CNI International News

မော်စကို၊ဖေဖော်ဝါရီ ၂၅

ရုရှားနှင့် ယူကရိန်းတို့၏ ထာဝရငြိမ်းချမ်းရေးအတွက် တစ်ခုတည်းသော နည်းလမ်းမှာ ရန်လိုသော တိုင်းပြည်များ ၏ နယ်စပ်ကို နောက်ဆုတ်ရေးဖြစ်သည်ဟု ရုရှားသမ္မတဟောင်း ဒီမီထရီ မက်ဗီဒက်ဗ် (Dmitry Medvedev) က ပြောကြောင်း အယ်ဂျာဇီးယား သတင်းတွင် ဖော်ပြထားသည်။

လက်ရှိ ရုရှားလုံခြုံရေးကောင်စီ၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ မက်ဗီဒက်ဗ်သည် ယူကရိန်းကျူးကျော်စစ် တစ်နှစ်ပြည့်ချိန် သောကြာနေ့က ၎င်း၏ တယ်လီဂရမ်၌ ထိုသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

အောင်ပွဲရရှိမည်ဖြစ်ကြောင်း၊ ယင်းကို တတ်နိုင်သမျှ မြန်မြန် အလိုရှိကြောင်းနှင့် ထိုနေ့သည် ရောက်လာမည် ဖြစ်ကြောင်း မက်ဗီဒက်ဗ်က ပြောသည်။

ယူကရိန်းနှင့် အနောက်အုပ်စုတို့ကြား ဆွေးနွေးညှိနှိုင်းမှုများကြောင့် သဘောတူညီချက်တစ်ချို့ ရရှိလိမ့်မည်ဟု လည်း ၎င်းက ကြိုတင်ခန့်မှန်းသည်။

 ပိုလန်နယ်စပ်မှာ ပိုလန်စစ်သားများကိုတွေ့ရစဉ်(GETTY IMAGES) 

ရရှိလာမည့် သဘောတူညီချက်သည် အမှန်တကယ် နယ်စပ်ရေးဆိုင်ရာ အခြေခံကျသော သဘောတူညီချက်များ နည်းပါးမည် ဖြစ်သကဲ့သို့ ဥရောပလုံခြုံရေး လမ်းကြောင်းတစ်ခုလုံးကို လွှမ်းခြုံနိုင်မည် မဟုတ်ကြောင်း၊ ထို့ ကြောင့် ရုရှားအနေဖြင့် ၎င်းတို့၏ နယ်စပ်ကို ချဲ့ထွင်ရန် အရေးကြီးကြောင်းလည်း ၎င်းက ပြောသည်။

ထိုအခြေအနေများကြောင့် အထူးစစ်ဆင်ရေး၏ ရည်မှန်းချက်များကို ပြည့်မှီအောင် လုပ်ဆောင်သင့်ကြောင်း၊ ပိုလန်နယ်စပ် ဖြစ်နေပင်လျှင် ရုရှား၏လုံခြုံရေးကို ခြိမ်းခြောက်လာမည် ဆိုပါက နောက်ဆုတ်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မက်ဗီဒက်ဗ်က ပြောသည်။

ပိုလန်သည် အရှေ့ပိုင်းတွင် ယူကရိန်း၊ ဘီလာရုစ်တို့နှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိပြီး အရှေ့မြောက်ပိုင်းတွင် ရုရှားနှင့် ကီလိုမီတာ ၂၀၀ ထိစပ်နေသည်။

ဘိုင်ဒန်နဲ့ပိုလန်ခေါင်းဆောင်ကိုတွေ့ရစဉ်(GETTY IMAGES)

ပိုလန်နှင့်နယ်စပ်ကို ကျူးကျော်မည်ဆိုလျှင် ရုရှားသည် နေတိုးအဖွဲ့နှင့် တိုက်ရိုက်ပဋိပက္ခဖြစ်သော အခြေအနေသို့ ပထမဆုံး ရောက်ရှိသွားမည်လည်း ဖြစ်သည်။

ဝါဆောမြို့သို့ ရောက်ရှိခဲ့စဉ်တွင် အမေရိကန်သမ္မတ ဘိုင်ဒန်က နေတိုးအဖွဲ့၏ နယ်မြေတစ်လက်မချင်းစီကို ကာကွယ်ပေးသွားမည်ဟု ပြောခဲ့သည်။

အသက် ၅၇ နှစ်အရွယ် မက်ဗီဒက်ဗ်သည် ယူကရိန်းစစ်ပွဲ စတင်ချိန်ကတည်းက ရန်လိုသော၊ သဘောထားတင်း သော ပုံစံပြောဆိုမှုများကို ဆက်တိုက် ပြုလုပ်ခဲ့သူဖြစ်ပြီး ၎င်းသည် ပူတင်၏ ရာထူးကို ဆက်ခံနိုင်သူများမှ တစ်ဦး ဖြစ်သည်ဟုလည်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ယူဆထားသည်။

Source: အယ်ဂျာဇီးယား