို့နောက် အမေရိကန်နိုင်ငံသည် ၎င်းတို့အပေါ် အနိုင်ကျင့်နေသည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ က စွပ်စွဲထားသည်။

ထို့အပြင် ယူကရိန်းအရေးနှင့်ပတ်သက်၍ ရုရှားနိုင်ငံအပေါ် ပြစ်တင်ရှုတ်ချရန်နှင့် တခြားနိုင်ငံများကဲ့သို့ ပိတ်ဆို့ အရေးယူမှုများ လုပ်ဆောင်ရ န်ငြင်းဆိုထားခြင်းကလည်း တရုတ်နှင့် ဥရောပအုပ်စုတို့အကြား ဆက်ဆံရေးကို ပိုမို ဆိုးရွားစေခဲ့ကာ ကွဲလွဲမှုများလည်း ပိုများစေလျက်ရှိသည်။

တရုတ်နိုင်ငံအနေဖြင့် ယူကရိန်းအရေးနှင့်ပတ်သက်၍ မှန်ကန်သည့် တရားစီရင်ခြင်းနှင့် သမာသမတ် ကျခြင်း ဆိုင်ရာ အခြေခံ သဘောတရားများကို ခိုင်မာစွာ လက်ကိုင်ထားကြောင်း၊ တစ်ဘက်ဘက်ကို အလေးပေး ဆောင် ရွက်ထားခြင်း သို့မဟုတ် လက်ရှိ အခြေအနေကို ပို၍ ဆိုးရွာလာအောင် ဆောင်ရွက်ခြင်းမျိုး မရှိဘဲ ထိုအခြေအနေ ကို တစ်ကိုယ်ကောင်းဆန်ဆန် ကိုယ်ကျိုးစီးပွားအတွက် ဆောင်ရွက်ခြင်းမျိုး မလုပ်ကြောင်း ဝမ်ယိ က ပြောသည်။

ဘိုင်ဒန်နဲ့ ဇာလန်းစကီးကိုတွေ့ရစဉ် (Biden-fb)

တရုတ်နိုင်ငံသည် ရုရှားနှင့် မဟာဗျူဟာမြောက် ယုံကြည်မှု၊ အပြန်အလှန်အကျိုး ဖြစ်ထွန်းစေသော ပူးပေါင်း ဆောင်ရွက်မှုများကို ပိုမိုခိုင်မာအောင် ဆောင်ရွက်သွားမည်ဟုလည်း ၎င်းက ထပ်လောင်း ပြောဆိုသည်။

တရုတ်နှင့်ရုရှားတို့မှ စစ်ရေယာဉ်များသည် ပြီးခဲ့သည့် သီတင်းပတ်တွင် အရှေ့တရုတ်ပင်လယ်အတွင်း ပူးတွဲ စစ်ရေး လေ့ကျင့်မှုများ လုပ်ဆောင်ခဲ့သည်။

ထို့အပြင် တရုတ်-ရုရှား အပြန်အလှန် ကုန်သွယ်ရေးသည် ဒေါ်လာ ဘီလီယံ ၂၀၀ သတ်မှတ်ချက်သို့ အရှိန်အဟုန် ကောင်းကောင်းဖြင့် ချဉ်းကပ်လာပြီဖြစ်ကာ အရေးပါသော ရင်းနှီးမြုပ်နှံမှု စီမံကိန်းများလည်း ကောင်းမွန်စွာ လည်ပတ်လျက်ရှိကြောင်း ဝမ်ယိ က ပြောည်။

Source: အယ်ဂျာဇီးယား