CNI Sport News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၆

ပဲရစ် ၂၀၂၄ အိုလံပစ်ပြိုင်ပွဲမှာ ရုရှားအားကစားသမားတွေကို ကြားနေအဖြစ် ဝင်ရောက်ယှဉ်ပြိုင်နိုင်တယ်လို့ အတည်ပြုလိုက်ပြီးနောက် အိုလံပစ်အကြီးအကဲတွေဟာ ယူကရိန်းစစ်ပွဲကို ထောက်ခံနေတယ်ဆိုပြီး စွပ်စွဲ ခံနေရတာ ဖြစ်ပါတယ်။

နိုင်ငံကူးလက်မှတ်ကြောင့် ဘယ်အားကစားသမားတွေ မယှဉ်ပြိုင်ရဘူးဆိုတာနဲ့ ဘယ်လိုအားကစားသမားတွေ ပါဝင်နိုင်တယ်ဆိုတာကို အစိုးရက မဆုံးဖြတ်ရဘူးလို့ နိုင်ငံတကာအိုလံပစ်ကော်မတီက ဗုဒ္ဓဟူးနေ့က ကြေညာ ချက်ထုတ်ပြန်ခဲ့ပါတယ်။ယူကရိန်းသမ္မတ ဇာလန်းစကီးနဲ့ ပြင်သစ်သမ္မတ မက်ခရွန်တို့ဟာ လာမယ့် အိုလံပစ် ပြိုင်ပွဲမှာ ရုရှားအားကစားသမားတွေကို ပိတ်ပင်ဖို့ တိုက်တွန်းခဲ့ပြီးနောက် ၂၄ နာရီအကြာမှာ အခုလိုကြေညာချက် ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့ကပြုလုပ်ခဲ့တဲ့ ဘုတ်အဖွဲ့ အစည်းအဝေးအပြီးမှာ နိုင်ငံတကာအိုလံပစ်ကော်မတီက ရုရှားနဲ့ ဘယ်လာရုစ် နိုင်ငံက အားကစားသမားတွေကို ဥရောပကနေမဟုတ်ဘဲ အာရှကနေ အိုလံပစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကြေညာချက်ထုတ်ပြန်ခဲ့တာပါ။နိုင်ငံတကာအိုလံပစ်ကော်မတီဟာ ပြီးခဲ့တဲ့နှစ်ကတော့ ရုရှားနဲ့ ဘယ်လာရုစ် အားကစားသမားတွေကို ပြိုင်ပွဲဝင်ခွင့် ပိတ်ပင်ခဲ့ပေမယ့် အခုအချိန်မှာတော့ သူတို့ရဲ့ ရပ်တည်ချက်က ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်ခဲ့ပါတယ်။

Global Athlete က “ဒီနေ့ဆုံးဖြတ်ချက်ဟာ ရုရှားရဲ့ ရက်စက်ကြမ်းကြုတ်တဲ့စစ်ပွဲနဲ့ ယူကရိန်းအပေါ် ကျူးကျော်မှုကို နိုင်ငံတကာအိုလံပစ်ကော်မတီက ထောက်ခံကြောင်း ကမ္ဘာကိုသတင်းစကားပေးပို့လိုက်တာပါ။ ရုရှားနဲ့ ဘယ်လာရုစ်အားကစားသမားတွေကို ယှဉ်ပြိုင်ခွင့်ပြုလိုက်တာက နိုင်ငံတကာအိုလံပစ်ကော်မတီဟာ ရုရှားရဲ့ဝါဒဖြန့်ချိရေးကို အားကောင်းစေပြီး ပူတင်အစိုးရကိုလည်း ပိုပြီးတော့ အားကောင်းစေကာ ငြိမ်းချမ်းရေးကို ပျက်ပြားစေပါတယ်။နိုင်ငံတကာအိုလံပစ်ကော်မတီရဲ့ ဆုံးဖြတ်ချက်ဟာ သမိုင်းရဲ့ မှားယွင်းတဲ့ဘက်မှာ ဆက်လက်ရှိနေခဲ့တယ်”လို့ ပြောခဲ့တာပါ။

ပဲရစ်အိုလံပစ်ပြိုင်ပွဲကို ဝင်ခွင့်ရဖို့အတွက် အားကစားနည်းအချို့ဟာ အခုကတည်းက ခြေစစ်ပွဲတွေ၊ လက်ရည် စစ်ပွဲတွေယှဉ်ပြိုင်နေပြီး အခုနှစ် တစ်နှစ်ပတ်လုံးယှဉ်ပြိုင်ကစားသွားဖို့ ရှိနေတာဖြစ်ပါတယ်။၂၀၂၄ အိုလံပစ် ပြိုင်ပွဲမှာ စုစုပေါင်းအားကစားနည်းအမျိုးအစား ၃၂ မျိုးပါဝင်မှာဖြစ်ပြီး အားကစားသမားပေါင်း ၁၀,၅၀၀ ခန့် ပါဝင်ယှဉ်ပြိုင်မယ်လို့ သိရပါတယ်။

Source:DailyMail