CNI News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၅

ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုအလုပ်အမှုဆောင်ကော်မတီ တစ်ဖွဲ့လုံး နှုတ်ထွက်ရန် တောင်းဆိုမှုသည် အမိန့်ပေးသလိုဖြစ်နေ၍ ကာယကံရှင်အဖွဲ့အစည်းက လက်ခံမှာ မဟုတ်ကြောင်း ကရင်အမျိုးသား ဒီမိုကရက် တစ်ပါတီဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက CNI သတင်းဌာနသို့ ပြောသည်။

နိုင်ငံရေးဦးဆောင်မှု အကျပ်အတည်းနှင့် ခေါင်းဆောင်မှု ပြဿနာအောက်မှ ရုန်းထွက်နိုင်ရန်အတွက် ကရင် အမျိုးသား အစည်းအရုံး (KNU) ဗဟိုအလုပ်အမှုဆောင်ကော်မတီ တစ်ဖွဲ့လုံးမှ တာဝန်ခံသည့် အနေဖြင့် နုတ်ထွက် ပေးရန် ကမ္ဘာတစ်ဝှမ်းရှိ ကရင်လူ့အဖွဲ့အစည်း ၆၈ ဖွဲ့က တောင်းဆိုခဲ့သည်။

မန်းအောင်ပြည်စိုးက “အခု နှုတ်ထွက်ပါ ဘာညာပြောတာက၊ သူတို့ကို အမိန့်ပေးနေသလို ဖြစ်နေတယ်၊ လက်နက်ကိုင် အဖွဲ့အစည်းကို ကိုယ်က အမိန့်သွားပေးလို့ကတော့ သိပ်မလွယ်လှဘူး။ ဒီအခြေအနေ အကြောင်း ကြောင့်တွေကို ညှိနှိုင်းစေ့စပ် ဆွေးနွေးကြဖို့တော့ လိုမယ်ဆိုပြီးတော့ ဟိုဖက်က ဒူးပလာယာခရိုင်ပေါ့လေ၊ ကြာအင်းဆိပ်ကြီးဖက်က လူမှုရေးအဖွဲ့အစည်း မဟုတ်ဘူး၊ ပြည်သူတွေ ပြည်သူတွေကတော့ သဘောထား ထုတ် ပြန်တယ်။ ခင်ဗျားတို့ အချင်းချင်း ပစ်ကြခတ်ကြမယ့်အစား ညှိနှိုင်းဆွေးနွေးကြဖို့ လိုတယ်ဆိုပြီးတော့မှ ပြည်သူ တွေက ထုတ်ပြန်တာ။ အဲဒါက CSO တွေ လူမှုရေးအဖွဲ့အစည်းတွေက ဒီပြည်သူတွေကို နမူနာယူပြီး‌တော့ အဲဒီလို အကြံပေးသင့်တယ်၊ ခင်ဗျားတို့ နုတ်ထွက်လိုက်ဆိုရင် တော်ရုံတန်ရုံ ကိုယ့်ကိုယ် ဒီလို လာအမိန့်ပေးလို့ လက်နက် ကိုင် အဖွဲ့အစည်းတွေက လက်ခံမလား ဒါလည်း စဉ်းစားဖို့ လိုတာပေါ့” ဟု CNI သတင်းဌာနသို့ ပြောသည်။

ကရင်ပြည်နယ် အတွင်းရှိ လောင်းကစား စီမံကိန်းတချို့မှာ KNU ဗဟိုအလုပ်အမှုဆောင်တစ်ဦးက ပတ်သက် ဆက်နွယ်ခဲ့သော်လည်း KNU ခေါင်းဆောင်က အရေးယူဆောင်ရွက်ခြင်း၊ လူထုကို အသိပေးချပြခြင်း မရှိ၍ ယခု ကဲ့သို့ တာဝန်မှ နှုတ်ထွက်ပေးရန် အိတ်ဖွင့်ပေးစာ ပေးပို့တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

ထို့အတူ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၇ ရက်နေ့ကလည်း ထိုင်းသတင်းဌာန တစ်ခုဖြစ်သည့် Thai PBS ၏ သတင်းဖော်ပြချက်အရ ကရင်ပြည်နယ်၊ ရွှေကုက္ကိုလ်မြို့သစ် စီမံကိန်းနှင့် နီးသည့် နောက်ထပ်စီမံကိန်း တစ်ခုဖြစ်သော ဟွမ်ယာမြို့သစ် စီမံကိန်းကို ပဒိုစောရော်ဂျာခင်က ခွင့်ပြုခဲ့ကြောင်း ဆိုသည်။

ကရင်အဖွဲ့အစည်းများ ထုတ်ပြန်ချက်ကိုတွေ့ရစဉ်

အဆိုပါ ကိစ္စကို KNU ခေါင်းဆောင်များမှ အရေးယူဆောင်ရွက်ခြင်း တစ်စုံတစ်ရာ မရှိသည်ကိုလည်း တွေ့ရ ကြောင်း ဖော်ပြထားသည်။

ထိုကိစ္စများကို လက်နက်ကိုင် တပ်အချင်းချင်းသော်လည်းကောင်း၊ အဖွဲ့အစည်းများ အချင်းချင်းကြားသော်လည်းကောင်း ညှိနှိုင်းဆွေးနွေးခြင်းဖြင့် ဖြေရှင်းသင့်ကြောင်း မန်းအောင်ပြည်စိုးက ပြောသည်။

၎င်းက “ကျ‌နော်တို့ မြင်တာကတော့ ဒီဟာကို ညှိနှိုင်းဆွေးနွေးကြတာ အကောင်းဆုံးပဲလို့ ကျနော်တော့ ပြောလို တယ်ပေါ့၊ CSO အဖွဲ့အစည်းတွေကလည်း ၇၄ ဖွဲ့လား၊ ၇၈ ဖွဲ့လား အဲဒီက ကိုယ်စားလှယ်ယူ ယူပြီးတော့ KNU နဲ့ တွေ့လိုက် ပြောလိုက်၊ ဆိုလိုက်ကြဆိုရင် တစ်မျိုးမျိုးများ ဖြစ်ချင်ဖြစ်မှာပေါ့၊ အလားတူ နယ်ဒါးမြ ဦးဆောင်တဲ့ ကော်သူးလေတပ် အချင်းချင်းပေါ့လေ အမျိုးစုံပါပဲဗျာ ပြောတောင် မပြောချင်တော့ပါဘူး” ဟု CNI သတင်းဌာန သို့ ပြောသည်။

ကမ္ဘာတစ်ဝှမ်းရှိ ကရင်လူ့အဖွဲ့အစည်း ၆၈ ဖွဲ့က KNU ဗဟိုအလုပ်အမှုဆောင်ကော်မတီ တစ်ဖွဲ့လုံးမှ နှုတ်ထွက် ပေးရန် တောင်းဆိုသည့် ကိစ္စနှင့် ပတ်သက်၍ KNU ၏ သဘောထားကို သိရှိနိုင်ရန် ဖုန်းဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရသေးပေ။

KNU သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က မြန်မာ့တပ်မတော်မှ အာဏာရယူပြီးနောက် ဒေသကာကွယ်ရေးတပ် (PDF) များနှင့် ပူး‌ပေါင်းကာ မြန်မာ့တပ်တော်နှင့် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။