CNI Sport News

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၆

အိုလံပစ်အားကစားအဖွဲ့ချုပ်တွေဟာ လာမယ့်နွေရာသီမှာ ကျင်းပမယ့် ပဲရစ်အိုလံပစ်ပြိုင်ပွဲမှာ ရုရှားနဲ့ ဘယ်လာရုစ် အားကစားသမားတွေကို ကြားနေအဖြစ် ယှဉ်ပြိုင်ခွင့်ပြုဖို့ နိုင်ငံတကာအိုလံပစ်ကော်မတီ (IOC) ကို တောင်းဆိုလိုက်ပါတယ်။

ရုရှားက ယူကရိန်းကို ကျူးကျော်ပြီးကတည်းက ရုရှားနဲ့ ဘယ်လာရုစ် အားကစားသမားတွေကို နိုင်ငံတကာ ပြိုင်ပွဲ တွေမှာ ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခဲ့ပေမယ့် IOC ကတော့ ပိတ်ပင်ခဲ့ခြင်းမရှိပါဘူး။ 

ပြီးခဲ့တဲ့ မတ်လတုန်းက ရုရှားနဲ့ ဘယ်လာရုစ် အားကစားသမား တစ်ဦးချင်းကို ကြားနေအဖြစ် ယှဉ်ပြိုင်ဖို့ အကြံပြု ခဲ့ပေမယ့် ပဲရစ်အိုလံပစ်ပြိုင်ပွဲနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက် မချရသေးတာ ဖြစ်ပါတယ်။

IOC အကြီးအကဲ သောမတ်စ်ဘတ်ချ်က လာမယ့်နှစ် မတ်လမှာ ကျင်းပမယ့် IOC အမှုဆောင်ဘုတ်အဖွဲ့ အစည်းအဝေးမှာ ရုရှားနဲ့ ဘယ်လာရုစ် ပါဝင်ယှဉ်ပြိုင်ခွင့်နဲ့ ပတ်သက်ပြီး နောက်ဆုံး ဆုံးဖြတ်ချက်ကို ချမယ်လို့ ပြီးခဲ့တဲ့ ရက်သတ္တပတ်က ပြောထားခဲ့ပါတယ်။

ပြီးခဲ့တဲ့ အိုလံပစ်ထိပ်သီး အစည်းအဝေး အပြီးမှာတော့ အိုလံပစ်အဖွဲ့ချုပ်တွေရဲ့ တောင်းဆိုမှုကို IOC ထုတ်ပြန် ခဲ့တဲ့ ကြေညာချက်မှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

အိုလံပစ်ကော်မတီ အမှတ်တံဆိပ်ကို တွေ့ရစဉ်

ရုရှားနဲ့ ဘယ်လာရုစ် အားကစားသမားတွေကို ယှဉ်ပြိုင်ခွင့် ပြုမယ်ဆိုရင် ကြားနေအဖြစ်သာ ယှဉ်ပြိုင်ခွင့်ပေးမှာ ဖြစ်ပြီး နိုင်ငံရဲ့ အလံတွေ၊ နိုင်ငံတော်သီချင်းနဲ့ နိုင်ငံရဲ့ သင်္ကေတတွေကို အသုံးပြုခွင့်ပေးမှာ မဟုတ်ဘူးလို့ နိုင်ငံတကာ အိုလံပစ်ကော်မတီက ထိပ်သီးအစည်းအဝေးမှာ ပြောခဲ့ပါတယ်။

ဒီလိုလုပ်ဆောင်မှုဟာ ကစားသမား တစ်ဦးချင်းအတွက်သာ မဟုတ်ဘဲ အသင်းနဲ့လည်း သက်ဆိုင်မယ်လို့ သိရပါတယ်။ IOC ဟာ ရုရှားနဲ့ ဘယ်လာရုစ်ကို ယှဉ်ပြိုင်ခွင့်ပြုဖို့အတွက် လမ်းကြောင်းရှာဖွေနေတယ်လို့ ပြောထားတာကြောင့် ဝေဖန်မှုတွေ ခံထားရတာပါ။

ဗြိတိန်ကတော့ ရုရှားနဲ့ ဘယ်လာရုစ် အားကစားသမားတွေကို ယှဉ်ပြိုင်ခွင့်ဆက်ပြီး ပိတ်ပင်ဖို့ ယူကရိန်းနဲ့အတူ ရပ်တည်နေတဲ့ နိုင်ငံပေါင်း ၃၀ ကျော်မှာ ပါဝင်နေတာဖြစ်ပါတယ်။ 

ပဲရစ်အိုလံပစ်ပြိုင်ပွဲကို ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၆ ရက်ကနေ သြဂုတ် ၁၁ ရက်အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။

Source: BBC